Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၁၂ ရက် မြောက်နေ့ မြင်ကွင်း




မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၁၂ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၂၁

နောက်ထပ် ရင်ဆိုင်ရမယ့် D Day
ဒီနေ့ စက်တင်ဘာ ၁၂ ရက်နေ့ အနောက်ကမ္ဘာဘက်ခြမ်းစံတော်ချိန်မှာ မြန်မာအရေးလှုပ်ရှားသူတွေ နိုင်ငံတကာချီတက်ဆန္ဒပြထုတ်ဖော်မှု အကြီးအကျယ်လုပ်ကြတယ်။ ဆန်ဖရန်၊ နယူးယောက်နဲ့ အခြားမြို့ရွာတွေမှာ လူတွေ ရာထောင်ချီပြီး စုဝေးချီတက်ကြ ဆိုင်းဘုတ်ကိုင် တောင်းဆိုကြတယ်။ စက်တင်ဘာ ၁၄ ရက်နေ့မှာ စတင်မယ့် ကုလအထွေထွေညီလာခံကနေ မြန်မာလူထုထောက်ခံတဲ့ အမျိုးသားညီညွတ်ရေးအစိုးရဲ့ ကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုရေး ကုလနိုင်ငံများကို တောင်းဆို ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ မြန်မာတွေက အကျယ်လောင်ဆုံး ကြွေးကြော်အော်ဟစ်ဆန္ဒပြနေပေမယ့်လည်း နိုင်ငံတကာအစိုးရတွေကထဲက အချို့တလေက အခုချိန်ထိ တိတ်တဆိတ်ပဲ NUG ကို ထောက်ခံကြောင်း ပြောပါသေးတယ်။ အခုတော့ စက်တင်ဘာ ၁၄ နောက်ပိုင်းဆို အဖြေပေါ်တော့မှာ ဖြစ်ပါတယ်။

လက်ရှိ ကုလသမဂ္ဂမှာ ၇၅ ကြိမ်မြောက် ညီလာခံက ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့က စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့မှာ သက်တမ်းကုန်ဆုံးပါမယ်။ ၇၆ ကြိမ်မြောက် အထွေထွေညီလာခံက ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ (အင်္ဂါနေ့) မှာ စတင်မှာဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့အထိ တစ်နှစ် ကြာမြင့်ပါမယ်။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ရရေးအတွက် မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ ဖက်ဆစ်အုပ်စုနဲ့ NUG လို့ခေါ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တော်မှာ အပြင်းအထန် ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ ဖက်ဆစ်အုပ်စုကို အမြစ်ဖြုတ်ဖို့ NUG က ဆင်နွှဲနေတဲ့ စစ်ရေး ဒီဒေး (D-Day) လို ပြည်ပမှာလည်း နယူးယောက်မြို့တော်မှာ အခြေစိုက်တဲ့ ကုလသမဂ္ဂဆိုတဲ့ ကမ္ဘာ့နိုင်ငံပေါင်းစုံပါဝင်တဲ့ အဖွဲ့အစည်းကြီးကနေ စစ်အုပ်စုကို ငြင်းပယ်မောင်းထုတ်ဖို့ NUG က UN-ဒီဒေး ဆင်နွှဲရတော့မှာ ဖြစ်ပါတယ်။ “Credentials Challenge Campaign” လို့ လူသိများကြတဲ့ "ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်ခွင့်ရရေး သံတမန်ရေးရာတိုက်ပွဲကြီး" ဖြစ်ပါတယ်။

စက်တင်ဘာ ၇ မှာ NUG အစိုးရက မင်းအောင်လှိုင်စစ်ကောင်စီကို D-Day ကြေညာပြီး အရေးပေါ်အခြေအနေတရပ်ထုတ်ပြန် တရားဝင်စစ်ကြေညာထားပြီး ဖြစ်ပါတယ်။ အဲသည်နောက်မှာ ပြည်တွင်းစစ်ဟာ မြို့ပေါ်ကော ကျေးရွာမှာ ကျယ်ပြန့် များပြားလာနေပါတယ်။ အဲသည်အချိန်မှာ UN မှာ NUG အစိုးရကိုယ်စားလှယ် အသိအမှတ်ပြုဆက်လက်ခံယူပြီး နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိရေးကလည်း အလွန်အရေးပါတယ်လို့ ဆိုနိုင်ပါတယ်။ NUG အစိုးရအဖွဲ့ဝင်တချို့ အလွတ်သဘောပြောတာကတော့ UN အသိအမှတ်ပြုသည် ဖြစ်စေ မပြုသည်ဖြစ်စေ မြန်မာပြည်သူလူထုရဲ့ ထောက်ခံအားပေးမှု ကူညီဝန်းယံမှုက အရှိန်အဟုန်နဲ့ တည်ရှိနေဆဲမို့ အရေးတော်ပုံ အောင်ကို အောင်ရမည် ဖြစ်တယ်လို့ ဆိုပါတယ်။ ၇ လ လုံးလုံး ဝမ်းနည်းတယ်၊ စိုးရိမ်တယ်၊ စိတ်ပူတယ်ကလွဲလို့ ဘာမှထိထိရောက်ရောက်နဲ့ အကြမ်းဖက်ခံနေရတဲ့ ပြည်သူတွေဘက်က ရပ်တည်ဖို့ ပျက်ကွက်နေတဲ့ နိုင်ငံတကာအစိုးရတွေ ကုလလို အဖွဲ့အစည်းတွေဆီက သိပ်ပြီး မျော်လင့်ချက် မထားကြတာကလည်း လက်ခံနိုင်တဲ့အကြောင်းပြချက်ဖြစ်ပါတယ်။
နိုင်ငံရေးနည်းကော စစ်ရေးနည်းကိုပါ တရားဝင်ကိုင်စွဲပြီး တိုက်ပွဲဝင်နေပြီ ဖြစ်တဲ့ NUG အစိုးရနဲ့ ထောက်ခံသူ ပြည်သူတွေအတွက်ကတော့ ကုလဆုံးဖြတ်ချက်တွေ ညီလာခံထုတ်ပြန်ချက်တွေက အရင်တုန်းကလို သိပ်ပြီး ရင်ခုန်စရာရှိတော့မှာ မဟုတ်ဘူးထင်ပါတယ်။ Responsible to Protect - Myanmar Way … မြန်မာ့နည်း မြန်မာ့ဟန် R 2 P ကို မြန်မာတွေက ရွေးထားလိုက်ပြီမို့ မြန်မာပြည်၏ နွေဦးတော်လှန်ရေး အင်အားစုတွေက ရှေ့တိုးပြီး ရင်ဆိုင်ဖို့ပဲ ရှိပါတယ်။ တလောက ယုံကြည်ချက်ခြေတလှမ်း ကံစမ်းမဲလက်မှတ်ရောင်းပြီး NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို လှူကြဖို့ ဒေါ်လာ ၅ သန်းထက် ကျော်ပြီး ၇ သန်းနီးပါးတောင် ရထားပြီးပြီ မဟုတ်လား။ စစ်ရေးစာရိတ်ဟာ မြန်မာပြည်အရေးအတွက် လစဉ် ဒေါ်လာ သန်း ၂၀ လောက်ကို လိုနိုင်တယ်လို့ နွေဦးတော်လှန်ရေးအစပိုင်းတုန်းက NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောဖူးပါတယ်။ ၂ ပတ် ၃ ပတ်နဲ့ ငွေ ၆ သန်း ကျော်ရှာနိုင်တဲ့ အလှူခံတွေရဲ့ ဆက်လက်အားထုတ်မှုတွေနဲ့ တလ သန်း ၂၀ ဆိုတာ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပါဘူး။ လူထု၏ လစဉ် ထည့်ဝင်ငွေတွေကနေ တလ သန်း၂၀ဆိုတာ ဖြစ်နိုင်တယ်လို့ ဆိုရပါမယ်။

မြန်မာပြည်က လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံကို PDF တွေကို ပြည်တွင်း ပြည်ပက လှူဒါန်းတဲ့ ငွေကြေးဟာ အလွန်များပြားနိုင်တယ်ဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ ချင်းတိုင်းရင်းသားများရဲ့ အလှူခံပွဲတခု ဆန်ဖရန်ဘေးဧရိယာက One Myanmar Community Center မှာ သည်စနေမှာ လုပ်ကြတော့ ချင်းတိုင်းရင်းသား လူငယ်ခေါင်းဆောင်တဦးက သူတို့ ချင်း PDF တွေအတွက် စုပေါင်းလှူဒါန်းနေကြတာ ဒေါ်လာ ၅ သန်းကနေ ၁၀ သန်းနီးပါး ရှိနေပြီလို့ ပြောသွားတာ ကြားလိုက်ရပါသေးတယ်။ သူတို့ ချင်းတိုင်းရင်းသားတွေက တယောက်ကို တလ ဒေါ်လာ ၅၀ တော့ အနည်းဆုံးထည့်ပြီး ထောက်ခံနေကြတယ်လို့ သူက ပြောပါတယ်။ မြန်မာပြည်သူ ပြည်ပရောက် ၁သိန်းလောက်က တလကို တဒေါ်လာ ပျမ်းမျှထည့်ကြတယ်ဆိုရင်တောင် တလကို ဒေါ်လာ ၁ သိန်းတော့ အနဲဆုံး ရှိနိုင်ပါတယ်။ တကယ်က သူတို့ပျမ်းမျှအလှူဟာ လက်ရှိ အလှူခံရနှုန်းနဲ့ တွက်ကြည့်ရင် လူ တသိန်းမှာ တယောက်ကို အနည်းဆုံး ငွေ ၅၀ ဒေါ်လာတော့ ရှိပါတယ်။ တလကို ဒေါ်လာ ၅ သန်း အဖက်ဖက်ကနေ အနဲဆုံး local PDF တွေ NUG တွေ တိုင်းရင်းသားတွေ ဆီ စီးဝင်နေနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကတော့ ပြည်တွင်း ပြည်ပကနေ နှုတ်အားဖြင့် လက်အားဖြင့် ထောက်ခံအားပေးနေကြသူတွေရဲ့ အင်အားကို ခန့်မှန်းပြတာဖြစ်ပါတယ်။

ပြည်ပမှာ NUG ကို ကုလသမဂ္ဂ အသိအမှတ်ပြုရေးအတွက် လှုပ်ရှားမှုေတွ ဆက်တိုက်လုပ်ဆောင်နေချိန်မှာ ပြည်တွင်းမှာတော့ စက်တင်ဘာ ၇ ရက်နေ့နောက်ပိုင်း နယ်မြို့ေတွမှာ ဒေသကာကွယ်ရေးတပ် (ပီဒီအက်ဖ်  )ေတွနဲ့ စစ်ကောင်စီတပ်ေတွ တိုက်ပွဲအရှိန်မြင့်တက်နေတဲ့ သတင်းေတွ၊ မြို့တွေမှာ နယ်မြို့တွေမှာ ဗုံးပေါက်ကွဲမှုတွေသတင်းပေးေတွ လို့ သံသယရှိသူ စွပ်စွဲခံရသူေတွကို လုပ်ကြံသတ်ဖြတ်မှုေတွနေ့စဥ် ရက်ဆက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ 
မနေ့ကနဲ့ ဒီနေ့ဆို ကလေးနဲ့ ဂန့်ဂေါကားလမ်းအနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေကမီးရှို့တာ၊ ကျေးရွာကာကွယ်ရေး အဖွဲ့ဝင် ၊ သံသယရှိသူတွေကို သတ်ဖြတ်တာ ဖမ်းဆီး ညှင်းဆဲတာတွေလုပ်ဆောင်နေတဲ့ သတင်းတွေဆက်လက် ထွက်ပေါ်နေဆဲဖြစ်ပါတယ်။  နှမ်းခါးရွာ၊ မြင်သားရွာ၊ လင်းသာရွာအစရှိတဲ့ ရွာတွေက နေအိမ်တွေမီးရှို့ခံရ ကျေးရွာသားတွေအသတ်ခံရတာတွေက ခုရက်ပိုင်းဆက်တိုက် ဆိုသလိုဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ 

ချင်းပြည်နယ် ထန်တလန်မြို့နယ်ထဲက လုံလဲန်ဆိုတဲ့ရွာအနီးက စစ်စခန်းတခုကိုတော့ ချင်းကာကွယ်ရေး တပ် ေတွနဲ့  ချင်းအမျိုးသားတပ်ဦး CNF တို့ပူးပေါင်းပြီး သိမ်းယူခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖက်က လေကြောင်းအကူအညီနဲ့ ခုခံခဲ့ပေမယ့် စခန်းကျဆုံးသွားပြီး တပ်သားအချို့ကို အသက်ရှင်လျက်ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

မြန်မာပြည်သူတွေဟာ ရေဒီယို၊ ရုပ်မြင်သံကြား၊ ဖေ့စ်ဘွတ် ဆိုရှယ်မီဒီယာတွေကနေတဆင့် မြန်မာပြည်အနှံ့က ကျေးလက်တောရွာ အမည်တွေ၊ ထိခိုက် ကျဆုံးသူ တော်လှန်ရေးရဲဘော်တွေ အပြစ်မဲ့ပြည်သူတွေရဲ့ အမည်တွေကို နေ့စဉ်ကြားသိ ရင်းနှီး မှတ်မိလာကြပါပြီ။ လက်နက်စျေးတွေ ယမ်း၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေအကြောင်းလဲ ကြားဖူးနား၀ ရှိလာကြပါတယ်။ လမ်းပေါ်မှာ ပစ်ခတ်တာ သတ်ဖြတ်တာတွေ သေဆုံးနေတာတွေကိုလည်း မြင်တွေ့ နေကျ ဖြစ်လာနေကြပါပြီ။ 

ပြည်တွင်းမှာ လက်နက်ကိုင် တိုက်ပွဲေတွ၊ မြို့ပေါ် ဗုံးခွဲမှုေတွ စစ်ကောင်စီ ထောက်တိုင်လို့ဆိုတဲ့ သူတွေ လုပ်ကြံသတ်ဖြတ်မှုေတွ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပြီး နောက်လာမယ့် ရက်ပိုင်းမှာ ကုလသမဂ္ဂရဲ့ ရလဒ်ကို အားလုံးက ဘယ်လိုပဲ ဖြစ်ဖြစ် စောင့်မျှော်နားစွင့်နေကြတာ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၄ နောက်ပိုင်း UN D Day ကျော်လွန်ပြီးတဲ့နောက်မှာ မြန်မာပြည်သူတွေ ယူအန်တို့ အာဆီယန်တို့ သွားချင်တဲ့ လမ်းကနေ ခွဲထွက်ကြမည်လား ဆက်တွဲကြတော့မည်လား စောင့်ကြည့်ကြရမှာ ဖြစ်ပါကြောင်း။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar