မိုးမခကဗျာများ - နေထက်နိုင်၊ အောင်ကောင်းမြစ်၊ ကျော်ဟုန်း
" အရေးတော်ပုံ အောင်ရမယ် "
နေထက်နိုင်
ငါ ပြောရဲတယ်
ပြည်သူတွေ
နိုင်မယ်လို့
ဘာကြောင့်ပြောရဲလဲ
ပြည်သူတွေ
နိုင်မှာမို့လို့ပဲ ။
ငါ မပြောရဲဘူး
ပြည်သူတွေ
ရှုံးပါမယ်လို့
ဘာကြောင့် မပြောရဲလဲ
ပြည်သူတွေ
နိုင်မှာမို့လို့ပဲ။
စက်တင်ဘာ ၇ , ၂၀၂၁ ည
...
" စိတ်ရှည်ခိုင်းသူနှင့် စိတ်ရှည်ကြသူများ"
အောင်ကောင်းမြစ်
နာဇီတစ်ယောက်လို တံခါးကိုဆောင့်ကန်လိုက်ပြီ
စိတ်ရှည်ခိုင်းတုန်း
ဆူမိုနပမ်းသမားလို ဖမ်းချုပ်လိုက်ပြီ
စိတ်ရှည်ခိုင်းတုန်း
ဟူးကောင်းတောင်ကြားထဲ ထိုင်ချလိုက်ပြီ
စိတ်ရှည်ခိုင်းတုန်း
ဂိုလန်ကုန်းမြင့်ကို ဆုပ်ညှစ်ပစ်လိုက်ပြီ
စိတ်ရှည်ခိုင်းတုန်း
ဆာဗားနားမြက်ခင်းပြင်ပေါ် မှောက်အိပ်လိုက်ပြီ
စိတ်ရှည်ခိုင်းတုန်း
ကာလီဖိုးနီးယားတောင်ဝှေးနဲ့ ထောက်လိုက်ပြီ
စိတ်ရှည်ခိုင်းတုန်း
ချီးဗားရေတွင်းထဲ ဒိုက်ထိုးချလိုက်ပြီ
စိတ်ရှည်ခိုင်းတုန်း
ဂျေရုစလင်ခေါင်းလောင်းကို တရစပ်တီးလိုက်ပြီ
စိတ်ရှည်ခိုင်းတုန်း
ဆူမတြားကျွန်း မီးတောင်ပေါက်သလို မျက်ရည်နဲ့မျက်ခွက်
စိတ်ရှည်ခိုင်းတုန်း
ပင်လယ်ထဲ ကျွန်းကလေးပေါ်လာပြီ
စိတ်ရှည်ခိုင်းတုန်း
သံသရာတော့ အကုသိုလ်ပါလို့ မဖြစ်ဘူး
စိတ်ရှည်ခိုင်းတုန်း
ကဲ ဒီလောက် စိတ်ရှည်နေမှတော့
ကမ္ဘာကျော်မုဒိမ်းကောင်ရဲ့မျိုးဆက်ကို
ငါ့သွေးငါ့သားလေးဆိုပြီး
သားပိုက်ကောင်လေးလို ပိုက်ထားလိုက်ပေတော့
တစ်သက်လုံး ခုန်ဆွခုန်ဆွ စိတ်ရှည်လိုက်ပေတော့
ကဲ ဒီလောက် စိတ်ရှည်ခိုင်းတုန်းပဲဆိုရင်
ဒီတစ်ခါ ကိုယ့်အမေနဲ့ ကိုယ့်နှမကိုသာ
ကမ္ဘာပတ်ပြီး စိတ်ရှည်ခိုင်းပေတော့
ဒါကိုပဲ စိတ်ရှည်ချင်သေးသပဆိုရင်
ကိုယ်ကိုယ်တိုင်ပဲ ဂျပန်ခေတ်ကစိန်ကြည်လို
ကမ္ဘာကျော် စိတ်ရှည်လိုက်ပေတော့။
7.9.2021
Tue: 5:24 pm
...
"ဒီဒေး- ၂"
ကျော်ဟုန်း
ငြိမ်းချမ်းစွာ
ကောင်းကင်မိုးကုတ်ထက်မှာ
ဆန္ဒသက်တံ့ကြီး ဖြာထွက်ခဲ့ပြီးပြီ။
ခုခါ
ရဲရင့်စွာ
ကောင်းကင်အရှေ့ဖက်မှာ
နေဝန်းနီကြီး ပြူထွက်လာပြီ။
ဘာသာပြန်စရာမလိုဘူး
အဲ့ဒါ D-day ပဲ။
မတရားမှု အဆိပ်အတောက်တွေကို
အစာအိမ်က အော့အန်ထုတ်ခြင်းဟာ
ဒီဒေးရဲ့ တော်လှန်ရေးအစပေါ့။
၂၀၂၁၀၉၀၇
...
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar