Breaking News

မိုးမခအမှတ်တရပုံရိပ်လွှာများ - ဝင်းမင်းခိုင် 'မောင်သင်းခိုင်နဲ့ငါးရိုးနင်တဲ့ငွေလမင်း'

Art - Hlaing Htek
မိုးမခအမှတ်တရပုံရိပ်လွှာများ
စက်တင်ဘာ ၁၊ ၂၀၂၁

'မောင်သင်းခိုင်နဲ့ငါးရိုးနင်တဲ့ငွေလမင်း' 
ဝင်းမင်းခိုင်

မင်းတို့မိသားစုချောင်းသာသွားမှာဆိုတော့ ပုသိမ်က ကိုအောင်ပွင့်ဆီ ဝင်ခဲ့အုံး၊ မနန်းကိုလည်းငါကသတိရတယ်လို့ပြောလိုက်အုံးကွ။
သူ့ကိုတွေ့တွေ့ချင်း သတိထားမိတာက အေးချမ်းတဲ့အပြုံးနဲ့ရိုးသားတဲ့ရုပ်လက္ခဏာပါ၊ စကားနည်းပြီးပျော့ ပျောင်းညင်သာတဲ့သူ့ကိုကြည့်ပြီး ဖိနှိပ်မှုမုန်တိုင်းကိုဆန်ပြီးပျံသန်းနေတဲ့ငှက်တကောင်ဖြစ်တယ်ဆိုတာ ယုံနိုင်စရာမရှိပါဘူး။

ကဗျာဆရာ‌‌တွေရဲ့ပုဇွန်‌တောင်ညနေဝိုင်းတွေမှာ အကိုကြီးမောင်သင်းခိုင်၊ မောင်ညီညွတ်၊ ကိုအောင်ဇင်မင်း၊ ကိုညွန့်သစ်တို့နဲ့အတူ သူ့ကိုတွေ့ရတတ်ပါတယ်။
သူများပြောတာကိုအပြုံးနဲ့နာထောင်နေတတ်ပြီး တခါတလေမှ တခွန်းစ နှစ်ခွန်းစ လေသံအေးအေးနဲ့ ဝင်ပြောတတ်ပါတယ်။

ဖိုးလမင်းကြီး ထမင်းဆီဆမ်းငွေလင်ဗန်းနဲ့ပေးပါဗျို့ဆိုတာကစပြီး ချစ်သူမျက်နှာငွေလမင်းတို့၊ မျက်နှာချင်းလမင်းမှာဆုံမယ်တို့၊ ချိုပြုံးရဲ့တက္ကသိုလ်ကငွေလမင်းသီချင်းတို့စတာတွေဟာ လမင်းကိုဗဟိုပြုပြီး အမွှန်းတင်ဖွဲ့ဆိုခဲ့ကြတယ်။

" မောင်အောင်ပွင့်ရဲ့ကဗျာက တမူထူးတယ်ကွ ဝင်းမင်းခိုင်ရေ၊ မင်းသိတဲ့အတိုင်းပဲ ဒို့ရဲဘော်တွေက မကြာခဏလောကကြီးနဲ့အဆက်ဖြတ်ခံရတယ်လေ၊ အပြင်ပြန်ရောက်လို့ သဘာဝကြီးရဲ့အလှအပ လပြည့်ညကိုမော့ကြည့်လိုက်တော့ ငါးရိုးစူးနေတဲ့ငွေလမင်းမောင်အောင်ပွင့်ရေးသလို ငါးရိုးနင်နေတဲ့ငွေလမင်းကိုတွေ့မိ၊ အော် ဒို့ပြည်သူတွေရဲ့ဘဝဟာ လသာတာကိုတောင်ပြည့်ပြည့်ဝဝကောင်းကောင်းမွန်မွန်မခံစားရပါလားလို့ တွေးမိရေးမိသွားတယ်ထင်ပါရဲ့ကွာ၊ သူရေးတဲ့အချိန်တုန်းက တီဗွီကြည့်ဖို့၊ အင်တာနာတိုင်ထောင်နိုင်တယ်ဆိုတာ အုပ်ချုပ်သူနဲ့ လူချမ်းသာတစုလောက်ပဲရှိကြတာမဟုတ်လား။
နောက်ပြီး ဒီကဗျာဟာ ဒို့တိုင်းပြည်ရဲ့အခြေနေကို နိမိတ်ပုံနဲ့ပြတာလည်းဖြစ်တယ်ကွ။

သူ့ရှေ့မှာ "သွေးစွန်းတဲ့ငွေလမင်း" ဆိုတာရှိခဲ့ဖူးတယ်။
တော်လှန်ရေးတပ်သားတွေက ဖက်ဆစ်စခန်းတခုကိုညအချိန်သွားစီးတော့ ရန်သူ့စခန်းကိုဝိုင်းနေတုန်း မည်းမှောင်နေတဲ့တိမ်ကြားကလမင်းကြီးထွက်လာပြီး ရန်သူကမြင်သွား၊ အပြန်အလှန်ပစ်ခတ်၊ တိုက်ပွဲဖြစ်၊ သွေး မြေကျခဲ့ရပုံကိုဖွဲ့တာကွ ..အစဉ်လာကနေခွဲထွက်တဲ့ကဗျာတပုဒ်ပေါ့ကွာ။

၉၀ ခုနှစ်ဝန်းကျင်လောက်ကထင်ပါတယ် ပြည်ဖက်ကအပြန် ကျနော့်ဆီ အကိုမောင်အောင်ပွင့် ဝင်လာခဲ့သေးတယ်။
ခဏတဖြုတ်ပါပဲ၊ လက်ဖက်ရည်ဆိုင်မှာစကားပြောပြီးသူပြန်သွားတယ်။

ရန်ကုန်အဝေးပြေးဂိတ်မှာ အဖမ်းခံရတဲ့သတင်းနောက် သူပြန်လွတ်ပြီး ပုသိမ်မှာမိသားစုနဲ့နေတဲ့သတင်းတွေသာကြားရပြီး လူချင်းမတွေ့ဖြစ်ပါဘူး။
ချောင်းသာသွားရင်း ပုသိမ်ကိုဝင် သူ့အိမ်ကိုကျနော်တို့မိသားစုရောက်အောင်သွားလိုက်ပါတယ်။
မေတ္တာဓာတ်စီးဝင်နေတဲ့သူ့အပြုံး သူ့မျက်လုံးတွေနဲ့ပြန်ထိတွေ့ရ အလွမ်းဖြေခဲ့ရတယ်လို့ပြောရမှာပါပဲ။
သူ့ရဲ့ပါရမီဖြည့်ဖက် အမ မနန်းက ကိုသင်းခိုင်ကြီး‌ကောနေကောင်းရဲ့လားလို့မေးရှာပါတယ်။

ရန်ကုန်မှာဆေးရုံတက်တော့ အာကာဦးနဲ့ကျနော်သွားတွေ့ပါတယ် ၂၀၁၇ မိုးရာသီမှာထင်ပါတယ်။
ဒုတိယအကြိမ်နေမကောင်းပြန်ဖြစ်တော့ သင်းမြချိုက ဖုန်းဆက်ပေမယ့် ကျနော်မအားတာနဲ့ မသွားဖြစ်ပါဘူး။

ရန်သူရဲ့အငြှိုးတကြီးနှိပ်စက်ခဲ့တဲ့ဒဏ်ကို အကိုမောင်အောင်ပွင့်၊ အကိုကြီးမောင်သင်းခိုင်အပါဝင်တော်လှန်ရေး သမားအားလုံး မချိမဆန့်ခံခဲ့ကြရတာပါ။
၇၈ ခုနှစ်မောင်သင်းခိုင်တို့အဖမ်းခံရတဲ့အခေါက်ဆိုရင်၊ ၁၀ ရာခိုင်နှုန်းလောက်သေရင်သေသွားပစေ၊ ရိုက်နှက်စစ်ဆေးဖို့အမိန့်ပေးတယ်လို့သိရပါတယ်။
အသက်ကြီးလာ၊ နေထိုင်မကောင်းဖြစ်လာတော့ ထောင်ထဲမှာအနှိပ်စက်ခံရတဲ့ဒဏ်တွေကိုပါ ရောခံကြရတာပါပဲ။

ကဗျာဆရာ မောင်အောင်ပွင့်ဆုံးပြီ ...တဲ့။
ဗမာပြည်ရဲ့နှလုံးသားမှာစူးဝင်နေတဲ့ အာဏာရှင်အရိုးကို GZ လူငယ်တွေ၊CDM ဝန်ထမ်း‌တွေအပါဝင် ဗမာပြည်သူတရပ်လုံး နိုင်ငံတကာပြည်သူတွေနဲ့လက်တွဲပြီး အမြစ်ပြတ်ခြေမှုန်းနေတယ်ဆိုတာများ သူသိခဲ့ရင် ဘယ်လောက်အထိဝမ်းသာနေမလဲ မပြောတတ်ဘူးနော်။

ချစ်တဲ့
ဝင်းမင်းခိုင်
၁.၈.၂၁


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar