Breaking News

မိုးမခ စာအုပ်ဖတ်ညွှန်း - လင်းသက်ခိုင် " ရွာကလေးထံသို့...အလည်တစ်ခေါက် "

မိုးမခ စာအုပ်ဖတ်ညွှန်း
စက်တင်ဘာ ၁၊ ၂၀၂၁

" ရွာ ကလေးထံသို့...အလည်တစ်ခေါက် "
လင်းသက်ခိုင်

ကေဇော်မိုးရေးတဲ့...စာအုပ်လေးက.. ရွာအက်ဆေးလို့ပဲအမည်ပေးထားတယ်။
တကယ်ဆိုသူ့စာအုပ်အမှာရေးပေးတဲ့ဆရာနေမျိုးပြောပြတဲ့ ခေါင်းစဉ်တိုလေးတွေနဲ့ဆိုပိုကောင်းမလားပေါ့။

ကေဇော်မိုးဟာသူ့နှလုံးသားထဲမှာသိမ်းထားတဲ့သူ့ရွာကလေးရဲ့အတွင်းအပြင်ထဲက သူရင်းနှီးရသူတွေရဲ့အဇ္စျတ္တသဏ္ဍာန်တွေကို ရွာဆိုတဲ့ခေါင်းစဉ်အောက်ထဲမှာထည့်ပြီးအက်ဆေးလေးရေးပြပါတယ်။

ကျနော့်ဘာသာသူ့အက်ဆေးလေးကိုခေါင်းစဉ်တိုလေးတွေ ပေးမိပါတယ်။ ကိုယ်ပြန်ပြောရင်မှတ်မိအောင်ပါ။
ဘသီလရဲ့ကုသမှုအစွမ်း၊ ဒေါ်ရွှေရဲ့အနုပညာ၊ ငါးရှဉ့်ထိုးသမားကိုဖိုးနီနဲ့လွမ်းစေတီ၊ အရှက်ကြောင့်ဝတ်ကြောင်စွန့်သူ ကိုဖိုးဇော်၊ ရုပ်ရှင်ထဲကလိုပန်းခူးထွက်၊ကိုရင်ဝတ်တုန်းကဆုံခဲ့ရတဲ့ မစားကောင်းတဲ့ဟင်္သာငှက်၊ ခုံဖိနပ်နဲ့လောကဓံ၊ သရဲနဲ့အစွဲ၊ ဗလာစာအုပ်အဖုံး၊ ဒေးဒရဲသမိုင်း၊ ဘတ္ထရီ၊ ချွေးတပ်ဓာတ်ခဲနာရီ၊ ငယ်ရနံ့၊ လူကြမ်းအနုပညာ၊ ဒေါက်တာရမ်းကု၊ ဖျတ်လပ်သောဂျစ်ကား၊ မတူညီသောနှောင်ကြိုးများ၊ ဘဲစာကျွေးတဲ့ဂျင်းမှာတော့ ကျနော်မကြားဖူးသေးတဲ့ချောင်းကြမ်းပြင်မှာစုပြီး အနည်ကျသေနေတဲ့ခရု၊ ကမာနဲ့ရေသတ္တဝါတွေ ပျားသလက်လိုအဖတ်ကြီးဖြစ်နေတာကို ရေငုတ်ယူပြီး ဘဲစာအဖြစ်ကျွေးတာလေးတော့မှတ်သားလိုက်ရပါတယ်။ ဘုန်းကြီးကျောင်းက ဟင်းပေါင်းကရိုးရိုးပါပဲ။ နောက်လက်တို့ကတဲ့ ဒေါ်တင်လှကတော့ ပြုံးရတဲ့အဖြစ်လေးပါ။
ဖတ်ရင်းနဲ့စိတ်ထဲအားရသောစာတစ်ပုဒ်ကတော့ ဆရာကွန်မြူနစ်ပါပဲ။ အဲဒီစာထဲကဆရာဦးလှမင်းက အလံနီကွန်မြူနစ်ပါတီကိုထောက်ခံသူပါ၊ ကျောင်းဆရာဘဝမှာလည်း ထုချေလွှာအများဆုံးတင်ခံရသူပါ။

မင်းတို့ကိုမဆလအစိုးရစိတ်ကြိုက်ရေးထားတဲ့သမိုင်းအမှားတွေကိုဆရာမသင်ဘူးလို့ပြောခဲ့တဲ့စကားအပြင် စာရေးသူကေဇော်မိုးနားထဲမှာကြားယောင်နေဆဲစကားသံလေးတစ်ခွန်းကတော့ ကျနော့်နားထဲလည်း ကြားယောင်နေမိပါတော့တယ်။

အုပ်စိုးသူတွေကိုဆန့်ကျင့်ရင်သူပုန်တဲ့။ အုပ်စိုးသူတွေကိုယ် တိုင်ကရောသူပုန်လို့သတ်မှတ်ထားတဲ့သူတွေအပေါ်ထားရှိအပ်တဲ့ ကတိကဝတ်တွေအတွက် မတည်ကြည်တဲ့လက်နက်ပြအနိုင်ကျင့်နေခြင်းကရော တရားပါရဲ့လား။ သူတို့ကိုယ်တိုင်လည်းမတရားသဖြင့်ကျင့်ကြံနေတဲ့သူပုန်ပဲ။ ပြောရမယ်ဆို
ရင်ဒါကမတရားမှုပါ။ မတရားမှုတိုင်းကိုဆန့်ကျင့်ဖို့၊ ခွင့်တူညီမျှမှုရှိဖို့။ ပြည်သူ့အာဏာ ပိုင်ရှင်ဖြစ်သူပြည်သူ့ထံပြန်ရောက်ဖို့ အထူးကိုလိုအပ်နေတာစွဲစွဲ မြဲမြဲ မှတ်ထားကြပါတပည့်တို့......။

ဘာပဲဖြစ်ဖြစ် ကေဇော်မိုးခေါ်သွားတဲ့ရွာကို ကျနော်အလည်ရောက်သွားတာတော့ အမှန်ပါ။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar