Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၇ ရက် မြောက်နေ့ မြင်ကွင်း




မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၇ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၇ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၂၁

အရေးပေါ်အခြေအနေ သို့မဟုတ် D-Day

စက်တင်ဘာလ ၇ ရက်နေ့နံနက်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူးဝါးလရှီလက နိုင်ငံလူထုသို့မိန့်ခွန်းပြောကြားပြီး ဒီနေ့မှစတင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူတို့ခုခံတွန်းလှန်စစ် စတင်နေပြီလို့ ကြေညာလိုက်ပါတယ်။

ပြီးခဲတဲ့ မေလ ၅ ရက်နေ့မှာ People Defense Force, PDF စတင်ဖွဲ့စည်းကြောင်း ကြေညာတဲ့နောက် အခုခြေလှမ်းက ဒုတိယမြောက်ခြေလှမ်းဖြစ်တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။

NUG အစိုးရရဲ့ PDF ဖွဲ့စည်းပြီး နောက်မှာ စစ်အစိုးရတပ်တွေကို ဘယ်တော့ စတင်တိုက်ခိုက်မလဲဆိုတဲ့ မေးခွန်းက သတင်းမီဒီယာတွေထဲ လူထုတွေထဲ ထွက်ပေါ်နေတာဖြစ်ပြီး အခုကြေညာမှုက အဆိုပါမေးခွန်းကို တုံ့ပြန်လိုက်တဲ့ ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။

အစောပိုင်းမှာ NUG ရဲ့ ကာကွယ်ေရး ဒုဝန်ကြီး၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး၊ လူကယ်ပြန် စတဲ့ဝန်ကြီးတွေက D-Day လို့ သုံးနှုန်းခဲ့ကြပေမယ့်လည်း အခုနောက်ပိုင်း D-Day ဆိုတဲ့အသုံးအနှုန်းကို ရှောင်ကွင်းသုံးနှုန်းခဲ့ပြီး ဒီနေ့မှာတော့ နိုင်ငံအရေးပေါ်အခြေအနေ ကြေညာတယ်ဆိုတဲ့ ကြေညာချက်အောက်မှာ “စစ်အာဏာရှင်ဆန့် ကျင်ရေး ခုခံတွန်းလှန်စစ်” လို့ သုံးနှုန်းထားတာ တွေ့ရပါတယ်။

ခုခံတွန်းလှန်စစ်ဆိုတဲ့ သဘောသဘာဝအတိုင်း မိမိတို့ဘက်က အင်အားနဲ့ ယန္တရားတွေနဲ့ ထိုးစစ်ဆင်တာမျိုးထက်ကို ရောက်တဲ့နေရာမှာ ရှိနေတဲ့အင်အားစုတွေဖြစ်တဲ့ PDFတွေအနေနဲ့ တွန်းလှန်တိုက်ဖျက်ဖို့ နှိုးဆော်တာလည်း ဖြစ်ပါတယ်။

ထုတ်ပြန်ချက်မှာ ပါရှိတဲ့ နံပါတ် ၂ အချက် မှာ “ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင်နှင့် ၄င်းတို့၏ဒေါက်တိုင်အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ” လို့ ဖေါ်ပြထားပေမယ့် ဘယ်အဖွဲ့အစည်းလည်းဆိုတာတော့ တိတိကျကျ မရည်ညွှန်းထားပါ။

လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပဲ ဆိုလိုတာလား၊ စစ်အာဏာရှင် အစိုးရနဲ့ ရပ်တည်ချက်ခြင်းတူတဲ့ နိုင်ငံရေးပါတီလိုမျိုးကိုပါ ဆိုလိုသလား၊ အုပ်ချုပ်ရေးယန္တရားထဲက ရုံးတွေ အစိုးရဌာနတွေ ပါဝင်တာလားဆိုတာမျိုး ရှင်းရှင်းလင်းလင်း ဖေါ်ပြထားတာ မတွေ့ရပါဘူး။

NUG ကြေညာချက်မှာ နောက်ထပ် ညွှန်ကြားထားတာတော့ အုပ်ချုပ်ရေးမှူးတွေအလုပ်မှ ချက်ချင်းစွန့်ခွာကြဖို့၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေကလည်း မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်အုပ်စုကို နည်းမျိုးစုံနဲ့ ချက်ချင်းး တိုက်ခိုက်သွားကြဖို့၊ မိမိတို့နယ်မြေကို အပြည့်အဝ ထိန်းချုပ်ဖို့ဆိုထားပါတယ်။
စစ်ကောင်စီရဲ့ အမိန့်ပေးမှုအောက်မှာရှိတဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တွေကိုလည်း ပြည်သူနဲ့ပူးပေါင်းပြီး ပြည်သူ့ရန်သူကို စတင်တိုက်ခိုက်ဖို့ နှိုးဆော်ထားတာတွေ့ ရပါတယ်။

စစ်ကောင်စီ လက်အောက်က တပ်မတော်သား၊​ပြည်သူ့ရဲ၊ ဝန်ထမ်းများကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ချက်ချင်း ဆက်သွယ် ပူး‌ပေါင်းဖို့ နှိုးဆော်ထားတာ တွေ့ရပါတယ်။

ဒီအချက်တွေကိုကြည့်တဲ့အခါ ချက်ခြင်း စတင်လုပ်ဆောင်ဖို့ နှိုးဆော်ထားတဲ့ အချက်အများအပြားတွေ့ရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ စတင်တိုက်ခိုက်ဖို့ နယ်မြေ အပြည့်အဝ ထိန်းချုပ်ဖို့ တိုက်တွန်းနှိုးဆော်ထားတာတွေ့ရပါတယ်။ သို့ပေမယ့် ယမန်နေ့က ကျင်းပတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးေဆာင်အဖွဲ့ PPST အစည်းအဝေး အဖွင့်မိန့်ခွန်းမှာတော့ မွန်ပြည်သစ်ပါတီက နိုင်အောင်မင်းက အာဆီယံက နှိုးဆော်လိုက်တဲ့ ၄ လတာ အပစ်ရပ်ရေး အဆိုပြုချက်ကို ကြိုဆိုကြောင်း ပြောဆိုသွားတယ်လို့ သတင်းထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

PPST အဖွဲ့ဆိုတာက ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ထဲပါဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ သီးခြားဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး လတ်တလော အာဆီယံရဲ့ ၄ လတာ အပစ်ရပ်ဖို့ နှိုးဆော်ချက်၊ NUG ရဲ့ အရေးပေါ် အခြေအနေကြေညာချက်တွေ ထွက်ပေါ်လာချိန်မှာ PPST အနေနဲ့လည်း လတ်တလော အခြေအနေကို တုံ့ပြန်ဖို့ ဆွေးနွေးကြတာလို့ ယူဆစရာ ရှိပါတယ်။

အရင်တနေ့ကလည်း မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ TNLA က အာဆီယံရဲ့ အဆိုပြုချက်ကို ကြိုဆိုကြောင်း သတင်းမီဒီယာတခုကို ပြောကြားတာ တွေ့ရှိရပါတယ်။ အခုလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ရဲ့ လက်ရှိအခြေအနေပေါ် တုံ့ပြန်ချက်တွေက NUG ရဲ့ အရေးပေါ် အခြေအနေထုတ်ပြန်ချက် တနည်းအားဖြင့် တိုက်ပွဲခေါ်သံနဲ့ အခြေအနေပေါ် အကဲဖြတ်ပုံခြင်း ကွဲလွဲနေတာ သတိပြုမိပါတယ်။

NUG အနေနဲ့ ဒီလို အရေးပေါ်အခြေအနေမကြေညာမီ အထက်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ကြေလည်အောင်ဆွေးနွေးမှုတွေ ရှိခဲ့လား ၊ ရှိခဲ့သော်လည်း အားလုံးသဘောတူညီမှုမရနိုင်လို့ မိမိလုပ်ရမယ့် လမ်းကြောင်းကို မိမိဆုံးဖြတ်ချက်နဲ့ မိမိ လုပ်ဆောင်ရတာလားဆိုတာမျိုး တွေးစရာ ဖြစ်စေပါတယ်။

နောက်တချက် တွေးမိတဲ့ အချက်က ဒေသအလိုက် PDF တွေဖွဲ့စည်းကြရာမှာ အချို့ဒေသတွေရဲ့ PDF တွေက အန်ယူဂျီနဲ့ ဆက်သွယ်မှု ချိတ်ဆက်မှုရှိကြပေမယ့် အချို့သောအဖွဲ့တွေက အန်ယူဂျီနဲ့ ဆက်သွယ်ချိတ်ဆက်မှု မရှိကြတာမျိုးလည်း ရှိတာတွေ့ရပါတယ်။ စစ်ရေးအမြင်နဲ့တွေးကြည့်တဲ့အခါ လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ လှုပ်ရှားမှုတခုကို လုပ်ကြတဲ့အခါ အမိန့်ပေးမှုတခုထဲအောက်မှာ ရှိဖို့က အရေးကြီးတဲ့အချက်ဖြစ်တယ်လို့ ထင်ပါတယ်။ စစ်ရေးအရ အောင်မြင်ဖို့ သော့ချက်ဖြစ်တဲ့ အဲလိုအခြေအနေမျိုး ရှိနေပြီလားလို့လည်း သိချင်တဲ့ အတွေးဖြစ်ပေါ်လာပါတယ်။

ဒီနေ့ အရေးပေါ် အခြေအနေကြေညာတဲ့ရက်မှာတော့ ရန်ကုန်မြို့နဲ့ အချို့သောမြို့တွေမှာ မြို့လူထု အနေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်လာတော့မလားဆိုတဲ့ စိုးရိမ်မှု၊ ရိက္ခာ၊ ရေ၊ မီးပြတ်လတ်ရင် လိုအပ်မယ့် ပစ္စည်း၊ ဆေးဝါးစတာတွေ ဝယ်ယူမှုတွေ မနေ့က အတိုင်းအတာတခုထိ ရှိခဲ့တာတွေ့ရပါတယ်။
အခုလိုကာလမှာ လူအများစုကတော့ ဝယ်ယူစုဆောင်းနိုင်ဖို့ အခက်အခဲရှိပါတယ်။ ငွေပိုငွေလျှံမရှိတာ၊ အလုပ် အကိုင် ဆုံးရှုံးတာ၊ ဝင်ငွေပုံမှန်မရှိတာတွေကြောင့် မဝယ်နိုင်သူတွေ အများအပြားရှိပါတယ်။
ရန်ကုန်မြို့ စီးတီးမတ်လိုနေရာမျိုးမှာတော့ မနက်ခင်း ၉ နာရီလောက်ကစတင်ပြီး စျေးဝယ်သူတွေ ပုံမှန်ထက်ပိုစည်ကားနေခဲ့တာ တွေ့ရပါတယ်။ ညောင်ပင်လေးစျေးလို လက်ကားစျေးလိုမျိုးမှာလည်း ဆန်၊ ဆီ ကုန်ခြောက်ဝယ်ယူကြတာတွေ များတယ်လို့ဆိုပါတယ်။

လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံတို့လို အလုပ်သမားတွေ၊ လက်လုပ်လက်စားတွေ နေတဲ့ရပ်ကွက်နေ လူထုအဖို့မှာတော့ နေ့စဥ်စားသောက်ဖို့ အလျင်မှီဖို့ကိုသာ အာရုံစိုက်နေရတဲ့ အခြေအနေမို့ တလစာ နှစ်လစာ ဝယ်ယူစုဆောင်းတာတွေ လုပ်နိုင်ခြင်းမရှိကြပါဘူး။

အလားတူပဲ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်လာရင် ဘယ်လိုေနထိုင်ရမလဲ၊ ဘာတွေစုဆောင်းထားရမလဲ ဆိုတဲ့ နှိုးဆော်ချက်တွေ ရှိပေမယ့်လည်း မြို့နေလူထုအဖို့က လတ်တလော ဖြစ်ပွားနေတဲ့ ဗုံးကွဲမှု လုပ်ကြံသတ် ဖြတ်မှုတွေ အခြေအနေမျိုးလောက်သာ တွေ့ကြုံဖူးကြတာမို့ ဘယ်လိုပစ္စည်းတွေ စုဆောင်းထားသင့်တယ် ဘယ်လို တိမ်းရှောင်ရမယ်ဆိုတဲ့ အခြေအနေ ပြင်ဆင်မှုမျိုးနဲ့ မရင်းနှီးကြသလို ပြင်ဆင်ကြတာ မတွေ့ရပါဘူး။

ဒီအခြေအနေမျိုးမှာ ကျေးလက်ဒေသအချို့မှာ ဒေသခံ PDF တွေနဲ့ စစ်ကောင်စီတပ်၊ ရဲတွေနဲ့ တိုက်ခိုက်မှုတွေက ပြီးခဲ့တဲ့ လတွေကတည်းက ဖြစ်နေပြီးြဖစ်လို့ ထောင်နဲ့ ချီ သောင်းနဲ့ချီ နေအိမ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး ဖြစ်သလို နေအိမ်တွေ၊ အိမ်မွေးတိရိစ္ဆာန်တွေလည်း သတ်ဖြတ်ယူဆောင်ခံရ၊ လူနေအိမ်က ပစ္စည်းတွေ အချို့နေရာမှာ နေအိမ်မီးရှို့တာတွေ ခံစားနေကြရပြီး ဖြစ်ပါတယ်။

နောက်ဆုံး စာရင်းချုပ်ကြည့်တဲ့အခါ အရေးပေါ် အခြေအနေကြေညာတဲ့ ပထမနေ့ညမှာတော့ ကယားပြည်နယ် ဒီမော့ဆိုရဲစခန်းကို ကရင်နီတိုင်းရင်းသားလက်နက်ကိုင်နဲ့ KPDF တို့ဝင်တိုက်ခဲ့တဲ့ သတင်းထွက်ပေါ်လာတာတွေ့ရပြီး အခြားဒေသတွေမှာတော့ ကြီးကြီးမားမား လက်နက်ကိုင် တိုက်ပွဲ သတင်းကြားရတာ မတွေ့ရသေးဘူးလို့ ဆိုရပါမယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar