Breaking News

မိုးမခအမှတ်တရပုံရိပ်လွှာများ - ဝင်းမင်းခိုင် " မောင်သင်းခိုင်နဲ့ မန္တလေးရောက်ရှမ်းတယောက် "

Photos- Crd 


မိုးမခအမှတ်တရပုံရိပ်လွှာများ
စက်တင်ဘာ ၁၄၊ ၂၀၂၁

မောင်သင်းခိုင်နဲ့ "မန္တလေးရောက်ရှမ်းတယောက်"
ဝင်းမင်းခိုင်

မောင်ဝင်းခိုင်ရေ လာဟေ့ ဒို့ညီအကို ၂ ယောက်လမ်းလျှောက်ကြမယ်။
ကျနော်နည်းနည်း ကြောင်သွားတယ်။
မနက်စောစောလဲမဟုတ် ညနေမှောင်ကာမှလမ်းလျှောက်မယ်ဆိုပါလား၊ ပါးစပ်ကလဲတေးသွားတခုကို ညည်းလို့။
ဒါမျိုးကကျနော့်အတွက် အသစ်အဆန်းတော့မဟုတ်။

မေလတတိယပတ် ဒါမှမဟုတ်ဂျွန်လထဲမှာ မိုးစရွာတဲ့နေ့ဆို ကျနော့်လက်ကိုဆွဲပြီး မိုးရွာထဲလျှောက်သွားရင်း စကားတွေပြောနေတတ်တယ်။
ဒို့ပျဉ်းမနားက အညာမဟုတ် အကြေမဟုတ်ကွ...မြေပုံအရ မန္တလေးတိုင်းထဲပါပေမယ့် ရာသီဥတုနဲ့မိုးလေဝသက၊ ဗဂိုး(ပဲခူး)တိုင်းထဲမှာပါတာ။

ကြည့်လိုက်စမ်းငါ့ညီ၊ တနွေလုံးခြောက်သွေ့ပူပြင်းတဲ့ဒဏ် မင်းတို့ငါတို့ခံနေရတာ။ ဖုံအလိမ်းလိမ်းနဲ့ အဆောက်ဦးတွေ မူလအရောင်မပီပြင်တော့တဲ့သစ်ပင်တွေ၊ ပျင်းရိငြီးငွေ့စရာအပူရောင်တွေအားလုံး မိုးရေနဲ့ဆေးချလိုက်တော့ ရေချိုးထားနဲ့အပျိုစင်လို လောကကြီးကလှမသွားဘူးလား၊ လတ်ဆတ်တဲ့အစိမ်းကို မင်းခံစားရတယ်မို့လား။

အစိမ်းဆိုလို့ ဒို့ပျဉ်းမနားအစိမ်းက အရှေ့ရိုးမနဲ့ အလယ်ရိုးမ၊ ရိုးမ ၂ ခုကြားကအစိမ်းဆိုတော့ ကျန်တဲ့နေရာတွေက အစိမ်းတွေနဲ့မတူဘူး။
ဆရာဒဂုန်တာရာကတော့ လစိမ်း၊ ညစိမ်းလို့ အစိမ်းရဲ့သူ့အ‌ပေါ်လွှမ်းမိုးပုံကို ‌ခံစားရေးဖွဲ့ခဲ့တယ်။
အခုတခါကတော့ ကျနော့်လက်ကိုဆွဲပြီး ကျနော်မကြားဘူးသေးတဲ့ သီချင်းအသစ်ကိုအော်ဆိုပြီး လမ်းလျှောက်တာပါ။

စိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင်ဆိုတဲ့ " မန္တလေးယောက်ရှမ်းတယောက် " သီချင်းကိုတမြို့လုံးပတ်ဆိုပြီး အိမ်ပြန်ကြပါတယ်။

နောက်ပိုင်း ပြည်သူကလက်ခံ၊ အခွေတွေဆက်ထွက်တော့ ဘီးနံပါတ်" OK  0122 L " ဆိုတာက LOOK 12 ,2  ဖေဖေါ်ဝါရီ ၁၂ ကိုပြန်ကြည့်လို့ပြောတာ။
"ပျံသာပျံပါရွှေဟင်္သာ" ဆိုရင် မွန်လူမျိုးတွေရဲ့အမှတ်တဆိပ်က ဟင်္သာကွ၊ မူရင်းက ဒို့ ခွပ်ဒေါင်းလို တက်ကြွမာန်ပါတဲ့ဟင်္သာပုံ။
ဗိုလ်နေဝင်းလက်ထက်ရောက်တော့ ထိုင်းမှိုင်းလေးလံပြီးအိပ်ငိုက်နေတဲ့ပုံ လုပ်ပစ်လိုက်တယ်။

အဲဒီထဲကစာသားတွေနားထောင်ကြည့်၊ သစ်ငုတ်တို ရွှေချလို့ လှမလာဘူး မင်းလေးသာ အတောင်ညောင်းလို့ ပါးလေးတွေ ပွန်းကုန်မယ် ...
ပျံပါ ရွှေဟင်္သာဆိုပြီး ရေးတယ်မို့လား။
"မျက်လုံးတစ္ဆေ" သီချင်းကြတော့ မင်းတို့ငါတို့အပါဝင် ပြည်သူတရပ်လုံးစောင့်ကြည့်ခံနေရတာကိုပြောတာ။

အထူးသဖြင့် မဆလတပါတီအာဏာရှင်စနစ်ကိုတော်လှန်နေတဲ့ကျောင်းသားတွေ နိုင်ငံရေးသမားတွေ၊ ရဟန်းသံဃာတော်တွေကိုထောက်လှမ်းရေးကမျက်ခြေမပြတ်စောင့်ကြည့်ခံ‌နေရတာကို‌ရေးတာ။
အဲသလိုပါပဲ "ဖြတ်သာသွားတယ် မနားတယ်" သီချင်း ဆိုရင်လဲ လျှပ်စစ်မီးက ရှမ်းပြည်နယ်မှာထုတ်တယ်၊ ရှမ်းပြည်နယ်ကိုဖြတ်သွားတယ်၊ သူတို့ဆီမှာခဏလေးတောင်နားမသွားဘူး တဲ့။
လျှပ်စစ်ထုတ်တဲ့နေရာကမှောင်ပြီ းတခြားနေရာတွေမှာသွားလင်းနေတာကိုပြောတာ။
စိုင်းခမ်းလိတ်ကို အရှေ့တောင်အာရှရဲ့အကောင်းဆုံးတေးရေးသူလို့ "လိုက်ဖ် "မဂ္ဂဇင်းက ဂုဏ်ပြုသတ်မှတ်တယ်လို့လည်း ‌နောက်ပိုင်းမှာပြောတတ်ပါသေးတယ်။

မြသန်းစံနဲ ့စိုင်းထီးဆိုင်တွဲထုတ်တဲ့အခွေကလွဲလို့ စိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင်ဆိုတဲ့အခွေမှန်သမျှ အကုန်ဝယ်ပြီးနားထောင်ပါတယ်။
အဲဒီအချိန်က အိမ်တိုင်းကက်ဆက်မဝယ်နိုင်တော့ အကိုကြီးမောင်သင်းခိုင်က အသံကျယ်ကျယ်ဖွင့်ပေးထားပါတယ်။

"မန္တလေးယောက်ရှမ်းတယောက်" အခွေကစပြီး စိုင်းခမ်းလိတ်ရဲ့သီချင်းတွေဟာ တောင်ပေါ်မြေပြန့်၊ ပင်လယ်သမုဒ္ဒယာမကျန်ပြန့်နှံ့သွားခဲ့ပြီး ခင်ဗျားတို့ ကျနော်တို့အခုအချိန်ထိကြားနေကြရတုန်းမဟုတ်လား။

စိုင်းခမ်းလိတ်ရဲ့သီချင်းသံတွေကြားရပြန်တော့လည်း တချိန်က ပျဉ်းမနားညနေလမ်းမတွေ‌‌ပေါ်က သီချင်းဆိုနေတဲ့မောင်သင်းခိုင်ကို ပြေးမြင်မိပြန်တော့တယ်။

ချစ်တဲ့
ဝင်းမင်းခိုင်
၁၂.၉.၂၁
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar