Breaking News

မိုးမခကဗျာများ - နေရိုင်း၊ ကိုစိန်သစ် ၊ ငဇ

Art - Than Htay Maung

မိုးမခကဗျာများ
စက်တင်ဘာ ၉၊ ၂၀၂၁

'' ငါတို့ပုန်းကွယ်ရာကထွက်လာခဲ့ကြတယ် ''
နေရိုင်း

ပျော်ရွင်မှုကို မီးပုံရှို့ကြရအောင်
ကမ္ဘာကြီးက ငါတို့ကို ငိုကြွေးစေတယ်
နောက်ဆုံးကိုယ်စားတဲ့ထမင်းက ကိုယ့်တရားပဲလို့မှတ်ယူရတယ်။
မင်းကအတန်းထဲမှာ ဝံပလွေပုံဆွဲပြီးနှပ်ချင်နေတဲ့ကောင်ပဲ
မှတ်မိလားဆေးလိပ်ငွေ့တွေကို ပြောင်းတံကတဆင့် ရှုရှိုက်ခဲ့ကြတာ
အခုခေတ်လို အောက်ဆီဂျင်တွေမရှားဘူး
လတ်ဆတ်တဲ့လေကိုရှု ကိုယ့်လုံးပေါ်မှန်ထဲက အလှကိုကြည့်
တဖျတ်ဖျတ်ခါနေတဲ့ ငါးက ဖွံ့ဖြိုးလာတဲ့ ကမ္ဘာကြီးပဲလား။
လက်ကိုင်ဖုန်းထဲကမစ်ကောလ်တွေကခေတ်ရဲ့အမာရွတ်တွေလား
ကြိုးတွေပြတ်တိုင်း ကောင်ကင်ကိုမော့ကြည့်ရတယ်
မိုးရွာတိုင်း ဒိုးယိုပေါက်က ဒုက္ခဆိုတဲ့အရောင်တွေထွက်ကျလာတယ်
သဘာဝတရားက သမ္မာကျမ်းစာပဲတဲ့ ဘုရားသခင်ကပြောတယ်
ငါတို့ခံနိုင်ရည်ရှိရမယ်။
အပျက်မတွေက နတ်ဘုရားအတုတွေကိုးကွယ်ကြတယ်
ပိုးဟပ်တွေက သမ္မာကျမ်းစာဖတ်တာတောင်ထွက်မပြေးကြဘူး
စောင်အသည်းကွဲကဗျာဆရာကလဲအချစ်အကြောင်းတွေပဲပြောနေ
ငါ့မှာတော့ တာလီဘန်တွေအကြောင်းပဲတွေးနေရတယ်။
ငါတို့ ပန်းကလေးတွေကိုမျှော်နေတယ် 
ငါတို့တတွေ ပန်းလေးတွေကိုမျှော်နေကြတယ်
လီယိုတော်လ်စတွိုင်းကတော့ ကြိုက်မှာမဟုတ်ဘူး
မီးစွဲနေတဲ့တောင်ပေါ်က မီးလောင်ဗုံးတွေဟာ ငါ့တို့မျက်လုံးတွေ
ရယ်သံတွေနဲ့ပုန်းကွယ်ရာက ထွက်လာတယ်။

Sep 4 2021

...

'' မိုးသောက်ကြယ် ''
ကိုစိန်သစ် 

မျက်လုံးကို
ဖွင့်ကြည့်လိုက်တော့ မှောင်ပိတ်လို့၊
တိတ်ဆိတ်မှု 
သံတုံးကြီး ပိကျနေပုံများ၊
အားယူပြီး
ပြုံးထားတဲ့ လက်သုံးချောင်းငယ်များ
ရောင်နီမလာခင် ပွင့်ကြိုနေ။     ။

8921

...


" ကောင်းကင်ကိတ် ''
ငဇ

မြေကြီးထဲက တိုးထွက်လာတာ ဆိုရင်
နည်းနည်းမှန်တယ်
ကောင်းကင်ကို ထိုးဖောက်ဖို့
မြေကြီးထဲမှာ ရုန်းကန်ပြီး
မြေကြီးထဲက
တိုးထွက်လာတာလို့ ဆိုရင် ...
ဒါဆို
အပြည့်အဝ မှန်သွားပြီ
ရာနှုန်းပြည့် မှန်သွားပြီ
ဘယ်အထိလဲ ဆိုတော့ ...
တော်လှန်ရေးလည်း ပြီးပြီ
လိုချင်တဲ့ 
ကင်းဘတ်လည်း ရပြီ
ငှက်ပုံလည်း ဆွဲပြီးပြီ
ကောင်းကင်လည်း အရောင်ခြယ်ပြီးပြီ
ဒါဆိုပြီးပြီ
ငှက်ကလေးနဲ့အတူပေါ့
ဘယ်အထိလည်းဆိုတော့
ဟိုး ကောင်းကင် ပြီး 
နောက်ထပ် ကောင်းကင်တွေ 
ကောင်းကင်တွေ ...
တကိုက်ပြီးတကိုက်ပေါ့ ။          ။

၈၊ စက်၊ ၂၀၂၁
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar