မိုးမခကဗျာ - မောင်သစ်ကြည် "တကယ်လို့များ" ၊ နေလင်း "နွေဦးမှတ်စု"
"တကယ်လို့များ"
မောင်သစ်ကြည်
ချိန်းဆိုချက်ကရက်သတ္တနှစ်ပတ်ပဲစောင့်ရမယ်ဆိုလို့
ပြက္ခဒိန်ဟာနာရီစင်ကြီးကိုရေတွက်နေတယ်
တောဘူတာရုံကလေးကအမြန်ရထားအလာကို
စောင့်မျှော်နေရသလို
နှင်းဖုံးလယ်ကွင်းတွေကတိတ်ဆိတ်မှုကို
စောင့်မျှော်နေရသလို
နေရောင်အောက်မှာမနက်ခင်းဟာ
မေးကလေးထောက်လို့
ရိုဒင်ရဲ့သင်းကားပန်းပုရုပ်ကြီးလိုကိုယ်လုံးတီးနဲ့
လမ်းမီးဓာတ်တိုင်တွေဟာမလှုပ်မယှက်မတ်တတ်ရပ်လို့
နှစ်ခါပြန်မစီးတဲ့မြစ်ကိုငေးမောရင်း
တံတားတစ်စင်းရဲ့အရိပ်ကမြစ်ပေါ်ဖိတ်ကျလျက်သား
ကတိကဝတ်နဲ့ ပတ်သက်လာရင် ဘယ်သူနဲ့မှ
မယုံကြည်ရလို့စာချုပ်တွေပေါ်လက်မှတ်ထိုးရတာ
ကြိုးရှည်ရှည်နဲ့လှန်ထားတဲ့မျှော်လင့်ချက်ဟာ
မပုပ်သိုးသေးတဲ့နွားတစ်ကောင်ပဲ
အချစ်နဲ့တွေ့တဲ့အခါ
ဖြစ်နိုင်ရင်
လက်မထပ်ဘဲအတူနေချင်တယ်
သေမင်းနဲ့တွေ့တဲ့အခါ
ဘာသာမဲ့တစ်ယောက်လိုသေချင်တယ်..။ ။
၁ စက်တင်ဘာ ၂၀၂၁
-
"နွေဦးမှတ်စု"
နေလင်း
မြောင်းထဲမှာမွေးပြီး
သူ့တနှာစိတ်နဲ့သူ့အသက်ဟာ
သွေးဆာမှုနဲ့ဆတူကြီးပြင်းလာတဲ့....ခြင်
တစ်ဖက်ပိတ်သစ္စာရှိမှုနဲ့
တော်သလင်းစိတ်ပေါက်နေတဲ့....ခွေး
အသိုက်ဖျက်တောကြောင်
ဘုရားထီးတင်ဝံပုလွေ
ပါးကွက်သားများ၏အရှင်ဒေဝဒတ်
သင်းသတ်ရမယ့်အဆိပ်ပင်စာရင်းအတိအကျရှိရဲ့
သမိုင်းဟောင်းနိဂုံး အဆုံးမသတ်ခင်
နာစရာရှိတာတွေကိုလွမ်းနေဖို့နှလုံးသားမရှိ
သွေးစက်တိုင်းက ငါတို့ဖြစ်တယ်
တော်လှန်ရေးတိုင်းက ငါတို့ဖြစ်တယ်
အသက်ဓာတ်အားလုံးက ငါတို့ဖြစ်တယ်
ခေတ်ရောစနစ်ဟာ ငါတို့ဖြစ်တယ်
ဟုတ်တယ်
သွေးကြွေးကို အေးဆေးနေလို့မရဘူး။ ။ ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar