မိုးမခရုပ်ရှင်ခံစားမှုဆောင်းပါး - ကျော်မင်းမောင် " စန္ဒရားတီးသူနဲ့ လုလင်ငယ်သွေး "
စက်တင်ဘာ ၂၀၊ ၂၀၂၁
" စန္ဒရားတီးသူနဲ့ လုလင်ငယ်သွေး "
ကျော်မင်းမောင်
ဒီနေ့ရက်တွေထဲမှာ စိတ်နှလုံးမသာလွန်းသမို့ ရုပ်ရှင်လည်း မကြည့်ဖြစ်၊ သီချင်းလည်း နားမထောင်ဖြစ်၊ စာတောင်ကောင်းကောင်း မဖတ်ဖြစ်ခဲ့တာ နှစ်ဝက်ကျော်လာခဲ့ပြီ။ တကယ်တော့ မကြည့်ဖြစ်၊ မထောင်ဖြစ်ဆိုတာထက် မကြည့်ရက်၊ မထောင်ရက်လို့ဆို ပိုမှန်ပါလိမ့်မယ်။
ဒါပေမယ့် တလောကတော့ ချဉ်ခြင်းတပ်လွန်း ယဉ်းထလွန်းတာနဲ့ ရုပ်ရှင်တစ်ကား ထကြည့်ဖြစ်ခဲ့ပါရဲ့။ ဒီနှစ် အော်စကာအကယ်ဒမီ (နိုင်ငံခြားကား)ဆု ဇကာတင် အရွေးခံခဲ့ရတဲ့ကား၊ kickass မှာတွေ့လို့ down ထားပြီးသားပေမယ့်၊ ဇာတ်ကျောရိုး wiki မှာ ဖတ်ပြီးကတည်းက ကြည့်ချင်နေခဲ့ပေမယ့် မကြည့်ဖြစ်ရသေးတဲ့ကား။
Quo Vadis, Aida? တဲ့။
ဗမာလိုဆို "မင်းဘယ်သွားမလဲ အိုက်ဒါ ?" တဲ့။
မြန်မာရုပ်ရှင်ကြည့် ပရိတ်သတ်နဲ့ နည်းနည်းစိမ်းမယ့် "ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနား" နိုင်ငံက ထွက်လာတဲ့ကား။ (နိုင်ငံသာလူသိနည်းမယ်၊ ရုပ်ရှင်အနုပညာကျ ကမ္ဘာသိအောင် အားကောင်းလေတော့ No Man's Land ဆိုတဲ့ကားနဲ့ ၂၀၀၂ ခုနှစ်တုန်း အော်စကာအကယ်ဒမီ (နိုင်ငံခြားကား) ဆုကို သိမ်းသွားဖူးခဲ့တဲ့နိုင်ငံ၊ စစ်ပွဲတွေ၊ လူမျိုးတုန်းလူသတ်ပွဲကြီးတွေကြောင့် ကမ္ဘာကျော်ထားတဲ့ နိုင်ငံ)
စစ်အေးတိုက်ပွဲကြီးအဆုံး ဆိုဗီယက်အင်ပါယာကြီး ပြိုလဲသွားလိုက်ပုံများ ပြောပါတယ်၊ ကျောက်ဆောင်နဲ့ ကိုင်ပေါက်ခံလိုက်ရတဲ့ ဖရဲသီးတစ်လုံးလိုကို အစိတ်စိတ်အမွှာမွှာ ကွဲကျေသွားလိုက်ရရှာတာ။ အင်ပါယာအလယ်ချက်မ ဆိုဗီယက်ရုရှားကြီး ပြိုကွဲသွားရရုံမက၊ သူ့အရံကြယ် အရှေ့ဥရောပနိုင်ငံကြီး-ငယ်တွေပါ အားကျမခံ ထပ်စိတ် ထပ်ပိုင်းလိုက်ပုံများ မွစာကို ထိုးကုန်ပါလေရောလား။ ဒီမှာ စတော့တာပါပဲ၊ စစ်ပွဲတွေ..စစ်ပွဲတွေ..
လူမျိုးရေး၊ ဘာသာရေးစစ်ပွဲတွေ။ သူ့နယ် ငါ့နယ် နယ်မြေလုစစ်ပွဲတွေ။ ခဝါချ မရနိုင်သေးတဲ့ ဝါဒစွဲ စစ်ပွဲတွေ..
တစ်ချိန်က မိတ်ဆွေ၊ ကျောင်းနေဖက်သူငယ်ချင်း၊ ရဲဘော်ချင်းချင်း၊ တစ်ချိန်က အိမ်နီးနားချင်းချင်း၊ တစ်ချိန်က ချစ်သူတွေအချင်းချင်း သတ်တဲ့.. သတ်လိုက်ကြတဲ့ စစ်ပွဲတွေ..စစ်ပွဲတွေ..။
အခု ကျွန်တော်ကြည့်ခဲ့ရတဲ့ ဒီကားဟာ ဒီကာလကို ဖွဲ့ဆိုပါတယ်။ ဗမာလို "ငွေတောင်မြို့"ခေါ်ရင်ရမယ့် Srebrenicaမြို့လေးမှာ တကယ်ကြီးကို ဖြစ်ခဲ့တဲ့ "လူမျိုးတုန်းသတ်ဖြတ်ပွဲကြီး" ကို ဖွဲ့ဆိုပါတယ်။
ဒီဖြစ်ရပ်မှန်ကြီးကို အတိုင်ချည်ထားလို့ စိတ်ကူးဇာတ်ကောင် အိုက်ဒါနဲ့ အဖောက်ချည်လုပ် ရက်ယှယ်လိုက်တဲ့အခါ (နောက်တစ်ကြိမ် ထပ်ကြည့်ရက်စရာ မရှိတဲ့) နာကျင်ဆို့နင့်ဖွယ် အနုပညာလက်ရာတစ်ခုကို ကျွန်တော်တို့ ခံစားခွင့် ရခဲ့ပါတော့တယ်။
ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်အတွက် အင်္ဂလိပ်စကားပြန်လုပ်ပေးနေတဲ့ ကျောင်းဆရာမဟောင်း အိုက်ဒါ၊ သူရဲ့ သားလူပျိုနှစ်ယောက်နဲ့ ကျောင်းဆရာဟောင်းခင်ပွန်းသည်။ ဒီမိသားစုဝင်တွေကို ကာကွယ်ပေးလိုဇောနဲ့.. မိခင်မေတ္တာတွေအပြည့်နဲ့ သွေးရူးသွေးတန်း ရုန်းကန်ကြိုးစားနေရတဲ့ အိုက်ဒါ။
(မြန်မာနိုင်ငံရဲ့မြေအကျယ် တစ်ဝက်လောက်တောင် မရှိတဲ့) တချိန်က ယူဂိုဆလားဗီးယားဆိုတဲ့ နိုင်ငံငယ်တခုဟာ ဆာ့ဗ်၊ ဘော့စနီးယား၊ ကရိုအက်၊ ဆလိုဗက်စသဖြင့် လူမျိုးရေးပေါ်အခြေခံလို့ ခြောက်စိတ်စိတ်ကာ ခြောက် နိုင်ငံတောင် ကွဲထွက်သွားပါတယ်။ Orthodox ရှေးရိုးခရစ်ယာန်နဲ့ အလယ်လတ် မွတ်ဆလင်တွေ တစ်လျှောက်လုံး အတူယှဉ်တွဲနေလာရာက ထသတ်ကုန်ကြပါတယ်။ လူမျိုးတန်းတူအခွင့်အရေးကနေ လူမျိုးရေးအစွန်းရောက်ဆီ၊ ဘာသာရေးအစွန်းရောက်တွေဆီကို ကူးပြောင်းအစွယ်ပေါက်ကုန်ကြပါတော့တယ်။
ဘော့စနီးယားနိုင်ငံအရှေ့ဖျားက Srebrenica မြို့လေးဟာ တဖက်ခွဲထွက်ဖော်နိုင်ငံ ဆားဗီးယားနယ်စပ်နားမှာ။ တောတောင်လျှိုမြောင်တွေကြား ငွေသတ္တု တွင်းတွေ၊ ကမ္ဘာကျော်ပို့ကုန် သဘာဝစိမ့်စမ်းသောက်ရေတွင်းတွေ ရှိရာမြို့ငယ်လေး။ လူဦးရေ နည်းနည်းနဲ့ မြို့လေး။ လူနည်းစု မွတ်ဆလင်တွေနဲ့ လူများစု ခရစ်ယာန်တို့ ဒွေးရောယှက်တင်နေလာခဲ့တဲ့ မြို့လေး။
၁၉၉၅ ခုနှစ်၊ ဇူလိုင်လ၊ ၁၁ ရက်
ဆာ့ဘ်စစ်ဗိုလ်ချုပ် Ratko Mladic ရဲ့ ကျူးကျော်တိုက်ခိုက်ရေးတပ်တွေဟာ ဒီငွေတောင်မြို့လေးဆီ လက် နက်ကြီးတွေဆက်တိုက်ပစ်ရင်း တင့်ကားတွေနဲ့ တရကြမ်း ဝင်လာကြပါပြီ။ မြို့သူမြို့သားတွေရဲ့ တန်ပြန် ခုခံတိုက်ခိုက်မှုဆိုတာ နေ့ခင်းကြောင်တောင် မီးခွက်ထွန်းရှာရမတတ် ရှားသမို့ နာရီပိုင်းအတွင်းမှာပဲ သာသာယာယာသိမ်းလိုက်နိုင်ပါပြီ။
မြို့သူမြို့သားတွေဟာ အလောင်းကောင်ကို ငုတ်တုပ်ထောင်ထားသလို မျက်နှာတွေနဲ့ ဒီဖြစ်ရပ်ကို တော်တော်နဲ့လက်မခံ မယုံကြည်နိုင်ပဲ မင်သက်မိနေကြ။ အနားကအဆောက်အဦတွေကို အမြောက်ဆံကျ ပေါက်ဟယ်ကွဲဟယ်ဖြစ်တော့မှပဲ တကယ်ကြီးဟဆို ထပြေးဖို့ သတိဝင်လာကြပါတယ်။ ဒီလိုပြေးဟေ့ဆိုမှပဲ အဝတ်အိတ်တွေထဲ အဝတ်အစားကြုံသလို ဆွဲထည့်ရ။ တွက်ချက်ပြင်ဆင်ထားမှု ဘာဆိုဘာမျှ မရှိပုံများ ပြောပါတယ်။ စစ်ရှောင်အရေးပေါ်အိတ်ဆို ဝေးရော..
ကဲ ဘယ်ပြေးကြမလဲ..ဒါတော့ ရှိတာပေါ့။ ယုံကြည်စရာ၊ အားကိုးစရာ၊ ဘေးအပေါင်း ရန်အပေါင်းကင်းရာ၊ နဘယံ ဘေးမရှိရာဆီ..။
တကယ်တော့ ဒီမြို့သူမြို့သားတွေရဲ့ အသင့်မဖြစ်မှုကို အပြစ်တင်လို့လည်း မရ။ ၁၉၉၂ ခုနှစ်လောက်ကတည်းက ဒီနယ်မြေလု ဆာ့ဘ်တွေက ဘော်စနီးယားတွေအပေါ် (အထူးသဖြင့် မွတ်ဆလင်တွေအပေါ်) ခြေမှုန်းတိုက်ခိုက်နေမှုဟာ ဖွဲမီးလို တငွေ့ငွေ့လောင်နေခဲ့တာ ကြာကြာလှပေါ့။ သေရတဲ့လူတွေလည်း များများလှပေါ့။
ဒီမှာတင် ကယ်တင်ရှင်ကြီးပေါ်လာ။ ကမ္ဘာဦးလူတို့နေလကို မျှော်တရသလိုတနေရတဲ့ ကယ်တင်ရှင်။ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ဖောက်သည်ကြီးလေ၊ UN ပါတဲ့။ "ကမ္ဘာ့ကုလသမဂ္ဂကြီး" ပါတဲ့။ လက်နက်တို့ဘုန်း မိုးသို့ချုန်းတော်မူပါတဲ့ အနောက်စစ်အုပ်စု NATO ပါတဲ့။
သူတို့ ရောက်လာ၊ နင်တန် နင်တန် ပန်းကန်ကွဲ။ စစ်မဲ့ဇုန် ကြေငြာ၊ အပစ်အခတ်မဲ့ဇုန် ကြေငြာ။ ငွေတောင်နယ်တစ်ခို ကျည်ဆိုမပေါက်ရ ဘာညာ ဘာညာ။ ဆယ်ရေးတစ်ရေး ကိုးရေးတစ်ရာ၊ ငွေတောင်နဲ့ မလှမ်းမကမ်းမှာ "ဒုက္ခသည်ခိုလှုံရေးစခန်းကြီး" ဆောက်ပေးထားလိုက်၊ NATOအဖွဲ့ဝင် ဒတ်ချ်စစ်တပ်ဖွဲ့တဖွဲ့ကို ကုလငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ် စစ်ခမောက်အဖြူလေးတွေ ဆောင်းခိုင်းပြီး တပ်စွဲခိုင်းထားလိုက်။ ဘာလိုသေးလဲပေါ့နော။
ဒီတော့ ငွေတောင်သူ ငွေတောင်သားတွေ အေးဆေးပေါ့။
ပြေးဟေ့ဆို ဒီ ကယ်တင်ခြင်းမြေ၊ ဘေးကင်းရာမြေဆီမှတပါး အခြား မရှိပေါ့။ ကျန်တဲ့ဖြစ်လာသမျှအကြောင်း ကုလခေါင်း၊ အရာရာ ကုလက တိုက်ပေး၊ ရှင်းပေး.. NATO ရဲ့ တိုက်လေယဉ်တွေက လာလိမ့်မပေါ့။
လက်တွေ့ဘဝတွေဟာ ခါးလွန်းတတ်ပါတယ်။
မြို့တွင်းကို ရန်သူတွေ ဝင်လာနေချိန် ကုလဒုက္ခသည်စခန်း ရုံးခန်းထဲမှာ စခန်းတာဝန်ခံ ဒတ်ချ်ဗိုလ်မှူး Thom Karremans နဲ့ ငွေတောင်မြို့တော်ဝန်တို့ဟာ စကားပြန် အိုက်ဒါကတဆင့် အရေးပေါ်ဆွေးနွေးလို့ ကောင်းတုန်းပါ။ ခင်ဗျားတို့ပြောတုန်းက ဒီလို ဖြစ်မလာပါဘူးဆို။ အားကိုးတကြီး တောင်းဆိုပါတယ်၊ ကာကွယ်ပေးပါ၊ ရပ်တန့်ပေးပါ၊ တိုက်ပေးပါ။ သူ့မှာ တိုက်မိန့် ပစ်မိန့် မရှိ၊ အစီရင်ခံ တင်ပြပေးပါ့မယ်။ လေကြောင်းကနေ တိုက်ခိုက်မှု လုပ်ပေးပါ။ လာမှာပါ.. လာမှာပါ။ ချက်ချင်းလာခိုင်းပါ။ NATO ကို အဲဒီလို အမိန့်ပေးခွင့် မရှိ၊ အဲဒီလို တောင်းဆိုပိုင်ခွင့်မရှိ။ အစီရင်ခံ တင်ပြပေးပါ့မယ်။ ဆွေးနွေးပွဲအဆုံး မြို့တော်ဝန်ဟာ တပ်တာဝန်ခံ ဗိုလ်မှူးကို လက်ဆွဲနှုတ်မဆက်ချင်လောက်တဲ့ထိအောင်ကို ဆွေးနွေးပွဲကြီးက အောင်မြင်သွားခဲ့ပါတယ်။ ကုလရာဇသံ ဖီဆန်သူ၊ သဘောတူညီချက် ချိုးဖောက်သူ၊ ဥပဒေကို မလိုက်နာသူ အရေးယူပေးပါ။ ကုလရဲ့ဗြူရိုကရေစီယန္တယားအောက်မှာ လက်တွေ့ဘဝတွေ၊ လက်ရှိအခြေအနေတွေအတွက် အရေးပေါ်ဆုံးဖြတ်ချက်ဆိုတာမရှိ။ လုပ်ထုံးလုပ်နည်းအတိုင်းသာ အစီရင်ခံ တင်ပြပါ။
"ကတိ" ဆိုတာ "လေ"..."စာချုပ်" ဆိုတာ "စက္ကူ"...
ပကတိ အခြေအနေမှာ ငွေတောင်က ကုလတပ်မှာ အစီရင်ခံ တင်ပြရုံမှတပါး ဆုံးဖြတ်ပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့် မရှိ။ ယုတ်စွအဆုံး အပန်းဖြေခရီးထွက် ချိန်မို့ အထက်လူကြီးတွေဆီ ဖုန်းဆက်တင်ပြခွင့်ပင် မရှိ။ မရှိ ၊ မရှိ။ ဒုက္ခသည်စခန်းဆီ အားကိုးတကြီး ပြေးလာတဲ့ ထောင်နဲ့ချီတဲ့ လူအုပ်ကြီးအတွက် ဒီမှာ နေရာထိုင်ခင်း အလုံအလောက် မရှိ၊ မရှိ။ နေရာမလောက်တော့ရင် ဝင်းတံခါးကို ပိတ်လိုက်တော့။ ဝင်းတံခါးအပြင်က ဝင်ခွင့်မရတဲ့လူတွေအတွက် ဘာမျှ တာဝန် မရှိ။ အထဲ ဇွတ်ဝင်ခွင့် မရှိ။ ဝရုန်းသုန်းကား လုပ်ခွင့် မရှိ။ အထဲက လူတွေအတွက်တောင် နေရာထိုင်ခင်း အလုံအလောက် မရှိ၊ ရေအလုံအလောက် မရှိ၊ အိမ်သာအလုံအလောက် မရှိ။ ရိက္ခာအလုံအလောက် မရှိ။ တပ်မှာပင် လောင်စာဆီ အလုံအလောက် မရှိ။
ကျူးကျော်သူ ဆာ့ဘ်တွေ လက်နက်တကားကားနဲ့ တအုပ်တမကြီး စခန်းထိအောင်ကိုရောက်လာတာ တားခွင့်မရှိ။ ဒင်းတို့က ဗြူးဗြဲဟိန်းဟောက်ပြီး စခန်းထဲအတင်းဝင် 'သူတို့ကို ခုခံခဲ့တဲ့ကောင်တွေ ရှာမယ် ဖမ်းမယ်' ဆိုတာလည်း တားမြစ်ပိုင်ခွင့်မရှိ။ ကုလတပ်မှာ လက်နက်ကြီးလက်နက်ကောင်းဆိုတာ မရှိ။ စစ်သည်အင်အား အလုံအလောက် မရှိ။
စခန်းတွင်း/ပြင်က ဒုက္ခသည်တွေကို ဘေးကင်းလုံခြုံရာမြို့တွေဆီ ပြောင်းရွှေ့ပေးမယ်ဆိုတော့လည်း ကုလတပ်အစား သူတို့တပ်ကပဲ လုပ်မယ်၊ ယုံကြည်စိတ်ချပါဆိုတာလည်း ငြင်းခွင့် မရှိ။ ပြောင်းရွှေ့ရေးဘတ်စ်ကားတွေပေါ် မိသားစုအတူတူ မတက်ရ၊ ယောက်ျားသတ်သတ် မိန်းမသတ်သတ်၊ မအေသတ်သတ် သမီးသတ် သတ်၊ တက်စေဆိုတာကိုလည်း သံသယ ဖြစ်ခွင့်မရှိ။ ငြင်းဆန်ခွင့် မရှိ။
ကုလသမဂ္ဂဆိုတာကြီးမှာ အထက်က ကြိုးနီဆုံးဖြတ်ချက်အတိုင်း မဟုတ်ရင် ဘာမျှဆုံးဖြတ်ခွင့် မရှိ၊ ကုလတပ်ဆိုတာ ဘော်ဒါဘော်ကျွတ်စိတ် လုပ်ဖော်ကိုင်ဖက်စိတ်မရှိ၊ လူသားချင်းစာနာကူညီခွင့်မရှိ။ တရားဝင်အမိန့်မရှိရင် ဘာလုပ်ပိုင်ခွင့်မျှ မရှိ။
ဒီလိုနဲ့ဘတ်စ်ကားကြီးတွေပေါ် ကုလတပ်က ငါ့လက်ကလွတ် ဗလွတ်ဆို ထည့်အလွှတ်ခံလိုက်ရတဲ့ ဒုက္ခ သည်တွေ။ ကုလရဲ့ အစီအမံတွေအပေါ် ယုံကြည်စိတ်ချစွာ လိုက်ပါလာသူတွေရော၊ သံသယနဲ့ ဇွတ်လိုက်လာရသူတွေရော...သင် သူတို့သွားလိုရာ သွားကြပေရော့..
သတ္တုစက်ရုံခန်းမတခုထဲကို ဇက်ပိုးပေါ် လက်ယှက်တင်ရက်သား မောင်းထည့်ခံလိုက်ရတဲ့ ယောက်ျားသားတွေ၊ လူကြီးတွေရော၊ ခုခံတော်လှန်စစ်မှာဆို တိုက်ကောင်းခိုက်ကောင်းမဲ့အရွယ် လူပျိုလူရွယ်လေးတွေ၊ ခုတော့ ငြိမ်ခံပေးလက်စနဲ့ ဆက်ငြိမ်ခံပေးနေလိုက်ကြရအောင်။ တရစပ်ပေါ်ထွက်လာမယ့် စက်သေနတ်သံတွေ၊ အပြစ်သား မင်းတို့ဆီကို ပျံလာမယ့် ကျည်ဆံတွေ။ မင်းတို့ဟာ သေဒဏ်ထိုက်ခဲ့ပြီ။ ဘော်စနီးယန်းမို့လို့၊ မွတ်ဆလင်မို့လို့...သိုးလေးတွေမို့..အထူးသဖြင့် ကုလတပ်အားကိုး ပုဆိန်ရိုးမို့လို့..
အတိုချုံးပြောရရင် ဘတ်စ်ကားကြီးတွေနဲ့ ပါသွားရရှာသူ ဘော့စနီးယားမွတ်ဆလင် ယောက်ျားကြီးငယ် ထောင်ချီပစ်သတ်ခံရပါတယ်၊ ကလေးငယ်တချို့ လည်လှီးသတ်ခံရပါတယ်။ မိန်းမကြီး/ငယ်များစွာကတော့ (ထုံးစံမပျက်) ဆာ့ဘ်စစ်သားတွေရဲ့ မုဒိမ်းကျင့်တာ ခံရပါတယ်၊ အသတ်လည်း ခံရပါတယ်။ (နောက်နောင် အလောင်းတွေ အစုလိုက်အပြုံလိုက် မြှုတ်ထားတဲ့ မြေကျင်းကြီးတွေကို ပြန်တူးကြည့်ကြတော့ စုစုပေါင်း ရှစ်ထောင်တောင် ကျော်ပါသတဲ့)
"ကျုပ်က စန္ဒရားတီးသူ သက်သက်ပါ"
"အိုက်ဒါ..ဗိုလ်မှူး ဘာကို ဆိုလိုတာလဲ"
"မြို့တော်ဝန်မင်းရှင့်..သူဟာ သတင်းလက်ဆင့်ကမ်းပေးရသူ သက်သက်ပါ-တဲ့"
ဒီက ကုလတပ်တာဝန်ခံဗိုလ်မှူးဆိုတာ ခလုပ်နှိပ်သူသက်သက်။ စန္ဒရားတီးသလို တယ်လီဖုန်းခလုပ်လေးတွေ လျှောက်နှိပ်လို့ အထက်အဆင့်ဆင့်ကို တင်ပြနေရသူအဆင့်ထက် မပို။
ခုနောက်ပိုင်းမှာ ဒီအဖြစ်ဆိုးကြီးရဲ့ အဓိကတရားခံ ဆာ့ဘ်ဗိုလ်ချုပ်ကြီးကို ICJ တွေ ဘာတွေ ပို့၊ ရုံးတွေဘာတွေ တင်၊ ထောင်တွေ ဘာတွေ ချလို့ သိရပေမယ့် ကျွန်တော်ကတော့ စိတ်မဝင်စားတော့ဘူး။ သိလည်း မသိတော့ဘူး။
ကျွန်တော်သိတာ (သေချာတာကတော့) အဲဒီ လူသတ်ပွဲကြီးတုန်းက ခံမတိုက်ရဲခဲ့တဲ့ ဘော့စနီးယားတွေ၊ UN တွေ၊ NATO ဆိုတာတွေက မသေအောင် တားမပေးခဲ့နိုင်လို့ သေသွားရရှာတဲ့ အပြစ်မဲ့ပြည်သူတွေဟာ "တစ်ယောက်မျှ ပြန်ရှင်မလာကြတော့ဘူး" ဆိုတာပါပဲ။ ဒီတော့..
NUGနဲ့ ကျွန်တော်တို့ ပြည်သူတွေ ဒီနေ့ရွေးချယ် လျှောက်ခဲ့တဲ့ ဟောဒီလမ်းဟာ အမှန်ကန်ဆုံး၊ အသင့်မြတ်ဆုံးလမ်းပါ။ လုပ်သင့်တာ၊ လုပ်ရမှာအားလုံး ကျွန်တော်တို့ လုပ်ခဲ့ပြီးကြပြီ။ တစ်ရက်မပျက် ဆက်လုပ်နေကြတုန်း။
" UN ကြီးရေ လာပါတော့ ပြည်သူတမော့မော့" တို့၊ " R2P ရေ လာပါတော့ ပြည်သူတမော့မော့"တို့ ဆိုတာ ခေတ်ဟောင်းတေး ဖြစ်သွားတာ ကြာ ကြာလှပေါ့။ ဦးUN ကြီးကို ရပ်မိရပ်ဖ အရာထားမှဆိုလည်း ထားကြတာပေါ့၊ သံဃာစင်ပေါ်တင် ထိုင်ခိုင်းထားကြတာပေါ့။ တိုင်စရာ တောစရာရှိလည်း တိုင်ပေါ့တောပေါ့။ ကိုယ်လည်း စင်အောက်မှာ လုပ်စရာရှိတာတွေ သိမ်းကြုံးလုပ်ပေါ့။ သူဖာသူ လူကြီးတန်မဲ့ သံဃာစင်ပေါ်မှာ တံခါးဖွင့်တမ်း ပိတ်တမ်း ကစားနေချိန်၊ ကိုယ်လည်း ထောင်းစရာယမ်း ဆက်ထောင်း၊ စပ်စရာယမ်း ဆက်စပ်နေကြရုံပေါ့။
ကျွန်တော်တို့ "ဟန်သစ်"မဂ္ဂဇင်း ပထမအုပ်စကိုင်တော့ မဂ္ဂဇင်းအတွက် ကြော်ငြာတောင်းကြော်ငြာလေးတစ်ခု ထည့်ရတယ်။ ကြော်ငြာတောင်း စာသားလေးကို "သင့်လုပ်ငန်း ပိုအောင်မြင်လိုလျှင် ဟန်သစ်တွင်ကြော်ငြာပါ" ဆို ခပ်ကျောကျောလေး ရေးလိုက်မိတယ်။ ဆြာပီ (အော်ပီကျယ်) ကြီးက "ကြော်ငြာများများလိုချင်ရင် သင့်မဂ္ဂဇင်းကို ပိုအောင်မြင်အောင် ကြိုးစားပါ" ဆို နောက်လအတွက် ကာတွန်းတစ်ကွက်လာပို့ပြီး ခွပ်ပါတော့တယ်။ သူပြောတာလည်း အမှန်ပဲမို့ ရှက်ရှက်နဲ့ ရယ်ရင်း ခေါင်းထိုးခံပေးခဲ့ရဖူးတယ်။
ကုလတပ်မှူး ဗိုလ်မှူးဟာ စစ်ရှောင်ဒုက္ခသည်တွေကို ဘေးလွတ်ရာ ရွှေ့ဖို့ စီစဉ်ရတဲ့အခါ "ကျူးကျော်ပါတယ်၊ ဥပဒေချိုးဖောက်ပါတယ်" ဆိုတဲ့ လူသတ်ကောင်၊ မုဒိမ်းကောင် ဆာ့ဘ် ဗိုလ်ချုပ်ကြီးဆီပဲ အပြေးသွားခဲ့ရတာပါ။ ညှိရမယ့်လူက သူပဲ ဖြစ်နေတော့ကာ ဆာ့ဘ်စကားပြန်၊ အင်္ဂလိပ်စကားပြန်တွေ ခြံရံလျှက်ကို သွားရတာ။ ငွေတောင်မြို့တော်ဝန်ဟောင်းကိုဆို ထည့်စဉ်းစားတောင် မနေတော့ဘူး။ သူက လက်မဲ့လေ။ ဆာ့ဘ်ဗိုလ်ချုပ်က လက်ရှိလေ၊ အာဏာလက်ရှိ ..စစ်အင်အားလက်ရှိ..နယ်မြေလက်ရှိ။
ကျွန်တော်တို့ကကော..။ ပြည်သူလက်ရှိလေ..သန်းပေါင်းများစွာသော ပြည်သူလက်ရှိလေ။ အမှန်တရားလက်ရှိလေ။နိုင်ငံတကာက လိုလားစာနာတဲ့ ပြည်သူ သန်းပေါင်းများစွာရဲ့ ထောက်ခံမှု လက်ရှိလေ။ လက်နက်ရော၊ နယ်မြေပါ လက်ရှိ ရှိလာလေ ဦး UN ကြီး လူရာသွင်းလေ အဖက်လုပ်လာလေ ဖြစ်လာမှာပါ။ ဆြာပီပြောတဲ့ ကြော်ငြာတွေလည်း များများကြီး ဝင်ကို ဝင်လာမှာပါ။
အခု ကိုယ်တွေကတော့ ဟိုးအရင် ရေဒီယိုကနေ ခဏခဏ ကြားနေရဖူးတဲ့ သီချင်းလေး တစ်ပိုင်းတစ်စကိုပဲ ပြန်ကြားယောင်နေမိတော့တယ်။ (သီချင်းစာသားရေးသူက နဝတဒေါက်တိုင် ထီလာစစ်သား ဖြစ်နေတာတော့ ခွင့်လွှတ်)..
သီချင်းက ဘာတဲ့..
"မည်သူမဆို ကူညီသည် ဖြစ်စေ
မည်သူမဆို မကူညီသည် ဖြစ်စေ
ကိုယ်ထူကိုယ်ထ ကိုယ့်ဘဝအခြေအနေ
ကိုယ့်အားကိုယ်ကိုးမှ ကိုယ်သာ အရှင်ဖြစ်ပေ"..ဆိုလား။
ကဲ..ငါတို့မှာ ငါတို့ပဲ ရှိတယ်။
ဘယ်သူ လာလာ မလာလာ..ငါတို့ချရမှာ..။
ကျော်မင်းမောင်
၁၈၀၉၂၀၂၁
P.S # ဒီရုပ်ရှင်ကားလေးကို ခုတော့ Youtube မှာတင် အလွယ်တကူ ရှာကြည့်လို့ ရနိုင်နေကြောင်းပါခင်ဗျာ။ ဇာတ်ညွှန်းနဲ့ဒါရိုက်တာ အမျိုးသမီး jasmila žbanić အကြောင်းတော့ ပြောသင့်ပြောထိုက်လွန်းပေမယ့် ပေရှည်ကုန်မှာစိုးလို့ ပြောတော့ဘူးဗျာ။ wiki မှာ ရှာသာ ကြည့်တော်မူကြပါတော့။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar