Breaking News

စိုင်းဇင်ဒီဒီဇုံ - အခန်း (၆) ယူနန်ကို တိုက်ခိုက်ခြင်း



စိုင်းဇင်ဒီဒီဇုံ - အခန်း (၆) ယူနန်ကို တိုက်ခိုက်ခြင်း

စက်တင်ဘာ ၈၊ ၂၀၂၁


ထိုင်ပေနဲ့ ဝါရှင်တန် ဟာ ကိုယ့်အကြောင်းပြချက်ကိုယ် လီမီကို အမြန်ဆုံး ယူနန်ဘက် သွားစေချင်လှပြီ။ 1 ထိုင်ပေအနေနဲ့က ပြည်မကြီးကို ပြန်လာမယ်ဆိုတဲ့ ချန်ကေရှိတ်ရဲ့ ကတိစကားကို အကောင်အထည် ဖော်ပြချင်တယ်။ ဝါရှင်တန်ကတော့ လီမီရဲ့တပ်တွေက ကိုးရီးယားကိုသွားတိုက်ခိုက်နိုင်မယ့် တရုတ်နီတပ်တွေကို ဆွဲထားနိုင်စေချင်တယ်။ ယူနန်ကို ကောင်းကောင်းဝင်နိုင်ပြီးမှ လက်နက် ထောက်ပံ့ရေးတွေ ဆက်လုပ်ပေးချင်တယ်။ တရုတ်နီတပ်တွေ ယူနန် အနောက်ပိုင်းမှာ အခြေမခိုင်ခင် အမြန်ပြန်ဝင်ရောက်နိုင်ဖို့ အရေးကြီးတယ်ဆိုတာကို လီမီလည်း သိတယ်။ ခွန်းမင်ကို သိမ်းလိုက်ပြီး တနှစ်ကျော်အတွင်းမှာ ကွန်မြူနစ်တပ်တွေကို ဒုက္ခပေးနေတဲ့ ယူနန်က ဆန့်ကျင်ဖက် အုပ်စုတွေကို ချေမှုန်းပစ်တာ ချေမှုန်း၊ မြန်မာနိုင်ငံဘက် မောင်းထုတ်ပစ်တာ မောင်းထုတ်ပစ်ခဲ့တယ်။ လီမီက အဲဒီအုပ်စုတွေ အကုန်လုံး အချေမှုန်းမခံရခင် စုဆောင်းသိမ်းသွင်းချင်တယ်။ နောက်ထပ် အကြောင်းပြချက်ကတော့ ရာသီဥတုပဲ ဖြစ်ပါတယ်။ ဇွန်လ မိုးသည်းကြီးမည်းကြီးကျပြီဆိုရင် ဝန်စည်စလယ်တွေနဲ့ နှစ်ဖက်တပ်တွေ လှုပ်ရှားသွားလာဖို့ အတော်ခက်ပါတယ်။ ဒါကြောင့် မိုးမကျခင် ယူနန်မှာ ခြေကုပ်ရပြီဆိုရင် လီမီတပ်တွေအတွက် ရာသီဥတု အခြေအနေအရ လေကြောင်းကနေ ထောက်ပံ့ပေးနိုင်ပါတယ်။ ခွန်မင်းကို သိမ်းပြီး ချန်ကေရှိတ်ကို ယူနန်မြို့တော်ကနေ ကြိုချင်တယ်လို့ လီမီက သူ့လူတွေကို ပြောပါတယ်။ လီမီဟာ အမေရိကန် မဟာမိတ်တွေရဲ့ အထောက်အပံ့နဲ့ ပြည်မကြီးကို ပြန်လည်သိမ်းပိုက်မယ့် တရုတ်မျိုးသားတပ်မတော်ကို ဦးစီးနေရတယ်လို့ သူ့ကိုယ်သူ မြင်လာပါတော့တယ်။

စစ်ဆင်ရေးစီမံချက်

မိုင်းဆတ်မှာရှိတဲ့ လီမီရဲ့ စစ်ဦးစီးအရာရှိချုပ် ချန်ပေါ်ယင်းက စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ယူနန်ကို ဝင်ရောက်တိုက်ခိုက်ဖို့ စစ်ဆင်ရေးစီမံချက် အကြမ်းရေးဆွဲထားတယ်။ လွီကော်ချွမ်က သူ့တပ်တော် (၂၆) က တပ်မ (၉၃) ကို ဦးစီးပြီး ယူနန်ပြည်နယ်ထဲက ဆစ်ဆောင်ပန်းနား ဆိုတဲ့ ဒေသကို ဝင်တိုက်ရမှာ ဖြစ်ပါတယ်။ ဒါဟာ အဓိကတိုက်ခိုက်မယ့် နေရာက တရုတ်နီတပ်တွေကို အာရုံပြောင်းဖို့ ယောင်ပြတိုက်ခိုက်မှုသာ ဖြစ်တယ်။ အဓိကကတော့ လီကော်ဟွေးရဲ့ တပ်မ (၁၉၃) က ဆစ်ဆောင်ပန်းနားရဲ့ မြောက်ဘက် ကွန်မြူနစ်တွေ အခြေမခိုင်သေးတဲ့ ယူနန်ပြည်နယ် အနောက်ပိုင်း နယ်စပ်ဒေသကို ဝင်တိုက်ရမှာ ဖြစ်ပါတယ်။ ‘ဝ’ နဲ့ အခြား ဒေသခံ လူနည်းစုတွေထဲမှာ သူတို့ မိတ်ဆွေတွေရှိတယ်။ ကွန်မြူနစ်တွေကို မကျေနပ်နဲ့ စော်ဘွားတပ်တွေ၊ ဒေသခံလက်နက်ကိုင်အဖွဲ့ တွေနဲ့ လက်နက်နဲ့ အသက်မွေးအလုပ် လိုချင်တဲ့ တခြားအဖွဲ့တွေဟာ တရုတ်အမျိုးသားအရေးတော်ပုံမှာ အုံကြွပူးပေါင်းလာလိမ့်မယ်လို့ စီမံချက်မှာ ကြိုတင်ယူဆထားတယ်။ ထိုင်ဝမ်းက လေယာဉ်တွေနဲ့ သူတို့ကို ထောက်ပံ့ပေးမယ်၊ လေယာဉ်တွေကို ထိုင်း သို့မဟုတ် အင်ဒိုချိုင်းနားမှာ ခဏနားပြီး ဆီဖြည့်မယ် ဆိုတာလည်းပါတယ်။ ပြောင်မြောက်ပေမယ့် လက်တွေ့မကျတဲ့ သူ့ရဲ့ စစ်ဆင်ရေး စီမံချက်ကို ထားခဲ့ပြီး ချန်ပေါ်ယင်းဟာ ဘန်ကောက်ကို တိတ်တိတ်လေး ထွက်သွားတယ်။

လီကော်ဟွေးရဲ့ အဓိက တိုက်ခိုက်ရေးတပ်တွေက 2 နယ်စပ်ကနေ မိုင်လေးဆယ်လောက်ဝေးတဲ့ ယူနန်အတွင်းက ကိုင်မမြို့ကို သိမ်းရမှာဖြစ်ပါတယ်။ နောက်ပိုင်း လေကြောင်းကနေ စစ်လက်နက်ပစ္စည်းနဲ့ စစ်ကူတွေ ဖြည့်တင်းနိုင်ဖို့ အရှေ့မြောက်ဘက် မိုင်နှစ်ဆယ်လောက် ထပ်ချီတက်ပြီး မုန်းဆာ က လေယာဉ်ကွင်းကိုပါ သိမ်းရမှာ ဖြစ်ပါတယ်။ လီကော်ဟွေးရဲ့ မြောက်ပိုင်းစစ်ကြောင်းမှာ အဓိကအားဖြင့် သူ့ရဲ့ တပ်မ (၁၉၃) ပါတယ်။ တပ်မ နာမည်ခံထားပေမယ့် တပ်ရင်းကြီး တခုရဲ့ ဖွဲ့စည်းပုံတောင် မပြည့်ပါဘူး။ လွီကော်ချွမ်ရဲ့ တောင်ဘက်စစ်ကြောင်းက အမြဲတမ်းစစ်သားတွေပါနဲ့ တပ်ရင်းတရင်းကိုလည်း လီကော်ဟွေး စစ်ကြောင်းမှာ ဖြည့်ထားပေးတယ်။ ကြိုတင်စုဆောင်းထားတဲ့ အမြဲတမ်းစစ်သား မဟုတ်သူတွေက ယူနန်ကိုဝင်လာရင် ပူးပေါင်းဖို့ နယ်စပ်မှာ ကြိုစောင့်နေကြတယ်။

လွီကော်ချွမ်ရဲ့ တောင်ပိုင်းစစ်ကြောင်းမှာလည်း ဖုန်ချိန် ဦးစီးတဲ့ တပ်မ (၉၃) ပါတယ်။ သူလည်းပဲ တပ်မ နာမည်ခံထားပေမယ့် တပ်ရင်းကြီး ဖွဲ့စည်းပုံအင်အားပဲ ရှိတဲ့အပြင် တပ်ရင်းတရင်းကို မြောက်ဘက် စစ်ကြောင်းအတွက် ထုတ်နုတ်ပေးလိုက်ရသေးတယ်။ ဖုန်ချိန် ဆီမှာ ကျန်တဲ့ တပ်ရင်းနှစ်ရင်း၊ ယူနန်ပြည်နယ် ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ရင်းကြီး 3 တခု၊ တခြား အမြဲတမ်းမဟုတ်တဲ့ လက်နက်ကိုင်တွေပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ဟာ အဓိက တိုက်ပွဲ ဆင်နွှဲဖို့ မဟုတ်ဘဲ မြောက်ပိုင်းက တရုတ်နီတပ်တွေကို အာရုံလွှဲ ဆွဲထုတ်နိုင်ဖို့ပဲ ဖြစ်တယ်။

ယူနန်ပြည်နယ် ကွန်မြူနစ်ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး တပ်တော်ရဲ့ အင်အားဟာ လီမီရဲ့ ရည်မှန်းချက်ကို ရအောင်လုပ်ဖို့အတွက် မလုံလောက်ပါဘူး။ တရုတ်ဖြူ အမြဲတမ်း “တပ်မ” နှစ်ခု ပါတယ် ဆိုပေမယ့် တကယ်တမ်းကြတော့ တပ်ရင်းကြီး ဖွဲ့စည်းပုံ အင်အားထက် လျော့နေတဲ့ တပ်မတွေ ဖြစ်ပါတယ်။ နောက်ထောက်ပံ့ရေး အခြေစိုက်စခန်းနဲ့ အရမ်းအလှမ်းဝေးတဲ့ နေရာတွေမှာ စစ်ဆင်ရေး လုပ်ရမှာလည်း ဖြစ်ပါတယ်။ ဒေသတွင်းက စုဆောင်းထားတဲ့ လက်နက်ကိုင်တွေက လူအင်အား အနေနဲ့ ဖြည့်တင်းနိုင်ပေမယ့် အားမကိုးရပါဘူး၊ လေ့ကျင့်မှုမရှိထားပါဘူး၊ လက်နက်လည်း မပြည့်စုံပါဘူး။ အမှန်ကတော့ တရုတ်ဖြူ အမြဲတမ်းတပ်တွေက စုစည်းပြီး တိုက်ခိုက်ရေးအင်အားအနေနဲ့ သုံးရမယ့်အစား ချန်ပေါ်ယင်းရဲ့ စစ်ဆင်ရေး စီမံချက်ဟာ အမြဲတမ်းတပ်တွေကို ခွဲပစ်လိုက်တယ်။ တပ်မ (၉၃) က လုပ်ရမယ့် ယောင်ပြတိုက်ခိုက်ရေးဟာ အမှန်တော့ အမြဲတမ်းမဟုတ်တဲ့ တပ်တွေကိုပဲ ခိုင်းရမှာဖြစ်ပြီး အမြဲတမ်း တပ်မ နှစ်ခု ပူးပေါင်းပြီး မြောက်ပိုင်းမှာ တိုက်ပွဲဝင်သင့်တာ ဖြစ်ပါတယ်။ အဲဒီလိုအစား လီကော်ဟွေးဟာ တပ်မ (၁၉၃) ကို ဦးစီးပြီးသူ့ဘေးနံမှာတော့ ပျောက်ကြားအဖွဲ့တွေပဲ ပါလာပါတော့တယ်။

ချန်ပေါ်ယင်းရဲ့ စစ်ဆင်ရေး စီမံချက်ကို လီမီ အပြည့်အဝ မအားထားပေမယ့် လီကော်ဟွေးကိုတော့ သူစိတ်ချတယ်။ ယူနန်ကို တိုက်ခိုက်တဲ့ အဓိက ရည်ရွယ်ချက်ကလည်း အမေရိကန်နဲ့ ထိုင်ပေ က ကတိပေးထားတဲ့ လက်နက်ထောက်ပံ့ရေးတွေ စတင်ဖို့သာဖြစ်တယ်လို့ သူကရှင်းပြတယ်။ တရုတ်ဖြူတပ်တွေ အနေနဲ့ အဲဒီလက်နက်တွေကို ယူပြီး မြန်မာနိုင်ငံကို ပြန်လာမယ်။ ပြီးတော့ တချိန်မှာ ယူနန်ကို နောက်တခေါက် ဝင်နိုင်အောင် ပိုပြီးတောင့်တင်းတဲ့တပ်ကို တည်ဆောက်မယ်၊ ထိုင်ဝမ်းက ပို့လာမယ့် စစ်ကူတွေကို စောင့်မယ်။ အမေရိကန်ဆီက ကတိအတိုင်း ထောက်ပံ့မှုတွေပေးပေမယ့် ထိုင်ဝမ်းဆီက လက်နက်တွေကတော့ အားမထားလောက်ပါဘူး။ ယူနန်နယ်စပ်ကို ရောက်တာနဲ့ လေထီးနဲ့ချပေးမယ်လို့ လီမီ မျှော်လင့်ထားတဲ့ အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနက ပို့လိုက်တဲ့ ရိုင်ဖယ် တစ်ထောင်နဲ့ ကျည်ဆန်တွေဟာ နောက်ကျပြီးမှ ရောက်လာပါတယ်။ လက်နက်တွေ အပြည့်အဝမရလို့ လီမီက အကြိမ်ကြိမ်တောင်းဆိုမှ ချန်ကေရှိတ် ကိုယ်တိုင် ဝင်ပါရပါတော့တယ်။ ဒါတောင် တရုတ်ဖြူတပ်တွေ နယ်စပ်ကို ရောက်ပြီးနောက်ပိုင်းတောင်မှ ချင်းမိုင်က ထိုင်းရဲတပ်ဖွဲ့ ဂိုဒေါင်တွေကို ရောက်လာပြီး အသုံးမပြုရဘဲ ငုတ်တုတ်ကြီးတွေ ရှိနေပါတယ်။

နယ်ခြားဒေသသို့ ရွှေ့ခြင်း

ယူနန်ပြည်နယ် ကွန်မြူနစ်ဆန့်ကျင်ရေး အမျိုးသား လွတ်မြောက်ရေးတပ်တော် အတွက် လူသစ်တွေ စုဆောင်းတာ၊ လက်နက်တပ်ဆင်ပေးတာ၊ ထိန်းထားရတာဟာတွေဟာ မတူညီတဲ့ စိန်ခေါ်မှုတွေပါ။ မြောက်ဘက်ကို ဦးတည်ပြီး ယူနန်ကို ချီတက်လာတဲ့အခါ လီမီ က စုံစီနဖာတပ်တွေကို စနစ်တကျ စုစည်း ထိန်းကျောင်းရပါတယ်။ မြန်မာနယ်စပ်ကမြို့လေးတွေဖြစ်တဲ့ ယုံဟိုနဲ့ ဝိန်းငင်း အရောက်မှာတော့ ‘ဝ’ စော်ဘွား (ထူဆူး) တွေကို လက်နက်တွေ ဝေပေးပြီး တရုတ်ဖြူ ယူနန်တပ်တော်အောက်က လွတ်လပ်တဲ့ ပျောက်ကြားတပ်ဆွယ်တွေ အဖြစ် သူတို့ကို တာဝန်ပေးပါတယ်။ နယ်စပ်ဒေသက တရုတ်ဆန်တဲ့ ‘ဝ’ လူမျိုးတွေ ပူးပေါင်းဆောင်ရွက်လာအောင် စည်းရုံးရတာ သိပ်မခက်လှပါဘူး။ သူတို့ မြန်မာတွေကိုရော ယူနန်က ကွန်မြူနစ် အာဏာပိုင်တွေကိုရော သိပ်ကြိုက်လှတာ မဟုတ်ပါဘူး။ လီမီက မြောက်ပိုင်း တိုက်ခိုက်ရေးတပ်တွေကို မိုင်းမောမှာ ၁၉၅၁ ခုနှစ် မေလ ၁၀ ရက်နေ့မှာ စုစည်းလိုက်ပါတယ်။ မိုင်းမောဟာ ယူနန်နယ်စပ် အနောက်ဘက် မြန်မာနိုင်ငံထဲက ‘ဝ’ ရွာကလေး တခုဖြစ်ပါတယ်။ 4 မြန်မာနိုင်ငံထဲက ‘ဝ’ ဒေသ အတော်များများမှာ ယူနန်တရုတ်စကားကို ပြောကြပြီး ဆိုင်ဆိုင်းဘုတ်တွေကိုလည်း တရုတ်စာနဲ့ ရေးကြပါတယ်။ အဲဒီက ခရစ်ယာန် ဘုရားရှိခိုးကျောင်းလေးမှာ လီမီက ဌာနချုပ်ဖွင့်တယ်။ နှစ်နိုင်ငံစလုံးက ‘ဝ’ ဒေသမှာ အမေရိကန် နှစ်ခြင်း သာသနာပြုတွေဖြစ်တဲ့ ယန်း မိသားစု5 ကြိုးပမ်းမှုကြောင့် ခရစ်ယာန် အတော်များများ ရှိတယ်။ ကွန်မြူနစ်ဝါဒကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြဖို့ ခရစ်ယာန်ဘာသာ ပြောင်းလဲကိုးကွယ်သူတွေကို ယန်းမိသားစုက တရားဟောပါတယ်။ ကွန်မြူနစ်တွေက နယ်စပ်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်လာတာကြောင့် ငွေရေးကြေးရေး ထိခိုက်လာလို့ နိုင်ငံရေးနဲ့ ဘာသာရေးတွေနဲ့တောင် မဆိုင်ဘဲနဲ့ မိုင်းမောက မြင်းဝန်တင် အဖွဲ့သားတွေ အတော်များများဟာ လီမီနဲ့ ပေါင်းဖို့ အကြောင်းဖန်လာတယ်။

သူ့ကိုယ်စားလှယ်တွေက တဆင့် စုဆောင်းသိမ်းသွင်းထားတဲ့ ပျောက်ကြား တပ်မှူး အများအပြား မိုင်းမောမှာ လီမီ က တရားဝင် ခန့်အပ်တာဝန်ပေးပါတယ်။ သူတို့ရဲ့ ဂုဏ်ဒြပ်၊ သူတို့ရဲ့ နောက်လိုက် အင်အားတွေအလိုက် ရာထူးအဆင့်အတန်းတွေပေးတယ်။ လီဝင်ဟွမ့်နဲ့ ဗိုလ်ချုပ် မာချွန်းကော် အစရှိတဲ့ အတော်များများက ရွှေတြိဂံဒေသမှာ နှစ်ရှည်လများ မူးယစ်ဆေးဝါး မှောင်ခိုချခဲ့သူတွေပါ။ တခြား မှတ်သားသင့်သူကတော့ လီမီ မကြာခင်က ဟောင်ကောင်က ခေါ်လာတဲ့ ဗိုလ်ချုပ် တွမ့်ရှီးဝင် ပါ။ လက်ရှိအချိန် တွမ့်ရှီးဝင်မှာ တပ်မရှိပေမယ့် တရုတ်ပြည်တွင်းစစ် ကာလတုန်းက သူက တပ်မ တခုကို ကွပ်ကဲခဲ့ဖူးပြီး ဒုတိယတပ်တော်မှူး အဆင့် တာဝန်ထမ်းဆောင်ဖူးသူဖြစ်ပါတယ်။

လီမီရဲ့ ပျောက်ကြား စစ်ကြောင်းနဲ့ တပ်ဆွယ်တွေဟာ သဘောတရားအရတော့ တရုတ်ဖြူ တပ်မနဲ့ တပ်ရင်းကြီး အဆင့်တွေ ရှိပါတယ်။ လက်တွေ့မှာတော့ မရှိပါဘူး။ တပ်မှူးတွေက ချဲ့ကားပြောဆိုထားလို့ ကြီးဟန်ရှိနေတာပါ။ အင်အားအကြီးဆုံး ပျောက်ကြားစစ်ကြောင်းဟာ လူ ၅၀၀ ထက်မပို၊ ပျောက်ကြား တပ်ဆွယ်ဟာ လူ ၂၀၀ ထက်မပိုပါဘူး။ လက်နက်ကောင်းကောင်းလည်း မရှိပါဘူး။ အမြဲတမ်းတပ်ဖွဲ့ မဟုတ်တဲ့ တပ်ဖွဲ့တွေဟာ အများအားဖြင့် လူ ၂၀၀ ထက်မပိုကြပါဘူး။ ယူနန်ထဲမှာကတည်းက ကိုယ်တပ်ဖွဲ့ ရပ်တည်ရေးအတွက် ရုန်းကန်ခဲ့ကြရတဲ့ အဖွဲ့တွေပါ။ တပ်ဖွဲ့တွေအားလုံးဟာ တိုက်ပွဲတွေမှာ အဓိပ္ပာယ်ရှိရှိ မပါဝင်ကြပါဘူး။

စည်းကမ်းမဲ့ အမြဲတမ်းမဟုတ်တဲ့တပ်တွေကို ထက်မြက်တဲ့ စစ်တပ်တခုဖြစ်အောင် ဖွဲ့စည်းရတာ မလွယ်ပါဘူး။ တရုတ်ဖြူ ယူနန်တပ်တော်နဲ့ လာပေါင်းတဲ့ အမြဲတမ်းမဟုတ်တဲ့တပ်တွေ အတော်များများဟာ လက်နက်လိုချင်လို့ လာပေါင်းကြတာ ဖြစ်ပြီး နိုင်ငံရေး ရည်မှန်းချက်ရှိလို့ မဟုတ်ပါဘူး။ လက်နက်ရပြီးရင် ပေးတဲ့အမိန့်တွေကို သူ့တို့ အကျိုးစီးပွား အတွက် လျစ်လျူရှုပစ်ဖို့ ဝန်မလေးကြပါဘူး။ ပျောက်ကြား ခေါင်းဆောင်တွေဟာ အရင်က ဓားပြတိုက်မှုတွေ၊ တခြားလှုပ်ရှားမှုတွေမှာ အပြိုင်အဆိုင် ဖြစ်ခဲ့ကြဖူးလို့ သူတို့အချင်းချင်း ကြားထဲမှာလည်း ပွတ်တိုက်မှုတွေ ရှိနေပါတယ်။ တရုတ်ဖြူ ယူနန်တပ်တော်က ပျောက်ကြား ငါးယောက်မှာ တယောက်ကိုပဲ ကောင်းကောင်း လက်နက်နဲ့ ချပ်ဝတ်တန်ဆာတွေ တပ်ဆင်ထားပေး နိုင်တယ်။ မိုင်းဆတ်ကနေ မြင်းဝန်တင်အဖွဲ့တွေ သယ်လာတဲ့ လက်နက်တွေဟာ လိုအပ်တာထက် နည်းနေတယ်။ ထိုင်ဝမ်းက ပို့လိုက်တဲ့ ရိုင်ဖယ် အလက် တထောင်ဟာလည်း နောက်ကျပြီး ချင်းမိုင်က ရဲတပ်ဖွဲ့ ဂိုဒေါင်တွေမှာပဲ အောင်းနေရတယ်။ လက်နက်တပ်ဆင်နိုင်တဲ့ တပ်အရေအတွက်ဟာ လီမီ့ စစ်ဆင်ရေးရဲ့ ထိရောက်မှုကို ထိခိုက်စေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယူနန်ထဲကိုရောက်ရင် အမေရိကန်တွေက လက်နက်တွေ အလျှံအပယ်ပို့လာပေးမှာလို့ လီမီက သူ့နောက်လိုက်တွေကို နှစ်သိမ့်ပါတယ်။ တရုတ်ဖြူ ယူနန်တပ်တော်က သိမ်းသွင်းထားတဲ့ လူမျိုးစု ခေါင်းဆောင်တွေ၊ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ၊ ဓားပြတွေဟာ ထုတ်ပေးတဲ့ လက်နက်တွေကိုယူတယ်။ တိုက်ခိုက်ဖို့ကိုတော့ နောက်တွန့်နေကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်နက်တွေဟာ သူတို့ ထမင်းအိုးအတွက် အရေးပါတယ်။ အဲဒီလို တန်ဖိုးရှိတဲ့ လက်နက်တွေကို တိုက်ပွဲတွေထဲမှာ ဆုံးရှုံးသွားမှာကို ကြောက်တယ်။ တချို့ဆိုရင် တရုတ်ဖြူ ယူနန်တပ်တော်က ထုတ်ပေးတဲ့ လက်နက်တောင် ယူမယ့်အစား တရုတ်နီတွေ တိုက်တဲ့နေရာမှာ မပါဘဲ ဘယ်လို ကိုယ်ကျိုးစီးပွား ရနိုင်မလဲဆိုတာကိုပဲ ကြည့်နေကြတယ်။

လူတကာသိတဲ့ လျှို့ဝှက်ချက်

ယူနန်ကို ဝင်တိုက်တဲ့အခါ လီမီ့တပ်တော်ဟာ အလစ်အငိုက် ဝင်တိုက်ဖို့ အခွင့်အရေး မရလိုက်ပါဘူး။ စစ်ဆင်ရေးရဲ့ လွှမ်းချုံမှု အတိုင်းအတာနဲ့ ထိုင်း−အမေရိကန်တို့ ကူညီနေကြတာတွေကို မြန်မာအစိုးရ ကလည်း သိပါတယ်။ ထောက်လှမ်းရေးတပ်ဖွဲ့ရှိပြီး ဒီကိစ္စကို စိတ်ဝင်စားတဲ့ နိုင်ငံတိုင်းသိကြပါတယ်။ ထိုင်းနိုင်ငံမှာ ရှိတဲ့ အမေရိကန် နှစ်ခြင်း သာသနာပြုအဖွဲ့က ဗင်းဆင့် ယန်းက နယ်စပ်မြို့ဖြစ်တဲ့ မယ်ဆိုင်မှာ တရုတ်ဖြူ အရာရှိတွေနဲ့ ၁၉၅၁ မတ်လအတွင်း စကားပြောခဲ့ရတဲ့အကြောင်းကို အမေရိကန် သံသတမန်တွေကို ပြန်ပြောပြပါတယ်။ အဲဒီအရာရှိတွေဟာ တရုတ်ဖြူ ယူနန်တပ်တော်က ရေဒီယို အော်ပရေတာတွေဖြစ်ပြီး ပစ္စည်းအဝယ်တော်တွေ6 လည်း ဖြစ်ပါတယ်။ တရုတ်ဖြူတွေက ကိုင်မ အနီးအနားက ပျောက်ကြားတွေ အပြင် ယူနန်ထဲက ပျောက်ကြားတွေကို မြန်မာနိုင်ငံက တဆင့် အင်အားဖြည့်တင်းပေးနေကြောင်း အဲဒီအရာရှိတွေက လျှောက်ကြွားနေပါတယ်။

မြန်မာအစိုးရက အချိန်အတော်ကြာကတည်းက တောင်းဆိုထားတဲ့အတိုင်း နောက်ဆုံးတော့ လီမီ့တပ်တွေ မြန်မာနိုင်ငံက ထွက်ဖို့ ပြင်ဆင်ကြပါတယ်။ ဘယ်လောက်ပဲ တုန်လှုပ်ခြောက်ခြားစရာ ဖြစ်စေပေမယ့် သူတို့တပ်တော်ဟာ ပေကျင်းရဲ့ ရန်သူတွေဆီက အထောက်အပံ့တွေယူပြီး ယူနန်ဘက်ကို ချီတက်ပါတော့တယ်။ မတ်လမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး စဝ်ခွန်ချိုက မြန်မာနိုင်ငံကနေ တရုတ်ဖြူတပ်တွေ ဖယ်ရှားဖို့အရေး ထိုင်ပေကို အမေရိကန် အစိုးရကနေ ဖိအားပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါပေမယ့် ဝါရှင်တန်က သူထောက်ပံ့ပေးထားတဲ့ တိုက်ခိုက်မှုကို ရပ်ခိုင်းဖို့ စိတ်မဝင်စားပါဘူး။ သံအမတ်ကြီး ကီး က တစိုက်မတ်မတ် နားပူးနားဆာလုပ်နေတဲ့အတွက်ကြောင့် နိုင်ငံခြားရေး ဝန်ကြီးဌာနက အေးအေးသာသာနဲ့ပဲ တရုတ်ဖြူတွေ ဖယ်ရှားနေမှု တိုးတက်မှုအခြေအနေ ဘယ်လိုရှိသလဲဆိုတာ ထိုင်ပေကို မေးပေးပါတယ်။ နောက်နှစ်ပတ်အကြာ ဧပြီလလယ်မှာ ထိုင်ပေဘက်ကလည်း အေးအေးဆေးဆေးနဲ့ပဲ အဲဒီကိစ္စကို သူတို့ဆောင်ရွက်ဖို့ ကြည့်ရှုနေကြောင်း အကြောင်းပြန်ပါတယ်။

ဧပြီလနှောင်းပိုင်းမှာတော့ ထိုင်းနဲ့ အမေရိကန် ပူးပေါင်းပြီး လီမီ့တပ်တွေကို လက်နက်တပ်ဆင်ပေးနေတဲ့ အကြောင်းဟာ လူတကာသိတဲ့ လျှို့ဝှက်ချက်ကြီး ဖြစ်လာပါတော့တယ်။ ဧပြီ ၂၅ ရက်နေ့မှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးလှမောင် က ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စတန်းတန်ကို “ကေအမ်တီတပ်တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ လက်နက်၊ ခဲယမ်းနှင့် ဆေးဝါး အထောက်အပံ့တွေ ရရှိခဲ့တယ်၊ ဒီပစ္စည်းတွေဟာ အမေရိကန် ပြည်ထောင်စု အစိုးရက ထိုင်းအစိုးရကို မကြာခင်ကမှ လွှဲအပ်ပေးထားတဲ့ ပစ္စည်းတွေဖြစ်တယ်” လို့ အရေးဆို တိုင်တန်းပါတယ်။ 7 ဧပြီလ ၃၀ ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီး စဝ်ခွန်ချိုက ရန်ကုန်မှာရှိတဲ့ အမေရိကန် သံအမတ်ကြီး ကီးကို ခေါ်ပြီး တရုတ်ဖြူတပ်တွေမှာ အမေရိကန်ထုတ် ခေတ်မီလက်နက်တွေ ရှိနေတဲ့အပြင် “အမေရိကန်နှစ်ယောက်” လည်း တရုတ်ဖြူတပ်တွေနဲ့ အတူရှိနေကြောင်း ပြောလိုက်ပါတယ်။ ဒီလို စကားပြောခဲ့ရတဲ့အကြောင်း ဝါရှင်တန်ကို အစီရင်ခံခဲ့တဲ့အပြင် မြန်မာစစ်တပ် ထောက်လှမ်းရေးအရာရှိ တယောက်က တင်ပြတဲ့ အစီရင်ခံစာတစောင်ကိုလည်း ပို့ပေးလိုက်ပါတယ်။ ဒီထောက်လှမ်းရေးအစီရင်ခံစာမှာ ထိုင်းနဲ့ အမေရိကန် ဝန်ထမ်းတွေဟာ လက်နက်တွေကို ထိုင်းနိုင်ငံ မြောက်ပိုင်းက တရုတ်ဖြူတပ်တွေလက်ထဲ လွှဲပြောင်းပေးခဲ့ကြောင်း၊ အဲဒီလို လွှဲပြောင်းပေးတဲ့နေရာမှာ “အမေရိကန် စစ်သံမှူးရုံးက တပ်ကြပ်ကြီး ဟတ်ဖ်မန်း က သံရုံးကိုယ်စား လာရောက်ကြောင်း” ဆိုလာလည်း ပါတယ်။ မြန်မာဘက်က အစီရင်ခံစာမှာ “ရန်ကုန်က [အမေရိကန်] သံရုံးအနေနဲ့ ကျိုင်းတုံနယ်က ကေအမ်တီ အကြွင်းအကျန်တွေနဲ့ မပတ်သက်လိုပေမယ့် ဘန်ကောက်မှာရှိတဲ့ အမေရိကန်သံရုံးကတော့ ဒီပုံအတိုင်း မတွေးပါဘူး” လို့လည်း ပါပြန်တယ်။

မေလ ၄ ရက်နေ့မှာတော့ စိတ်ပျက်လှပြီဖြစ်တဲ့ စဝ်ခွန်ချို က မြန်မာအစိုးရအနေနဲ့ ကေအမ်တီ အရေးကို ကုလသမဂ္ဂဆီ တင်ပြဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သံအမတ်ကြီး ကီးကို ပြောလိုက်ပါတယ်။ ဒီလိုခြိမ်းခြောက်လိုက်တာကို ဝါရှင်တန်က ဘာမှ မတုံ့ပြန်ပါဘူး။ အိန္ဒိယ ဝန်ကြီးချုပ် ဂျာဝါဟာလာ နေရူးရဲ့ အကြံပေးချက်အရ မြန်မာအစိုးရကလည်း ဒီကိစ္စကို တကယ် အကောင်အထည် မဖော်ပါဘူး။ ကုလသမဂ္ဂက ဆုံးဖြတ်ချက်နဲ့ သူ့တပ်တွေ ပြန်ဆုတ်ရတယ်ဆိုကို ထိုင်ပေအနေနဲ့ လိုလားမှာ မဟုတ်ဘူး၊ အဲဒီလို ဖြစ်လာရင် ပေကျင်းက ဝင်ရောက်စွက်ဖက်အောင် တံခါးဖွင့်ပေးလိုက်တာနဲ့ အတူတူပဲလို့ နေရူး က သတိပေးပါတယ်။ အဲဒီအတောအတွင်းမှာ ထိုင်ပေတပ်တွေကို လက်နက်ဖြုတ်ပြီး ဖျက်သိမ်းပစ်ဖို့ မြန်မာနိုင်ငံအနေနဲ့ အတတ်နိုင်ဆုံး ဆောင်ရွက်မှာဖြစ်ကြောင်း နေရူး က ပေကျင်းကို နှစ်သိမ့်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးကလည်း နယူးဒေလီရဲ့ အဆိုကို ထောက်ခံလိုက်ပါတယ်။ မြန်မာဘက်ကနေ ကုလသမဂ္ဂတက်ဖို့ပဲ ထပ်လောင်းပြောကြားပေမယ့် တရုတ်ဖြူတွေကို ထောက်ပံ့ပေးနေတာကို ရပ်ဆိုင်းဖို့ ထိုင်းကို စည်းရုံးဖို့ မြန်မာက ဝါရှင်တန်ကို တောင်းဆိုပါတယ်။ အမေရိကန်က ဒီတောင်းဆိုချက်ကို ဘေးချိတ်ထားလိုက်ပြီး လီမီ့တပ်ကလည်း ယူနန်ကို ဆက်ချီတက်သွားပါပြီ။

မေလ ၁၈ ရက်နေ့ ကီး နဲ့ တွေ့ကြတဲ့အချိန်မှာ စဝ်ခွန်ချိုက ကျိုင်းတုံနယ်က တရုတ်ဖြူတွေနဲ့ အတူရှိနေတဲ့ “အမေရိကန်နှစ်ယောက်” ထဲက တယောက်ရဲ့ နာမည်ဟာ “ဗိုလ်မှူး စတီးဝပ်” ဖြစ်တယ်လို့ ဆိုပါတယ်။ စတီးဝပ် ဆိုတဲ့ နာမည်ရဲ့ အမေရိကန် ကြည်းတပ် အရာရှိ တယောက် အရှေ့တောင်အာရှမှာ ရှိမရှိ ကီး က နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဘန်ကောက်က သံရုံးကို လှမ်းမေးပါတယ်။ အရှေ့တောင် အာရှမှာ စတီးဝပ် ဆိုတဲ့ အမေရိကန် စစ်အရာရှိ မရှိကြောင်း၊ စီအေတီ လေကြောင်းလိုင်း ဝန်ထမ်းတွေထဲမှာတော့ ဒီနာမည်နဲ့ လူတယောက်ရှိကြောင်း ကီး ပြန်သိရလိုက်ရပါတယ်။ တရုတ်ဖြူ ယူနန်တပ်တော်ကို မြန်မာနိုင်ငံကနေ ထွက်ခွာပြီး ယူနန်ကို ချီတက်တော့မှာမို့လို့ ဝါရှင်တန်က အမေရိကန်တွေ ပါဝင်ပတ်သက်မှု ရှိမရှိဆိုတဲ့ မေးခွန်းကို ပယ်ချလိုက်ပါတယ်။ စတီးဝပ် ဟာ အမေရိကန် ကြည်းတပ် အရာရှိ တယောက်မဟုတ်ကြောင်း နိုင်ငံခြားရေးရုံးကို ကီး က အကြောင်းပြန်လိုက်ပေမယ့် စီအေတီ လေကြောင်းလိုင်းနဲ့ ပတ်သက်နေကြောင်းကိုတော့ ထိန်ချန်ထားလိုက်တယ်။ 8 မြန်မာနိုင်ငံက တရုတ်ဖြူတပ်တွေကို ထိုင်းနိုင်ငံက တဆင့် လက်နက်ထောက်ပံ့ပေးနေတာကို စိတ်ပျက်နေတဲ့ သံအမတ်ကြီး ကီး ဟာ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေနဲ့ အမေရိကန် နိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ်ကို ရုတ်သိမ်းပေးဖို့နဲ့ ထိုင်းနိုင်ငံက မြန်မာနိုင်ငံထဲ လက်နက်တွေ ပို့ပေးနေတာတွေကို တားဆီးပေးဖို့ ဝါရှင်တန်ဆီ တောင်းဆိုလိုက်ပါတယ်။ ဝါရှင်တန်ကတော့ ဘာမှ မတုံ့ပြန်ပါဘူး။

အမေရိကန်တွေက လက်နက်တွေ ပို့ဆောင်ပေးခြင်း

၁၉၅၁ မေလလယ်ပိုင်းမှာ လီမီနဲ့ သူ့မြောက်ပိုင်းက တိုက်ခိုက်ရေးတပ်တွေဟာ မိုင်းမောက ယုံဟိုဆီ ချီတက်ပါတယ်။ ယုံဟိုဆိုတာ မြန်မာနိုင်ငံ ‘ဝ’ နယ်နဲ့ ယူနန်ပြည်နယ် ချန်းယွမ်ခရိုင် အကြားမှာ ရှိတယ်။ ‘ဝ’ ခရစ်ယာန် မိသားစု ၃၀၀ လောက် နေထိုင်နေကြတယ်။9 မေလ ၂၄ ရက်နေ့ အရုဏ်တက် မှောင်မှောင်မည်းမည်းထဲမှာပဲ လီကော်ဟွေးက တပ်မ (၁၉၃) ကို ဦးဆောင်ပြီး ယုံဟိုကနေ မြောက်ဘက်ငါး မိုင်လောက်မှာ ရှိတဲ့ မုန်းတုံကို အခုအခံမရှိ ချီတက်နိုင်ကြတယ်။ 10 ယူနန်ထဲမှာ ရှိတဲ့ လားဟူနဲ့ ‘ဝ’ လူမျိုးတွေ ကိုယ်စား မားကပ် ဗင်းဆင့် ယန်းရဲ့ နှစ်ခြင်းသာသနာဝင် လားဟူ တစုနဲ့ ‘ဝ’ လူမျိုး တရားဟောဆရာ တယောက်က တရုတ်ဖြူ ယူနန်တပ်တော်နဲ့ လာညှိတယ်။ 11 လီကော်ဟွေးလည်း ပါလာတယ်။

လီကော်ဟွေးရဲ့ အမြဲတမ်းတပ်တွေနဲ့ ဖုချင်းယွင်ရဲ့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်မ တို့ဟာ ယူနန်ပြည်နယ်ထဲကို တိုက်ရိုက်ဝင်လာကြတယ်။ တရုတ်ဖြူ ယူနန်တပ်တော်က တခြား ပုံမှန် မဟုတ်တဲ့ တပ်ဖွဲ့ သုံးဖွဲ့က မြောက်ဘက်က မြန်မာနိုင်ငံ ကိုးကန့်နယ်ဘက်ကနေ လှည့်ဝင်တယ်။ လီကော်ဟွေးရဲ့ ပင်မတပ်ဖွဲ့ မြောက်ဘက်တည့်တည့်ကနေ လော်ရှောက်ဝင်က သူ့ရဲ့ စစ်ကြောင်း (၇) နဲ့ လီဝင်ဟွမ့်ရဲ့ စစ်ကြောင်း (၈) တို့ကို ဦးစီးပြီး အရှေ့ဘက်စူးစူးက ကျင့်ခန်း (ယုံခန်း) ကို ချီတက်သွားတယ်။ အဲဒီမှာ ခရိုင်ဝန်အပြင် လက်နက်ကိုင်အဖွဲ့ တပ်မှူးဖြစ်တဲ့ လီဝင်ဟွမ့်နဲ့ပါ ဆုံကြဖို့ ချိန်းထားတယ်။ အမြဲတမ်းတပ် မဟုတ်တဲ့ တတိယမြောက် တပ်ဖွဲ့ဖြစ်တဲ့ လီထိုက်ရှင့် ဦးစီး တပ်ဆွယ်ကတော့ စစ်ကြောင်းကြီးက ခွဲပြီး မြန်မာနိုင်ငံ ကိုးကန့်နယ်မှာ နေရစ်ခဲ့တယ်။ လီထိုက်ရှင့်ဟာ အရင်က နယ်စပ် ဓားပြတောင် ဖြစ်ဖူးပြီး ဘဝစုံတဲ့လူ။ တရုတ်ဖြူ ယူနန်တပ်တော်ဆီက လက်နက်တွေ ယူထားတယ် ဆိုပေမယ့် ကွန်မြူနစ်နဲ့ မတိုက်ဘူးဆိုပြီး ဆုံးဖြတ်ထားသူ ဖြစ်တယ်။ ရလာတဲ့ လက်နက်အသစ်တွေနဲ့ သူတို့အဖွဲ့က ဓားပြပြန်တိုက်စားကြတယ်။

လီကော်ဟွေးရဲ့ ပင်မတပ် မြောက်ဘက်က ဝင်တဲ့တပ်တွေဟာ မေလ ၃၁ ရက်နေ့မှာ နန်ဆန်ရွာနားကနေ ယူနန်ကို ဝင်ကြတယ်။ 12 လော်ရှောက်ဝင်နဲ့ လီဝင်ဟွမ့် တို့က သူတို့တပ်တွေကို ဦးစီးပြီး ဝန်တင် တိရစ္ဆာန်တန်းရှည်ကြီးနဲ့ ကျင့်ခန်းခရိုင်ရုံးစိုက်ရာကို ချီတက်ကြတယ်။ တရုတ်နီ တပ်မ (၄၂) က တပ်ရင်း တရင်းဟာ ပေါင်ရှန်းက ဆင်းလာပြီး သူတို့လမ်းကို ပိတ်လိုက်တယ်။ 13 ဒါကြောင့် တရုတ်ဖြူတပ်တွေ က ဆုတ်ပြီး နမ့်တင်မြစ် တောင်ဘက်ကမ်း မုန်းတင်မြို့ မြောက်ဘက် တမိုင်လောက်မှာ ခံစစ်နေရာယူ တပ်စွဲလိုက်ကြတယ်။ နောက်ကလိုက်လာတဲ့ တရုတ်နီတပ်တွေကို မြစ်မြောက်ကမ်းမှာ ရပ်လိုက်ပြီး တရုတ်ဖြူ ယူနန်တပ်တော်ရဲ့ ဘယ်ဘက်တောင်ပံ စစ်ကြောင်းတွေ အရှေ့ဘက် ဆက်မချီတက်နိုင်အောင် ထိန်းထားနိုင်လိုက်တယ်။

နမ့်တင်မြစ်ကမ်းက တရုတ်ဖြူတပ်တွေရဲ့ တောင်ဘက် ၂၅ မိုင်လောက်က မုန်းတုံမှာတော့ လီကော်ဟွေး တပ်တွေက မြစ်လေးတစင်းဘေးမှာ လေထီးချပေးနိုင်တဲ့ကွင်း တခုဖြစ်အောင် ခုတ်ထွင်ကြတယ်။ ဇွန်လ ၅ ရက်နေ့မှာ စတီးဝပ်၊ မာက့်ခ်နဲ့ ထိုင်းရဲတပ်ဖွဲ့က ဆက်သွယ်ရေး ကျွမ်းကျင် တပ်ဖွဲ့ဝင် လေးယောက်ဟာ စီတီအေ လေကြောင်းလိုင်းပိုင် စီ−၄၆ အမျိုးအစား လေယာဉ်နှစ်စီးနဲ့ မဖြစ်ညစ်ကျယ် လေထီးချကွင်းလေး အပေါ် ပျံသန်းကြည့်ဖို့ သွားကြတယ်။14 လေယာဉ်နှစ်စီးစလုံးက အဲဒီလေထီးချကွင်းလေးကို တိမ်တွေ ဖုံးနေလို့ ရှာမတွေ့ကြဘူး။ နောက်တရက်မှာ စီ−၄၆ အမျိုးအစား လေယာဉ် တစီးထဲနဲ့ပဲ သွားတော့ ရာသီဥတု ကောင်းတဲ့အချိန်နဲ့တိုးလို့ လက်နက်ပစ္စည်း လေထီးဆယ်ခုစာ ချပေးနိုင်ခဲ့တယ်။ ရလာတဲ့ လက်နက် ခဲယမ်း အသစ်တွေကို လီမီက ယုံဟိုက ဖုချင်းယွင်ရဲ့ အမှတ် (၁) ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်မကို ဝေပေးခဲ့တယ်။ ဇွန်လ ၇ ရက်နေ့ကနေ ၁၂ ရက်နေ့အကြား စီ−၄၆ လေယာဉ်နဲ့ ဆယ်ခေါက် လေထီး သွားချပေးခဲ့တယ်။ တခေါက်ကို လေထီးဆယ်ခုစီ အထိအခိုက်မရှိ ချပေးနိုင်ခဲ့တယ်။ စုစုပေါင်း စီအေတီ လေကြာင်းလိုင်းက ၁၁ ခေါက်နဲ့ ရိုင်ဖယ်နဲ့ ကာဘိုင် အလက် ၃,၀၀၀ နီးပါးနဲ့ ကျည် ၁၆၀,၀၀၀ လောက် အပြင် တခြား အမျိုးမျိုးသော ပစ္စည်းတွေ ပို့ပေးနိုင်ခဲ့တယ်။ 15 အဲဒီအတောအတွင်း ဇွန်လ ၂၂ ရက်နေ့မှာ ချန်ကေရှိတ်က လီမီကို ထိုင်းဘတ် ၁.၂ သန်း (အမေရိကန် ဒေါ်လာ ၆၀,၀၀၀) ကို လီမီ ပြောတဲ့ စစ်သည်အင်အား ၂၀,၀၀၀ အတွက် လစာနဲ့ အသုံးစရိတ်အဖြစ် ပေးဖို့ သဘောတူလိုက်တယ်။ 16

မုန်းဆာ လေယာဉ်ကွင်း

လီကော်ဟွေးရဲ့ မြောက်ပိုင်း စစ်ကြောင်း မုန်းဆာ က လေယာဉ်ကွင်းကို သိမ်းဖို့ မလွှတ်ခင်မှာ လီမီက ချန်းယွမ်ခရိုင်ဝန် ထျန်းရှင့်ဝူ ဘက်ပြောင်းမယ့် ကိစ္စကို စစေချင်တယ်။ ခရိုင်ဝန်ရုံးဟာ လေယာဉ်ကွင်းရဲ့ တောင်ဘက် ၃၅ မိုင်အကွာက ယန့်ရွှိုင့်မှာ ရှိတယ်။ ၁၉၄၉ ဆောင်းဦးကာလမှာ ခရိုင်ဝန်ရဲ့ ‘ဝ’ လူမျိုး တပ်ဖွဲ့တွေက ကွန်မြူနစ်နဲ့ ပေါင်းပြီး ဒေသခံ စော်ဘွားတွေကို မြန်မာနိုင်ငံဘက်ရောက်အောင် တိုက်ထုတ်ဖူးကြတယ်။ နောက်ပိုင်းမှာတော့ လီမီနဲ့ ပြန်ပေါင်းတယ်။ ၁၉၅၁ မှာတော့ ထျန်းရှင့်ဝူ ရဲ့ တပ်ဖွဲ့တွေဟာ ချန်းယွမ်က ကွန်မြူနစ် ဆန့်ကျင်ရေးအဖွဲ့တွေကို ရှင်းထုတ်ဖို့လုပ်တယ်။ ခရိုင်ဝန်က ကွန်မြူနစ်ဘက် ပြောင်းလိုက်တယ် ဆိုပေမယ့် အပြည့်အဝ ပေါင်းတာ မဟုတ်ဘဲ တရုတ်ဖြူ ယူနန်တပ်တော်ဘက်ပါဖို့ စည်းရုံးတာကိုလည်း လက်ခံထားပြီး အချိန်တန်ရင် ဘက်ပြောင်းမယ်လို့ ပြောထားပါတယ်။

ဇွန်လထဲမှာ လီကော်ဟွေးက တပ်မ (၁၉၃) က စစ်သားတွေနဲ့ ‘ဝ’ လက်နက်ကိုင် ပူးပေါင်းအဖွဲ့ကို ယန့်ရွှိုင့်ဆီ လွှတ်လိုက်တယ်။ ထျန်းရှင့်ဝူ ဘက်ပြောင်းဖို့ ကိစ္စ ဆွေးနွေးညှိနှိုင်းဖို့ ‘ဝ’ လူမျိုး တရားဟောဆရာလည်း ပါသွားတယ်။ ခရိုင်ဝန်က တရုတ်ဖြူတွေကို ရန်လုပ်ခဲ့ဖူးတာနဲ့ ပတ်သက်ပြီး လက်တုံ့ပြန်မှာ မဟုတ်ဘူး၊ တရုတ်ဖြူ ယူနန်တပ်တော်နဲ့ ပူးပေါင်းပြီးရင် သူ့လက်နက်ကိုင်အဖွဲ့ကို သူ့ကိုပဲ ကွပ်ကဲခိုင်းမယ်လို့ တရုတ်ဖြူတွေက အာမခံတယ်။ နောက်တရက်မှာပဲ ယန့်ရွှိုင့်ကို ကာကွယ်နေတဲ့ ‘ဝ’ လက်နက်ကိုင်တွေ “လက်နက်ချ” တယ်။ သို့သော် ကွန်မြူနစ်တာဝန်ရှိသူတွေကို ဖမ်းပြီး တရုတ်ဖြူ ယူနန်တပ်တော်ကို လွှဲပေးရမယ် မူလက သဘောတူထားပေမယ့် အတော်များများကို လွှတ်ပေးလိုက်တယ်။ နောက်ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့ ပုံစံလို့ ယူဆနိုင်တယ်။ ဖောက်လွှဲဖောက်ပြန် လုပ်တတ်တာလေးကို တွေ့ရပေမယ့် လီမီ က ထျန်းရှင့်ဝူကို တရုတ်သမ္မတနိုင်ငံ သစ္စာခံ ခရိုင်ဝန်အဖြစ် ပြန်ခန့်တယ်။ သူ့လက်နက်ကိုင်အဖွဲ့ကို လွတ်လပ်တဲ့ တပ်ဆွယ်အဖြစ် ဖွဲ့စည်း တာဝန်ပေးတယ်။ လီကော်ဟွေးရဲ့ တပ်မ (၁၉၃) က အမြဲတမ်းစစ်သားတွေက အဲဒီ လက်နက်ကိုင်အဖွဲ့နဲ့ ပူးပေါင်းပြီး မုန်းဆာနဲ့ လေယာဉ်ကွင်းကို သွားတဲ့ လမ်းပေါ်က ရွှမ်းကျန်း (မုန်းမုန်း) မြို့ကို အလွယ်တကူ စီးနင်းနိုင်ခဲ့တယ်။ အမြဲတမ်း စစ်သားတွေက မုန်းတုံက တရုတ်ဖြူ ပင်မတပ်ဖွဲ့နဲ့ ပြန်လာပေါင်းနေပြီး ရွှမ်းကျန်းမှာ ‘ဝ’ တွေကို ထိန်းထားခိုင်းတယ်။

အဲဒီအတောအတွင်း ကိုင်မ စော်ဘွားဟောင်း ဟန်ယွိချင်း နဲ့ တပ်မ (၉၃) က ဗိုလ်မှူးကြီး ယောင်ချောင်း ဦးစီးတဲ့ တပ်ရင်းတရင်းဟာ လီကော်ချွမ်ရဲ့ တောင်ပိုင်းတပ်ဖွဲ့ကနေ မုန်းတုံဘက်ကို ထွက်လာကြတယ်။ သူတို့က ကိုင်မမှာ နောက်ထပ် တိုက်ခိုက်ရေးသမားတွေ စုဆောင်းပြီး မုန်းဆာ လေယာဉ်ကွင်းကို ချီတက်ဖို့ ရည်ရွယ်ထားတယ်။ ဟန်ယွိချင်း နဲ့ ယောင်ချောင်း တို့ လေယာဉ်ကွင်းဘက်ကို ချီတက်နေတဲ့အချိန်နဲ့ တပြိုင်နက် ထျန်းရှင့်ဝူရဲ့ ‘ဝ’ လက်နက်ကိုင်တွေကလည်း အရှေ့ဘက်က လာရောက်တိုက်ခိုက်မှာကို ကာကွယ်ဖို့အတွက် ရွှမ်းကျန်းကနေ မြောက်ဘက်ကို ချီတက်ကြတယ်။

ဇွန်လ ၂၅ ရက်နေ့အထိတော့ လီမီ့ ထိုးစစ်ဟာ ကစဉ့်ကလျား လန်ကျထွက်ပြေးရမယ့် အလားအလာ မတွေ့ရသေးပါဘူး။ လီမီ့တပ်တွေ မုန်းဆာကို ချီတက်ဖို့ အသင့်ဖြစ်နေတဲ့အချိန်မှာ ချန်ကေရှိတ် ကိုယ်တိုင် ပြောင်မြောက်တဲ့ စွမ်းဆောင်မှုတွေ အတွက် ဂုဏ်ပြုချီးကျူးကြောင်း ကြေးနန်းပို့ခဲ့တဲ့အပြင် တရုတ်ဖြူ ယူနန် တပ်တော်က အရာရှိကြီး အတော်များများကို ရာထူးတွေ တိုးပေးခဲ့ပါတယ်။ လီမီရဲ့ စစ်ဆင်ရေးမှာ စစ်သားတွေ ထောင်နဲ့ချီပြီး တိုးလာသလို အမေရိကန်တွေကလည်း သူတို့ ကတိပေးထားတဲ့အတိုင်း လက်နက်တွေ ပို့ပေးခဲ့ပါတယ်။ တရုတ်ဖြူ အမြဲတမ်း စစ်သားတွေနဲ့ လက်နက်ကိုင်တွေဟာ ဒေသတွင်းက ကွန်မြူနစ်တပ်တွေ အနိုင်တိုက်ခဲ့ပြီး မုန်းတုံ၊ ယန့်ရွှိုင့်နဲ့ ရွှမ်းကျန်းကို သိမ်းထားနိုင်ပါတယ်။ အရေးကြီးတာကတော့ ဟန်ယွိချင်းရဲ့ တပ်တွေနဲ့ ယောင်ချောင်းရဲ့ အမြဲတမ်း စစ်သားတွေက မုန်းဆာ လေယာဉ်ကွင်းကို တိုက်ခိုက်နိုင်တဲ့ အကွာအဝေးကို ရောက်နေပြီ။ မုန်းဆာ လေယာဉ်ကွင်းကိုသာ ရရင် ထိုင်ဝမ်းနဲ့ လေကြောင်းချိတ်ဆက်နိုင်မှာ ဖြစ်တယ်။ မြောက်ဘက်ပိုင်းက ကျင့်ခန်းဘက်ကနေ လိုက်တိုက်တဲ့ ကွန်မြူနစ် အဖွဲ့တွေကို လော်ရှောက်ဝင်နဲ့ လီဝင်ဟွမ့် နမ့်တင်မြစ်ကမ်းမှာ ခံစစ် နေရာကောင်းကောင်း ယူထားပြီး ထိန်းထားနိုင်လိုက်တယ်။

ကောင်းတာရှိသလို ဆိုးတာလည်း ရှိတာပါပဲ။ တရုတ် ယူနန်တပ်တော် အမြဲတမ်း စစ်သားတွေရဲ့ ညံ့ဖျင်းတဲ့ အရည်အချင်းတွေ ပေါ်လာပါပြီ။ သူ့တပ်တွေက လက်နက် ကောင်းကောင်း မရှိတဲ့ ဒေသခံ လက်နက်ကိုင်တပ်တွေ၊ ရဲတွေကိုလောက် တိုက်ခဲ့ရတာကို တရုတ်နီ အမြဲတမ်းတပ်တွေနဲ့ တိုက်ခိုက်ပြီး အောင်ပွဲရတာလို့ လီမီက ထိုင်ပေကို အစီရင်ခံပါတယ်။

မြေပုံ (၃) ယူနန်ကို တိုက်ခိုက်ခြင်း

လော်ရှောက်ဝင်နဲ့ လီဝင်ဟွမ့် တို့ တပ်ရင်းက ကျင့်ခန်းဘက်မှာ ရင်ဆိုင်ခဲ့ရတာကလွဲလို့ ကျန်တရုတ်ဖြူ ယူနန်တပ်ဖွဲ့တွေဟာ အမြဲတမ်းတပ်တွေနဲ့ မတိုက်ခဲ့ရသေးဘူး။ တကယ်တမ်း ရင်ဆိုင်ကြရတဲ့အခါ ကွန်မြူနစ်တွေက ပိုမိုထက်မြက်ကောင်းမွန်တဲ့ တပ်တွေဖြစ်တယ်ဆိုတာကို တွေ့လာကြရပါတယ်။

ဇွန်လ ၂၅ ရက်နေ့ မနက်၊ ဟန်ယွိချင်းရဲ့ စစ်ကြောင်း ကိုင်မ အနီးမှာ ရှိနေတာကြောင့် ကွန်မြူနစ် အာဏာပိုင်တွေက မြို့မြောက်ဘက်ဆီ ဆုတ်သွားကြလို့ သူ့တပ်တွေ မြို့ကို အခုအခံမရှိ ဝင်သိမ်းနိုင်ခဲ့တယ်။ သူရဲ့မြို့တော်ဟောင်းကို စစ်ဆေးပြီးတဲ့နောက် တပ်တွေကို မြို့ပြင်က ခံစစ်ကောင်းမယ့် ကုန်းမြင့်တွေပေါ် နေရာယူခိုင်းပြီး ကွန်မြူနစ်တွေ တန်ပြန်တိုက်ခိုက်မှာကို စောင့်ဆိုင်းနေတယ်။ တကယ်လည်း ဇွန်လ ၂၆ ရက်နေ့မှာ လာတိုက်ကြတယ်။ ဟိုရောက် ဒီရောက် နှစ်ရက်ကြာတိုက်နေကြရတာဟာ တရုတ်ဖြူ ယူနန်တပ်တော် အတွက် အောင်ပွဲဟာ ပြောင်းပြန် ဖြစ်သွားစေတဲ့ နိမိတ်ပဲ ဖြစ်ပါတော့တယ်။

တရုတ်ဖြူတပ်တွေ ကိုင်မမှာ ပိတ်မိနေတုန်း၊ ရွှမ်းကျန်းကနေ မြောက်ဘက်ကို ချီတက်လာပြီး ဟန်ယွိချင်းနဲ့ ယောင်ချောင်းတို့အရှေ့ဘက်ကနေ ကာပေးမယ့် ထျန်းရှင့်ဝူရဲ့ ‘ဝ’ တပ်ဆွယ်ကို ကွန်မြူနစ်တပ်တွေက ချုံခိုတိုက်တယ်။ ထျန်းရှင့်ဝူ က ချက်ခြင်းပြန်ဆုတ်တယ်။ ဒါကြောင့် ဟန်ယွိချင်း နဲ့ ယောင်ချောင်း တို့တပ်တွေရဲ့ ဘေးနံပွင့်သွားတော့တယ်။

ဟန်ယွိချင်းနဲ့ သူ့တပ်အတော်များများ မုန်းတုံကို ပြန်ဆုတ်ရတယ်။ ဒါကို ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ပျော့ကွက် ဆိုတာဟာ ရုတ်တရက် နာမကျန်းဖြစ်တာနဲ့ အတူတူပဲလို့ သူက ရှင်းပြတယ်။ ယောင်ချောင်းနဲ့ သူရဲ့ ဖွဲ့စည်းပုံအင်အား မပြည့်တဲ့ အမြဲတမ်း တပ်ရင်းကတော့ ကိုင်မမြို့ပြင်မှာပဲ ထီးထီးကြီး ကျန်ခဲ့တယ်။ အဲဒီအချိန်မှာ အင်အားပိုကောင်းတဲ့ တရုတ်နီ အမြဲတမ်းတပ်တွေကလည်း ချဉ်းကပ်လာပြီ။ မုန်းဆာ လေယာဉ်ကွင်းကို မရောက်ခင် ၁၈ မိုင် အလိုမှာပဲ လီမီ့ စစ်ဆင်ရေးရဲ့ အမြင့်ဆုံး အောင်မြင်မှုရေချိန်ကို ရောက်ခဲ့ပါတော့တယ်။

တရုတ်နီတပ်ရဲ့ တန်ပြန်တိုက်စစ်

တရုတ်နီ တပ်တော် (၁၄) တပ်တော်မှူးက ပေါင်ရှန်းမြို့မှာရှိတဲ့ သူ့ဌာနချုပ်မှာ အထိုင်ချထားတယ်။ တန်ပြန်တိုက်စစ် မစခင်မှာ ရန်သူ့တပ်တွေရဲ့ အစီအစဉ်၊ တပ်အခင်းအကျင်း၊ ရည်မှန်းချက်တွေကို ရှင်းရှင်းလင်းလင်း သိရအောင် စောင့်ကြည့်နေတယ်။ သူဟာ အတော်ကို စိတ်ရှည်တဲ့လူ။ ၁၉၅၁ ခုနှစ် နှစ်ဦးပိုင်းမှာ သူ့တပ်တော်က မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ ခရိုင်တွေက တရုတ်ဖြူလိုလားတဲ့ အုပ်စုတွေကို လိုက်လံနှိမ်နင်းခဲ့တယ်။ တရုတ်ဖြူတွေနဲ့ အပြိုင် ဒေသတွင်းရဲတပ်ဖွဲ့တွေ၊ ပြည်သူ့စစ်တွေ ဖွဲ့ပေးတယ်။ တရုတ်နီ တပ်တော်မှူးဟာ ပြည်သူ့စစ်တွေနဲ့ သူ့အမြဲတမ်းစစ်သားတွေကို စုဖွဲ့ပြီး တရုတ်ဖြူ ယူနန်တပ်တော် က မုန်းဆာ လေယာဉ်ကွင်းကို သွားမယ့်လမ်းကို ပိတ်လိုက်တယ်။ လီမီ့ အမြဲတမ်းစစ်သားတွေထဲမှာ တရုတ်နီ အမြဲတမ်းစစ်သားတွေနဲ့ ရင်ဆိုင်ခဲ့ရတာက လီကော်ဟွေးရဲ့ တပ်မ (၁၉၃) ပဲ ဖြစ်ပါတယ်။ အဲဒီတပ်မကလည်း တကယ်တမ်းကြတော့ တပ်ရင်းကြီး ဖွဲ့စည်းပုံ အင်အားတောင် မပြည့်ပါဘူး။ သူတို့က ကိုင်မမြို့နားက ယောင်ချောင်းကို မျှော်လင့်ချက်ထားပြီး နယ်စပ်ဒေသ မုန်းတုံမြို့နားပဲ တဝဲလည်လည်နဲ့ နေကြပါတယ်။ တိုက်ပွဲဖြစ်မယ့်နေရာတွေနဲ့ အတော်ဝေးပါတယ်။

အသေအချာ ပြင်ဆင်ချိတ်ဆက်ထားတဲ့ ကွန်မြူနစ်ဘက်က တန်ပြန်တိုက်စစ်က ဇွန် ၂၈ ရက်နေ့မှာ စပါတယ်။ ကိုင်မ၊ ရွှမ်းကျန်း၊ ယန့်ရွှိုင့်နဲ့ မုန်းတင် မှာ ပြန့်ကြဲနေတဲ့ တရုတ်ဖြူ တပ်ဖွဲ့တွေကို စစ်မျက်နှာ အကျယ်ကြီး ဖွင့်ပြီး တိုက်ပါတယ်။ လီမီ့ အမြဲတမ်းမဟုတ်တဲ့ တပ်သားတွေဟာ တရုတ်နီ အမြဲတမ်းတပ်နဲ့ ‘ဝ’ လူမျိုး ပြည်သူ့စစ် စုစုပေါင်း ၆,၀၀၀ လောက်ကို ရင်ဆိုင်ရပါတယ်။ တရုတ်နီတပ်ရဲ့ တန်ပြန်တိုက်စစ်မှာ အဆိုးရွားဆုံး ရင်ဆိုင်လိုက်ရတယ်။ ဒီလို ဆိုးရွားတဲ့ အခြေအနေမှာတောင် တရုတ်ဖြူ တပ်ဖွဲ့ တချို့က ရွတ်ရွတ်ချွံချွံပြန်တိုက်နိုင်ခဲ့တယ်။ တပ်အတော်များများက ဝင်တိုက်ဖို့ ရွံ့နေကြတယ်။ တပတ်အတွင်းမှာ လီကော်ဟွေးရဲ့ စစ်ကြောင်းဟာ မြန်မာနိုင်ငံဘက်ကို မုန်းတုံနဲ့ ယုံဟို လမ်းကြောင်းကတဆင့် ပြန်ဆုတ်ဝင်လာကြရတော့တယ်။

ဇွန်လ ၂၉ ရက်နေ့ တရုတ်နီ တပ်ရင်းကြီး တခုက နမ့်တင်မြစ်ကို ဖြတ်ပြီး လော်ရှောက်ဝင်နဲ့ လီဝင်ဟွမ့် တို့ တပ်တွေရှိတဲ့ မုန်းတင်မြို့ တိုက်ပွဲဟာ ဒီတိုက်ပွဲစဉ်မှာ အပြင်းအထန်ဆုံး ဖြစ်တယ်။ မြစ်တလျောက်တိုက်ပွဲ အရှိန်မြင့်လာတဲ့အခါ နောက်ထပ် တရုတ်နီ တပ်ရင်းကြီး တခုက မြစ်နားက တရုတ်ဖြူတပ်တွေရဲ့ အရှေ့ဘက်က တောင်ဘက်ကိုရွှေ့ ချီတက်သွားတယ်။ မုန်းတုံကို သွားသိမ်းပြီး မြန်မာနိုင်ငံဘက် ပြန်ဆုတ်တဲ့ လမ်းကို ပိတ်ဖို့ဖြစ်တယ်။ အခုလို ချောင်ပိတ်မိနေတဲ့ အခြေအနေအရ လော်ရှောက်ဝင်၊ လီဝင်ဟွမ့်နဲ့ သူတို့တပ်တွေဟာ ပြန်ဆုတ်ဖို့ပဲ ရှိတော့တယ်။ ဇွန်လ ၂၉−၃၀ မှာ မုန်းတုံကို ဖြတ်ပြီး နောက်တရက်မှာ ယုံဟိုကတဆင့် မြန်မာနိုင်ငံဘက်ကို ဝင်နိုင်ခဲ့တယ်။ တရုတ်နီတပ်ထက် ခြေတလှမ်းဦးသွားနိုင်တယ်။

တရုတ်နီတပ်က မုန်းတုံဘက် ရုတ်တရက် ချီတက်လာလို့ ယောင်ချောင်နဲ့ သူ့တပ်တွေလည်း အန္တရာယ် ကြီးကြီးမားမားနဲ့ ရင်ဆိုင်ရပါတော့တယ်။ သူ့တပ်တွေဟာ ကိုင်မ မြောက်ဘက်မှာ ထီးထီးကြီး ဖြစ်ပါတယ်။ အရှေ့ဘက်မှာတော့ တခြား တရုတ်ဖြူတပ်တွေ ရှိနေသေးတယ်။ အဲဒီတပ်တွေက မုန်းဆာ လေယာဉ်ကွင်းသွားတဲ့လမ်းမှာ ပိတ်ဆို့ထားတဲ့ တရုတ်နီ အမြဲတမ်းတပ်တွေနဲ့ ရင်ဆိုင်ထားရတယ်။ သူ့လူတွေက မုန်းတုံ (ကိုင်မ လို့ ထင်တယ်) က အမြန်ဆုံးထွက်ရတယ်။ အစကတော့ သူ့တပ်မှာ အမေရိကန် အရာရှိနဲ့ ထိုင်း ရေဒီယို အော်ပရေတာတွေ ပါလာလို့ နောက်ထပ် လိုအပ်တဲ့ စစ်လက်နက် ပစ္စည်းတွေကို လေယာဉ်ကွင်းမှာ လေကြောင်းကနေ ချပေးမယ်လို့ မျှော်လင့်ထားပြီး အလေးအပင်တွေ မပါဘဲ ပေါ့ပေါ့ပါးပါး ချီတက်လာခဲ့ကြတာလေ။ အခုတော့ လေယာဉ်ကွင်းကိုလည်း မသိမ်းနိုင်၊ ရှိတဲ့ကျည်တွေကို ကုန်သလောက်ရှိပြီမို့လို့ ယောင်ချောင်းနဲ့ သူ့လူတွေဟာ ဆက်မတိုက်ချင်ကြတော့ဘူး။ တရုတ်နီတပ်က သူဆုတ်မယ့်လမ်းကို ခြိမ်းခြောက်နေပြီမို့လို့ ယောင်ချောင်းလည်း အမြန်ဆုံးနည်းနဲ့ မုန်းတုံ ကနေ မြန်မာနိုင်ငံဘက် ဆုတ်ရပါတော့တယ်။

ဇူလိုင်လ ၂ ရက်နေ့မှာ တရုတ်နီတပ်ရင်းကြီး တခုနဲ့ ဒေသခံ ပြည်သူ့စစ်တွေ ကိုင်မ တောင်ဘက်ကနေ ချီတက်သွားပြီး ရွှမ်းကျန်းက ထျန်းရှင့်ဝူကို သွားဝိုင်းကြတယ်။ ထျန်းရှင့်ဝူကို သတ်လိုက်ပြီး သူ့နောက်လိုက် ‘ဝ’ လက်နက်ကိုင်တပ်တွေကိုလည်း ချေမှုန်းပစ်လိုက်တယ်။ နောက်နှစ်ရက်အကြာမှာ အောင်မြင်မှု ဆက်တိုက်ရနေတဲ့ တရုတ်နီတပ်တွေဟာ မုန်းတုံကို ရောက်တယ်။ အဲဒီအချိန်မှာ တရုတ်ဖြူ ယူနန်တပ်တော်က မြောက်ပိုင်းချီ တပ်ဖွဲ့ အတော်များများဟာ မြန်မာနိုင်ငံဘက်ကို ဘေးကင်းလုံခြုံစွာ ဆုတ်ခွာသွားပြီး ဖြစ်ပါတယ်။

လီမီက သူ့အမြဲတမ်းတပ်ဖွဲ့ဝင်တွေ ယုံဟိုကနေ မြန်မာနိုင်ငံ ‘ဝ’ နယ် တောင်ပိုင်းကို ဦးဆောင်ရွှေ့လာတယ်။ လီကော်ဟွေးနဲ့ သူ့တပ်မ (၁၉၃) ကို ဝိန်းငင်းမှာ ချန်ထားခဲ့တယ်။ နောက်သုံးပတ် အကြာမှာ စီအေတီ လေကြောင်းလိုင်းက ထိုင်းနိုင်ငံကနေ ဆန်နဲ့ တခြားထောက်ပံ့ရေး ပစ္စည်းတွေ လာချပေးတယ်။ လီမီ၊ သူ့ရဲ့ အနီးကပ် ဦးစီးအရာရှိ၊ အမေရိကန် နှစ်ယောက်နဲ့ ထိုင်းရေဒီယို အော်ပရေတာတွေကတော့ တောင်ဘက်ကို ဆက်ဆင်းလာပြီး လွီကော်ချွမ် ရဲ့ တပ်တော် (၂၆) ဌာနချုပ်စခန်းဖွင့်ထားတဲ့ မြန်မာနိုင်ငံထဲက မိုင်းညှင်း ကို ဇူလိုင် ၂၁ ရက်မှာ ရောက်တယ်။ နောက်တရက်မှာ ထိုင်းရဲတပ်ဖွဲ့ပိုင် ရဟတ်ယာဉ် တစီး ရောက်လာတယ်။ ဝက်စလန်း ဆီကောစကီး အမျိုးအစား ရဟတ်ယာဉ် ဖြစ်ပြီးတော့ ဆီးဆပ္ပလိုင်းက ထောက်ပံ့ပေးထားတာ ဖြစ်တယ်။ လီမီနဲ့ အမေရိကန်တွေကို ထိုင်းနိုင်ငံဘက် ပြန်ဖို့လာခေါ်တာပါ။ ရဟတ်ယာဉ် ပြန်အတက်မှာ စက်ချို့ယွင်းလို့ အရေးပေါ် ပြန်ဆင်းရပြီး နောက်မြီးဒလက် ပျက်စီးသွားတယ်။ မာက်ခ် လည်း အနည်းငယ် ဒဏ်ရာရသွားတယ်။ စစ်မြေပြင်မှာ ပြန်ပြင်လို့ မဖြစ်နိုင်လို့ ရဟတ်ယာဉ်ကို မီးရှို့ဖျက်စီးလိုက်ရတယ်။ လီမီ၊ အမေရိကန်တွေ၊ ထိုင်းလေယာဉ်မှူးတွေကို တရုတ်ဖြူ အမြဲတမ်းတပ်ဖွဲ့ဝင်တွေက ကုန်းကြောင်းကနေပဲ မိုင်းဆတ် အထိ လုံခြုံရေးယူပြီး လိုက်ပို့ရတယ်။ အဲဒီကမှ တဆင့် ဘန်ကောက်ကို သွားကြတယ်။ အမေရိကန် နှစ်ယောက်ကတော့ တိုကျို အထိ ပြန်ကြတယ်။

လီကော်ဟွေး ပင်မတပ်ရဲ့ တောင်ဘက်နား လားဟူ ထူဆူး တယောက်ဖြစ်တဲ့ ရှီပင်လင် ဦးစီးတဲ့ စစ်ကြောင်း ရှိတယ်။ ဒီလူကလည်း ထင်ရှားတဲ့ မြင်းဝန်တင်အဖွဲ့ခေါင်းဆာင်လည်း ဖြစ်တယ်။ အစောပိုင်းတုန်းက ကွန်မြူနစ် ပြည်သူ့စစ်တွေ သူ့ကို ကျိုင်းတုံနယ်ရောက်အောင် မောင်းထုတ်လိုက်တယ်။ ဒါကြောင့် သူက တရုတ်ဖြူ ယူနန်တပ်တော်နဲ့ ပေါင်းပြီး သူ့ဇာတိ မုန်းနိုင်းကို ပြန်သိမ်းပိုက်ဖို့ လိုက်လာခဲ့တယ်။ လားဟူ လူငယ်တွေကို စုဆောင်းပြီးနောက် သူ့မှာ အင်အား ၄၀၀ ရှိတယ်ပြောတယ်။ ဇွန်လနှောင်းပိုင်းမှာ ကွန်မြူနစ် ပြည်သူ့စစ်တွေက သူ့တပ်တွေကို မုန်းနိုင်းမှာ ဝိုင်းလိုက်ကြတယ်။ ဇူလိုင်လ အစောပိုင်း လီမီတို့ တပ်တွေ မြန်မာနိုင်ငံဘက် ပြန်ဆုတ်သွားတဲ့အခါ ရှီပင်လင်နဲ့ သူ့တပ်တွေလည်း မုန်းနိုင်းကနေ ဖောက်ထွက်ရတယ်။ မြန်မာနိုင်ငံဘက် လုံခြုံစွာ ဆုတ်နိုင်အောင် လီကော်ဟွေးကလည်း တပ်ကူလွှတ်ပြီး ခေါ်လာပေးတယ်။ သူ့တပ်ဟာ ယူနန်ကနေ နောက်ဆုံး ဆုတ်ခွာတဲ့ တရုတ်ဖြူ ယူနန် တပ်တော်က တပ်ဖွဲ့အနေနဲ့ ဇူလိုင် ၁၃ ရက်မှာ ထွက်လာနိုင်ခဲ့တယ်။

မြောက်ပိုင်းက စစ်ကြောင်း ခွက်ခွက်လန် ရှုံးခဲ့တာကို တောင်ပိုင်းက ယောင်ပြစစ်ကြောင်းရဲ့ ပဟေဠိဆန်တဲ့ စွမ်းဆောင်နိုင်မှုက အဖတ်ဆယ်နိုင်ခဲ့ပါတယ်။လွီကော်ချွမ် က ယူနန်ပြည်နယ် လန်ချန်းခရိုင် မြန်မာနိုင်ငံထဲက မိုင်းယန်း ကိုရောက်တယ်။ သူ့မှာ အမြဲတမ်း စစ်သား ရာဂဏန်းရှိပြီး ပျောက်ကြားတွေလည်း ပါတယ်။ လီမီက ထိုင်ပေကို ပို့တဲ့ အစီရင်ခံစာတွေအရ ဆိုရင် လွီကော်ချွမ်က ယူနန်နယ်ထဲ ဝင်ပြီး နန်ချောင် (မုန်းစယ်) လေယာဉ်ကွင်းကို သိမ်းရမယ်။ နောက်တော့ ဖုဟိုင် (မုန်းဟိုင်း) နဲ့ ချေးလီ (ကျိုင်းရုံး) ချီတက်မယ်။ လီကော်ဟွေး မြောက်ပိုင်းကို ဝင်မတိုက်ခင် လွီကော်ချွမ် က အခုလို ကြိုတင်ပြီး ဝင်တိုက်ရမှာ ဖြစ်တယ်။ မြောက်ပိုင်းစစ်ကြောင်းက အဓိက ရည်မှန်းချက်ဖြစ်တဲ့ မုန်းဆာ လေယာဉ်ကွင်းကို သိမ်းနိုင်ဖို့အရေး တရုတ်နီတပ်တွေ တောင်ဘက်ကို ဆင်းလာအောင် စစ်မြှူတာဖြစ်တယ်။

အဲဒီအစား လွီကော်ချွမ်ရဲ့တပ်တွေ ယူနန်ပြည်နယ်ထဲမှာ သွားလှုပ်ရှားရမယ့်အစား မြန်မာနိုင်ငံမှာ ရှိနေတာ ပိုကြာသွားတယ်။ တရုတ်သမ္မတနိုင်ငံ တရားဝင် စာရွက်စာတမ်းတွေအရ သူ့ယောင်ပြထိုးစစ်ဟာ မေလ အစောပိုင်း ကတည်းက အမြဲတမ်းမဟုတ်တဲ့ တပ်တွေနဲ့ ယူနန်ပြည်နယ် ဖုဟိုင် (မုန်းဟိုင်း) အနီးတဝိုက်မှာ စလှုပ်ရှားတာဖြစ်တယ်။ လီကော်ဟွေးရဲ့ မြောက်ပိုင်းစစ်ကြောင်းက မုန်းတုံ ကို မတိုက်ခင် သုံးရက် မေလ ၂၁ မှာ တောင်ပိုင်းစစ်ကြောင်းဟာ ယူနန်နယ်စပ်က မုန်းမ နဲ့ အနီးအနား ကျေးရွာတွေမှာ ပုန်းလျှိုးကွယ်လျှိုး နေရာယူပြီး ဖြစ်ပါတယ်။ လီကော်ဟွေး မုန်းတုံကို သိမ်းပြီး နှစ်ပတ်အကြာ ဇွန်လ ၆ ရက်မတိုင်မီ တပ်မ (၉၃) နဲ့ အမြဲတမ်းမဟုတ်တဲ့ တခြားတပ်ပေါင်းစုံဟာ အရှေ့မြောက်ဘက် ဝန်တင်လမ်းအတိုင်း မိုင် ၂၀ လောက် ဆက်ချီတက်ပြီး မိုင်းလင်းမြို့ကို သိမ်းပါတယ်။ အဲဒီညမှာပဲ ကွန်မြူနစ် ပြည်သူ့စစ်တွေကို ပြန်လည်တိုက်ခိုက်ပြီး အလွယ်တကူပဲ တရုတ်ဖြူတွေကို မြန်မာနိုင်ငံဘက်အထိ မောင်းထုတ်နိုင်ခဲ့တယ်။ နောက်ကျလှတဲ့ လွီကော်ချွမ်ရဲ့ ယောင်ပြ တိုက်စစ်ဟာလည်း အဆုံးသတ်သွားရတော့တယ်။ လွီကော်ချွမ်ဟာ တပ်တော် (၂၆) လေ့ကျင့်ရေး သင်တန်းကျောင်းကို မိုင်းညှင်းမှာ ဖွင့်ဖို့ ဇူလိုင်လအတွင်းမှာ မြန်မာနိုင်ငံ အတွင်းကို ပြန်ရောက်လာတယ်။

မြန်မာနိုင်ငံဘက် ပြန်လာရခြင်း

အသစ်ဖွဲ့စည်းလိုက်ပြီး တရုတ်ဖြူ ယူနန် တပ်တော်အနဲ့ မြန်မာနိုင်ငံဘက်ကို ပြန်ပါလာတဲ့ ပျောက်ကြား တပ်ဖွဲ့ စုစုပေါင်း အင်အားဟာ ၁၁,၀၀၀ လောက်ရှိတယ်။ ‘ဝ’ နယ်တွေက လီကော်ဟွေး အောက်မှာ ၉,၀၀၀ လောက်ရှိပြီး၊ ကျိုင်းတုံနယ် မိုင်းယန်း၊ မိုင်းညှင်း ဘက်က လွီကော်ချွမ်း အောက်မှာ ၂,၀၀၀ လောက် ရှိပါတယ်။ လူဦးရေကျဲပါးနဲ့ ကျိုင်းတုံနယ်နဲ့ ‘ဝ’ နယ်အတွင်းမှာ ဒီလောက် အင်အားများတဲ့ စစ်သားတွေ အတွက် စားနပ်ရိက္ခာ မလောက်ငနိုင်ပါဘူး။ ကိုယ့်ဘာသာ ရှာဖွေစားနိုင်ရန်အတွက် တရုတ်ဖြူ ယူနန် တပ်တော်ကို တကွဲတပြားစီ ဖြန့်ကြက်ထားရလို့ လီမီအတွက် တပ်တွေကို ကွပ်ကဲထိန်းချုပ်ဖို့ ပြဿနာ ပိုမိုကြီးထွားလာပါတော့တယ်။ ဩဂုတ်လ ၁၅ ရက်နေ့က ထွက်လာတဲ့ မြန်မာနိုင်ငံ စစ်ရုံးက လေ့လာဆန်းစစ်မှုအရဆိုရင် လီမီ့တပ်မှာ အတွေ့အကြုံရှိ ဝါရင့် စစ်သား ၁,၅၀၀ လောက်ပဲ ရှိမယ်၊ ကျန်တဲ့သူတွေက မီးကျိုးမောင်းပျက် သေနတ်တွေကိုင်ထားတဲ့ “ဝရုန်းသုန်းကား” လူအုပ်ကြီးသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ယူနန်ပြည်နယ်မှာ “ကူမင်တန်တွေဟာ တိုက်ရည်ခိုက်ရည် ညံ့ဖျင်းကြောင်း ပြသလိုက်တယ်” လို့ မှတ်ချက်ပေးပါတယ်။ လီမီ့တပ်မှာ လူအင်အားများပေမယ့် စားနပ်ရိက္ခာ ပြတ်လပ်နေတဲ့ အပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း ကျဆင်းနေပါတယ်။ ထိုင်းနိုင်ငံဘက်ကနေ လက်နက်ခဲယမ်း ပို့ပေးနေကြ လေယာဉ်တွေဟာ အခုတော့ အဓိက စားနပ်ရိက္ခာတွေ ပို့ပေးနေရပါတယ်။ မြန်မာအစိုးရ စိုးရိမ်ပူပန်မှု မဖြစ်စေရန် တရုတ်နီတပ်တွေက တရုတ်ဖြူတွေကို မြန်မာ့ပိုင်နက်ထဲ အထိ လိုက်မတိုက်ပါဘူး။ တရုတ်ဖြူ ယူနန်တပ်တော်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို မဖြေရှင်းနိုင်ဘူးဆိုတာကို မြန်မာအစိုးရက လက်ခံမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လီမီ့ “လျှို့ဝှက်” စစ်ဆင်ရေးအကြောင်းဟာ နိုင်ငံတကာ သတင်းဌာနတွေကတဆင့် အများသူငှာ သိကုန်ကြပါပြီ။ ထိုင်ဝမ်းက ဇူလိုင် ၂၈ ရက်နေ့ထုတ် ခုန်းရှန့်ရှီပေါင် သတင်းစာမှာ လီမီ ဦးဆောင်တဲ့ စစ်သား ၁၀,၀၀၀ က ထိုင်းနိုင်ငံကတဆင့် လက်နက်တပ်ဆင်ပြီး ယူနန်ကို တိုက်ခိုက်ကြောင်း သတင်း တပုဒ်ပါလာပါတယ်။ ဩဂုတ်လယ်မှာပဲ ရိုက်တာ သတင်းဌာနက လီမီရဲ့ ပျောက်ကြားတွေဟာ မြန်မာ−ယူနန် နယ်စပ်ဒေသ တလျောက် နယ်မြေကျဉ်းကျဉ်းလေးကို ထိန်းချုပ်ထားကြောင်း၊ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သမ္မတနိုင်ငံက အဆိုပါ တိုက်ခိုက်ရေးသမားတွေဆီ အပျော်တမ်းသမားများ အလွယ်တကူသွားရောက်နိုင်အောင်၊ လိုအပ်တဲ့ ပစ္စည်းများ လွယ်လွယ်ကူကူ ရောက်ရှိနိုင်အောင် ဆောင်ရွက်ပေးနေကြောင်း ဖော်ပြပါတယ်။ တခြား ရိုက်တာ သတင်းတပုဒ်မှာပဲ လီမီ့တပ်ဆီ ထိုင်းနိုင်ငံ အခြေစိုက် လေယာဉ်တွေက ထောက်ပံ့ရေးပစ္စည်းများ ပို့ပေးနေကြောင်း၊ အရှေ့တောင်အာရှာ တလွှားက ပင်လယ်ရပ်ခြား တရုတ်လူမျိုး အပျော်တမ်းတွေကို ဆွဲဆောင်နေကြောင်း ဖော်ပြထားပါတယ်။

ယူနန်ကိုဝင်တိုက်တာဟာ စစ်ရေးအရ ဆုံးရှုံးပါတယ်။ တရုတ်နီတွေကို ကိုးရီးယားစစ်ပွဲကနေ အာရုံမလွှဲနိုင်တဲ့ အပြင် လီမီ့တပ်ရဲ့ စစ်ရေးစွမ်းရည်ကိုလည်း ပြင်းပြင်းထန်ထန် မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ လီမီ့တပ်တွေကို ယူနန်ထဲရွှေ့ဖို့ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ထပ်ကာထပ်ကာ အမိန့်ပေးတာကို လိုက်နာတဲ့အနေနဲ့သာ အခုလို ဝင်တိုက်ရတာဖြစ်တယ်။ အနီးကပ် စိစစ်အကဲဖြတ် အရ တရုတ်ဖြူ ယူနန်တပ်တော် အောက်က တပ်အင်အား ၁၂,၀၀၀ လောက်ဟာ မြန်မာနိုင်ငံထဲမှာ ကျန်ရစ်တယ်လို့ ဆိုပါတယ်။ တိုက်ပွဲစဉ်မှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ အမြဲတမ်းစစ်သားတွေကတော့ ရလဒ်ကောင်းတန်သလောက် ကောင်းအောင် တိုက်နိုင်ခဲ့တယ်။ အမြဲတမ်းမဟုတ်တဲ့ လက်နက်ကိုင်တွေက အစပိုင်းမှာ ကွန်မြူနစ် ပြည်သူ့စစ်တွေကို ကောင်းကောင်းနှံနိုင်ပေမယ့် သူတို့မှာ လေ့ကျင့်ရေး၊ စည်းကမ်းနဲ့ လက်နက်တွေဟာ တရုတ်နီ အမြဲတမ်းတပ်တွေနဲ့ ယှဉ်ဖို့ မတတ်နိုင်ဘူး။ တပ်အတော်များများဟာ ဦးဆောင်မှု ညံ့ဖျင်းတယ်၊ တိုက်ပွဲဝင်လိုစိတ် နည်းပါးတယ်၊ ယူနန်ထဲ လိုက်သွားမယ့်အစား မြန်မာနိုင်ငံထဲမှာပဲ နေခဲ့ချင်ကြတယ်။

လီမီ့မှာက တရုတ်နီ အမြဲတမ်းတပ်ဖွဲ့တွေနဲ့ သူတင်ကိုယ်တင် တိုက်ခိုက်နိုင်တဲ့ တပ်အင်အား မလုံလောက်တဲ့အပြင် မရေရာ မသေချာတဲ့ ထောက်ပံ့ရေးလမ်းကြောင်းကလည်း ရှည်လျားတဲ့လှပါတယ်။ စုံစီနဖာ တွေ့ကရာ ကောက်သင်းကောက် စုထားတဲ့ အမြဲတမ်း မဟုတ်တဲ့တပ်တွေကို ကွပ်ကဲရ ခက်တာကလည်း အားနည်းချက် တခုပါပဲ။ ကွပ်ကဲထိန်းချုပ်ရခက်ခဲတဲ့အပြင် ဆက်သွယ်ရေးစက် နည်းပါးတဲ့အတွက် ထိရောက်တဲ့ ဆက်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ပါဘူး။ အကြီးမားဆုံး ပြဿနာကတော့ တပ်တခုလုံးမှာ စည်းလုံးညီညွတ်မှု ဒါမဟုတ် စည်းကမ်းသေဝပ်မှု မရှိတာပါပဲ။ လီမီ ကတော့ သူ့လက်အောက် တပ်မှူးတွေကို မြို့ပြရာထူး၊ စစ်ရာထူးတွေ ပေးအပ်နိုင်ပြီး တပ်ဖွဲ့စည်းပုံကို ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတပ်မှူးတွေဟာ နောက်လိုက်ငယ်သား ပုံစံထက် ထိန်းချုပ်ရခဲ့တဲ့ မဟာမိတ် ပုံစံပေါက်နေတယ်။ အဓိကအားဖြင့် ကိုယ့်အကျိုးစီးပွားကိုပဲ ရှာဖွေနေကြတဲ့ လူတွေဖြစ်တယ်။ ဒေသတွင်း ပြိုင်ဘက်တွေကို နှိမ်နိုင်အောင် လီမီဆီက လက်နက်တွေနဲ့ တရုတ်သမ္မတနိုင်ငံတော်ရဲ့ တပ်ရင်းတပ်ဖွဲ့ဆို ဂုဏ်ဒြပ် အဆင့်အတန်းတွေကိုပဲ အဓိက လိုချင်ကြတာပါ။

အခက်အခဲတွေ၊ ဆုံးရှုံးမှုတွေ ရှိခဲ့ပေမယ့် လီမီ့တပ်တော်ဟာ ယူနန်ကို ဝင်တိုက်နိုင်ခဲ့တယ်။ ထိုင်ပေကနေ ဝေဖန်နေကြတာတွေလည်း အသံတိတ်သွားတယ်။ အမေရိကန်တွေကို သူပေးထားတဲ့ ကတိလည်း တည်နိုင်လိုက်တယ်။ အမေရိကန်တွေကတော့ အပေးအယူ ကိစ္စနဲ့ နောက်ထပ်လက်နက် ပို့ပေးဖို့ကို လီမီ မျှော်လင့်ထားတဲ့ အချိန်ထက် စောပြီး ရပ်လိုက်ပါတော့တယ်။ ယူနန်ကနေ မိုင်းဆတ် အထိ ဆုတ်လာတုန်းက အမြဲတမ်းစစ်သားနဲ့ တခြား စစ်ဝန်ထမ်း နှစ်ထောင်လောက်ပဲ ရှိတာကနေ အခုဆိုရင် အင်အား ငါးဆလောက် အထိ တိုးလာခဲ့ပြီ။ တရုတ်အမျိုးသား ရည်မှန်းချက် အတိုင်း သူတို့ မလုပ်နိုင်ခဲ့ပေမယ့် မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ အတော်များများကို မထင်မှတ်နိုင်လောက်အောင် အလျင်အမြန် စိုးမိုးလာနိုင်တဲ့ အင်အားစုဖြစ်လာပါတော့တယ်။

  1. ဒီကျူးကျော်မှုအကြောင်း ပတ်သက်လို့ အသုံးအဝင်ဆုံး မှတ်တမ်းကတော့ တရုတ်သမ္မတနိုင်ငံရဲ့ တရားဝင် စာရွက်စာတမ်းတွေပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်ရေးမှတ်တမ်းတွေကတော့ ပြန်လည် ချိန်ထိုးနှိုင်းယှဉ်ကြည့်ဖို့ အသုံးဝင်ပါတယ်။ ရထားတဲ့ အချက်အလက်တွေကို ဒေါက်တာ ချင်ယီဟွေ့ ရဲ့ အကူအညီနဲ့ သုံးသပ်ကြည့်တဲ့အခါ လီမီ ဘယ်လို ယူနန်အနောက်ဘက်ပိုင်းကို ရောက်သွားသလဲ ဆိုတာကို အတိအကျကြီး မဟုတ်တောင် အတော်လေး နီးနီးစပ်စပ် ပုံဖော်နိုင်တယ်လို့ စာရေးသူတို့အနေနဲ့ ယုံကြည်ပါတယ်။
  2. အရင် တပ်တော် (၈) ရဲ့ တပ်မ (၂၃၇) လက်အောက်က တပ်ရင်းကြီး (၇၀၉) ပဲ ဖြစ်ပါတယ်။
  3. တရုတ်သမ္မတနိုင်ငံရဲ့ နာမည်ပေးတဲ့ စနစ်အရ ပြည်နယ်အစိုးရက ဖွဲ့စည်းပြီး ထိန်းချုပ်တဲ့ စစ်တပ်တွေကို ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ် လို့ခေါ်ပါတယ်။ 
  4. လီကော်ဟွေးက သူ့မှတ်တမ်းစာအုပ်ထဲမှာ “ဒေသသစ် မိုင်းမော” (မုန့်မော်ရှင်းတိဖန်း) လို့ တင်စားပါတယ်။
  5. ယန်း မိသားစုဟာ အမေရိကန်က လာတဲ့ သာသနာပြုတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ယူနန်ဘက်က ‘ဝ’ အပါအဝင် တခြား တောင်ပေါ်နေ လူနည်းစုတွေကြားမှာ ၁၈၉၂ ခုနှစ် ကတည်းက သာသနာပြုလာကြတာ ဖြစ်တယ်။ ဝီလီယံ မားကပ် ယန်း ကို ဘော့စတွန် သာသနာပြုအဖွဲ့က လွှတ်လိုက်တာဖြစ်ပြီး ကျိုင်းတုံနားမှာ သာသနာပြုအဖွဲ့ စတင်တည်ထောင်ခဲ့တယ်။ သူ့ကို တရုတ်နာမည် ယုံးဝေလီ လို့လည်း ခေါ်ကြတယ်။ သူနဲ့ သူ့သားဟာ လက်တင် စာလုံးတွေကိုသုံးပြီး လားဟူ နဲ့ ‘ဝ’ ဘာသာစကားတွေ အတွက် စာတီထွင်ပေးခဲ့ကြတယ်။
  6. တရုတ်ဖြူ ယူနန်တပ်တော်ရဲ့ ရေဒီယို ဆက်သွယ်ရေးစခန်းဟာ မယ်ဆိုင်မှာ ရှိပါတယ်။ အပြင်ပန်းအားဖြင့်တော့ ဘန်ကောက်က တရုတ်သမ္မတနိုင်ငံ စစ်သံမှူး ချန်ချိန်ရှီးရဲ့ အလွတ်သဘောဖွင့်ထားတဲ့ ရုံးတခု အသွင်ယူထားပါတယ်။ နောက်ရက်အနည်းငယ်အကြာမှာပဲ ချန်ချိန်ရှီးက လမ်းပန်းမြို့ အနားမှာ နောက်ထပ် အလွတ်သဘောရုံးတခု ထပ်ဖွင့်ပါသေးတယ်။ 
  7. အမှန်က ဆီးဆပ္ပလိုင်း ကုမ္ပဏီက ထိုင်းရဲတပ်ဖွဲ့ကိုပေးတာပါ။ ဒါပေမယ့်လည်း ထိုင်းဘုရင့်အစိုးရကို လက်နက်တွေပေးတယ်လို့ မှားပြောတာကလည်း နားလည်လက်ခံပေးနိုင်ပါတယ်။
  8. “ဗိုလ်မှူး စတီးဝပ်” ဆိုတဲ့လူ မြန်မာနိုင်ငံထဲမှာ တကယ်ရှိနေခဲ့ပါတယ်။ ၁၉၄၇ အမေရိကန် ကြည်းတပ်က ထွက်ပြီးနောက် ပေကျင်းမှာ တရုတ်ဘာသာကို သင်ယူတယ်။ ပြီးတော့ စီအေတီ လေကြောင်းလိုင်းမှာ အလုပ်လုပ်တယ်။ တရုတ်ပြည်တွင်းစစ် ကာလမှာ တရုတ်သမ္မတနိုင်ငံရဲ့ လေကြောင်းနဲ့ တပ်တွေ အပြောင်းအရွှေ့လုပ်တာကို စီမံခန့်ခွဲပေးရတယ်။
  9. လီမီ က သူတို့ဌာနချုပ်ကို ချန်းယွမ်ဘက်ကို ရွှေ့လိုက်ကြောင်း အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန ကို ပြောပါတယ်။ ချန်းယွမ်မြို့လား မုန်းတုံမြို့လား ဆိုတာ သေသေချာချာ မပြောဘူး။ 
  10. ၁၉၅၁ မေလလယ် အထိနဲ့ ၁၉၅၂ ဒီဇင်ဘာလ နောက်ပိုင်းမှာ မုန်းတုံ ဟ ချန်းယွမ်ခရိုင်ထဲပါတယ်။ ဒါကြောင့် မေလ မတိုင်ခင်အထိ ချန်းယွမ်ကို ခရိုင်လို့ အဓိပ္ပာယ် မထွက်အောင် ရေးရပါတယ်။ ချန်းယွမ်ခရိုင်မျာ မုန်းတုံ၊ ယန့်ရွှိုင့်၊ ယုံဟိုနဲ့ မုန်းချောင် မြို့နယ်တွေ ပါပါတယ်။ 
  11. လားဟူ လက်နက်ကိုင်အဖွဲ့ တပ်မှူးဖြစ်တဲ့ လီကျုံ့ဝင် ဟာ လီကော်ဟွေး လက်အောက်က တပ်မမှူး တယောက် ဖြစ်လာတယ်။ နောက်ပိုင်းမှာ တရုတ်ဖြူတွေ လုပ်တဲ့ ဖွံ့ဖြိုးရေးနဲ့ နေရာချထားရေး အကူအညီ အစီအစဉ်တွေမှာ ကူညီလုပ်ဆောင်ပေးတယ်။ 
  12. ဒီနေ့ခေတ် လောက်ကိုင်−ရန်လုံကျုံး−နန်ဆန် လမ်းကြောင်း ဖြစ်တယ်။ ဘာသာပြန်သူမှတ်ချက် 
  13. လီမီက သူ့ပင်မတပ်တွေကို မြန်မာနိုင်ငံဘက် ပြန်ဆုတ်ခိုင်းခဲ့တဲ့ ဇူလိုင်လ နောက်ပိုင်းအထိ အဲဒီပျောက်ကြား တပ်ဆွယ်တွေဟာ နယ်စပ်ဒေသမှာပဲ ချန်နေရစ်ခဲ့ကြပြီး ကျင့်ခန်းခရိုင် နယ်စပ်ဒေသတွေမှာ လုယက်ဖျက်ဆီး နေကြတယ်။ ဩဂုတ်လ တရုတ်နီ တပ်ရင်းကြီး (၁၂၃) လားရှင်းမှ ငြိမ်သက်သွားတယ်။
  14. တရုတ် အထောက်အထားတွေအရတော့ တရုတ်ဖြူ ယူနန်တပ်တော် အတွက် အမေရိကန် လက်နက်တွေကို စီအေတီ လေကြောင်းလိုင်းက မုန်းတုံ အနီးမှာ သွားချပေးရတယ်လို့ ဆိုတယ်။ ဒါပေမယ့် ရက်စွဲတော့ ကွဲလွဲနေကြတယ်။ စာရေးသူတွေ အနေနဲ့ အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန က တရားဝင် စာရွက်စာတမ်းတွေနဲ့ လေထီးချပေးတာကို လူကိုယ်တိုင် တွေ့ခဲ့တဲ့ လီကော်ဟွေးရဲ့ မှတ်တမ်းတွေကိုပဲ အဓိက ကိုးကားဖို့ ရွေးလိုက်ပါတယ်။ 
  15. အမ်−၁ ရိုင်ဖယ် ၈၇၅ လက်၊ ကာဘိုင် ၁,၉၉၃ လက်နဲ့ ရိုင်ဖယ်ကျည်နဲ့ ကာဘိုင်ကျည် ထောင်ပေါင်းများစွာ ပါပါတယ်။ အားလုံးဟာ အမေရိကန်လုပ်တွေချည်းပါပဲ။
  16. မုန်းတုံမှာ လေထီးနဲ့ ချပေးတဲ့အထဲမှာ ပိုက်ဆံ (အတုတွေ ဖြစ်ဖို့များပါတယ်) နဲ့ ယူနီဖောင်းတွေ ပါတယ်လို့ လီကော်ဟွေးနဲ့ ကွန်မြူနစ် စာရေးဆရာတွေရော နှစ်ဖက်စလုံးက ရေးကြပါတယ်။ ဇွန်လကုန်လောက်မှာ ချပေးတာပါ။ 
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar