Breaking News

မိုးမခကဗျာ ၂ - မောင်မှိုင်းလွင် (အင်းဝ) " ၉/၇ "

မိုးမခကဗျာ -၂
စက်တင်ဘာ ၈၊ ၂၀၂၁

" ၉/၇ " 
မောင်မှိုင်းလွင် (အင်းဝ)

(၁)
ရန်သူ့လက်နက်၊ကိုယ့်လက်နက်။

(၂)
ကျည်ဆံတတောင့်၊ရန်သူတယောက်။

(၃)
လက်နက်ချရင်၊မသတ်ဘူးဟေ့။

(၄)
ရန်တက် ငါဆုတ်
ရန်နား ငါရှုပ်
ရန်ပန်း ငါတိုက်
ရန်ဆုတ် ငါလိုက်။*

(၅)
နိုင်ပုံပေါ်လျှင်တိုက်၊နိုင်ပုံမပေါ်လျှင်ရှောင်
ရှောင်သမျှသည် တိုက်ဖို့အတွက်ဖြစ်၏။*

(၆)
စစ်မက်ရေးရာမှာ
ရန်သူကို လှည့်စားနိုင်လေ ကောင်းလေ။*

(၇)
"အဆုတ်သာရှိပြီး အတက်မရှိ"ဆိုတဲ့
ထွက်ပြေးရေးဝါဒကိုဆန့်ကျင်ရမယ်။
နောက်ပြီး
"အတက်သာရှိပြီး အဆုတ်မရှိ"ဆိုတဲ့
တဇွတ်ထိုးဝါဒကိုလည်း ဆန့်ကျင်ရမယ်။*

(၈)
မြင့်မြင့်မားမားကို တက်လှမ်းရဲတယ်ဆိုရင်
လောကမှာ ခက်ခဲတဲ့အရာရယ်လို့မရှိဘူး။*

(၉)
အောင်ပွဲဟာ တိုက်ရဲသူအတွက်
အမေ
သပြေနဲ့ကြိုတော့။     ။

[* မော် စကားများ။]
စက်တင်ဘာ ၇၊၂၀၂၁


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar