Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၁၆ ရက်မြောက်နေ့ မြင်ကွင်း




မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၁၆ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၂၁

ဒီနေ့ သတင်းတွေထဲမှာေတာ့ ထုံးစံအတိုင်း မိုင်တဲလ် တာဝါတိုင် ဖေါက်ခွဲမှု၊ မီးရှို့ဖျက်ဆီးမှု သတင်း၊ သတင်းပေးလို့ ယူဆရသူကို ပစ်ခတ်လုပ်ကြံသတ်ဖြတ်တဲ့ သတင်း၊ တသောင်းတန်နဲ့ ၅ ထောင်တန် ငွေစက္ကူဖျက်သိမ်းတယ်ဆိုတဲ့ အမိန့်စာအတု ဖေ့စ်ဘွတ်ပေါ် ပြန့်နှံ့ပေမယ့် ကြီးကြီးမားမား ဂယက်ရိုက်ခတ်မှုမတွေ့ရှိရဘူးဆိုတဲ့ သတင်းတွေက သတင်းစာမျက်နှာပေါ်မှာ နေရာယူထားကြတာတွေ့ရပါတယ်။ 

မြန်မာ့နိုင်ငံရေး အကြပ်အတည်းနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ သံတမန်ရေး ကူညီမှု၊ ဖိအားပေးမှုတွေကတော့ ထူးခြားမှု ထပ်မတွေ့ရသေးပါဘူး။ လာမယ့်ရက်ပိုင်းအတွင်းကျင်းပမယ့် ကုလညီလာခံကို ဆက်လက်စောင့်ကြည့် ကြရမယ့်သဘောလည်း ဖြစ်ပါတယ်။ 

ဒေသအလိုက် ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက စစ်ကောင်စီရဲ့ စီးပွားရေး လုပ်ငန်းတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ကြဖို့ လုပ်ဆောင်ကြရာမှာ စစ်တပ်နဲ့ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် မိုင်တဲလ် မိုဘိုင်းနဲ့ အင်တာနက်ကုမ္ပဏီပိုင် ဆက်သွယ်ရေးတာဝါတိုင်တွေကို ဖောက်ခွဲဖျက်ဆီးတာ၊ မီးရှို့ဖျက်ဆီးတာတွေ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်လောက်ကစလို့ မြန်မာနိုင်ငံရဲ့ နေရာအတော်များများမှာ ဖြစ်ပွားလျက်ရှိပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ အများဆုံးဖျက်ဆီးခံရပြီး ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်တို့လိုမျိုးမှာလည်း ဖျက်ဆီးတာတွေ ရှိတာတွေ့ရပါတယ်။ 
မိုင်တဲလ် ကုမ္ပဏီပိုင် တာဝါတိုင်အပါအဝင် ယခုအချိန်ထိ ဖျက်ဆီးခံရတဲ့ တာဝါတိုင်အရေအတွက်ဟာ ၈၀ ကျော်ဝန်းကျင်ရှိပြီလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းဖေါ်ပြမှုတခုအရ သိရပါတယ်။ ၂၀၁၂ နောက်ပိုင်း မိုဘိုင်းနဲ့အင်တာနက် ဆက်သွယ်ရေးလုပ်ငန်းတွေမှာ ပြည်ပကုမ္ပဏီတွေ ဝင်ရောက်လုပ်ကိုင်ခွင့် ရလာပြီးနောက် သုံးစွဲသူတွေရဲ့ လုံခြုံမှု အထိုက်အလျောက်ရှိလာခဲ့ပေမယ့် အခု စစ်အာဏာသိမ်းအပြီးမှာတော့ ဆက်သွယ်ရေးကုမ္ပဏီတွေကို စစ်ကောင်စီက အမိန့်နဲ့ ကြားဖြတ်ဖမ်းယူတဲ့ စနစ်တွေ၊ ရာဇဝတ်မှုမဟုတ်ပါဘဲနဲ့ နိုင်ငံရေးအရ ဆန့်ကျင်သူတွေကို နှိပ်ကွပ် ဖမ်းဆီးနိုင်ဖို့ သုံးစွဲသူရဲ့ တည်နေရာ၊ ဆက်သွယ်ခဲ့တဲ့ အဆက်အသွယ် ရာဇဝင်တွေကို တောင်းဆိုတဲ့အခါတိုင်း ထုတ်ပေးအောင် လုပ်ဆောင်လာတာတွေ ရှိပြီး တယ်လီနောလ်ကုမ္ပဏီက အရှေ့အလယ်ပိုင်းက ဆက်သွယ်ရေးကုမ္ပဏီတခုကို အရှုံးခံရောင်းချလိုက်ပြီ ဖြစ်ပါတယ်။ 

ဒီနေ့ သတင်းတွေထဲ သတင်းပေးလို့ ယူဆရသူတွေကို လုပ်ကြံ သတ်ဖြတ်တဲ့သတင်းတွေလည်း အခြားနေ့တွေလိုပဲ ဖတ်ရှုရတာပါ။ ကျိုက်ထိုမြို့နယ်မှာ ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ မွန်ပြည်နယ် ဥက္ကဌဖြစ်သူကို ကားလမ်းနဘေးမှာ ကွမ်းယာဝယ်နေစဥ်မှာ ပစ်သတ်ခံရတယ်ဆိုတဲ့သတင်းနဲ့ ရန်ကုန်တိုင်း သန်လျင်မြို့နယ် နတ်စင်တရာ အရှေ့ပိုင်းရပ်ကွက် ရာအိမ်မှူး ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းတွေ ဖြစ်ပါတယ်။ 

အခုလို စစ်ကောင်စီက အောက်ခြေမှာ အုပ်ချုပ်ရေး မတည်ဆောက်နိုင်အောင်နဲ့ သတင်းပေးလို့ယူဆရတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှုးတွေ ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှုတွေက ပြီးခဲ့တဲ့ မေလဝန်းကျင်ကစတင်လာခဲ့ရာက တိုင်းရင်းသားလက်နက်ကိုင်တွေ လွှမ်းမိုးထားတဲ့ ရခိုင်၊ ကချင်၊ ရှမ်းပြည်နယ်နဲ့  ကရင်ပြည်နယ် မွန်ပြည်နယ်ရဲ့ နေရာအချို့ကလွဲရင်  မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားဆိုသလို ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။ 
အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှုးနဲ့ သတင်းပေးဆိုသူတွေကို လုပ်ကြံသတ်ဖြတ်ရာမှာ စစ်ကိုင်းတိုင်းရဲ့ အောက်ပိုင်းဒေသတွေမှာတော့ ပိုမိုများပြားတဲ့ အရေအတွက်နဲ့ ဖြစ်ပွားနေတာတွေ့ရပါတယ်။ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ယင်းမာပင်၊ ကနီ၊ ဒီပဲယင်း၊ ဘုတလင် စတဲ့ဒေသတွေမှာ သေနတ်နဲ့ ပစ်သတ်တာတင်မကပဲ ဓါးနဲ့ဝင်ခုတ်တာ ခေါ်ဆောင်သွားပြီး သတ်ဖြတ်တာတွေအထိ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ 

ဒီနေ့သတင်းထဲမှာ ငွေကြေးနဲ့ဆိုင်တဲ့ သတင်းတပုဒ်ကတော့ ကျပ် ၁ သောင်းတန်နဲ့ ၅ ထောင်တန်တွေကို ဖျက်သိမ်းတယ်ဆိုတဲ့ အမိန့်စာအတု ဖေ့စ်ဘွတ်ပေါ် ရောက်လာပြီးနောက် အချို့က ဒီစာက အစစ်ဟုတ်မဟုတ် စောကြောမေးမြန်းတဲ့ ပို့စ်တွေ ဆိုရှယ်မီဒီယာပေါ် တွေ့လာရပြီးနောက် စစ်ကောင်စီက သတင်းအတုဖြစ်ကြောင်း ဖြေရှင်းချက်ထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီက ၁ သောင်းတန် ငွေစက္ကူအသစ်တွေ ရိုက်နှိပ်ပြီး လစာပေးတဲ့အထဲ ပါရှိလာတဲ့အခါ အဆိုပါ ငွေစက္ကူက အတုသဖွယ် ပြောဆိုမှုတွေလည်း ယခုရက်ပိုင်း ဆိုရှယ်မီဒီယာပေါ်မှာ တွေ့ရှိရပြီးနောက် ယခုတဖန် ငွေစက္ကူဖျက်သိမ်းတယ်ဆိုတဲ့ သတင်းတု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

လူထုအနေနဲ့ ခါတိုင်းလို ငွေစက္ကူတွေ စိုးရိမ်ရတယ်ဆိုတဲ့ သတင်း၊ အတုတွေ ရှိတယ်ဆိုတဲ့သတင်းလိုမျိုး ထွက်ချိန်မှာ လက်ထဲရှိတဲ့ ငွေစက္ကူကို အခြားသော ပိုင်ဆိုင်မှုတွေ ဝယ်ယူကြတာမျိုးလည်း အခုတကြိမ်မှာ မလုပ်နိုင်ကြပါဘူး။ ဘာလို့ဆို လူအများစုလက်ထဲ ငွေများများစားစားမရှိပဲ ခုချိန်မှာ ငွေစက္ကူတွေက အချို့သော လူနည်းစုလက်ထဲမှာသာ ထိန်းချုပ်ထားတဲ့ သဘောမျိုးဖြစ်နေတာပါ။ လူအများစု အနေနဲ့ မိမိတို့ ပိုင်ဆိုင်တဲ့ငွေက ဘဏ်စာရင်းထဲမှာ သာဖြစ်နေကြတာများပြီး ဘဏ်စာရင်းက ငွေနဲ့ ဝယ်ယူနိုင်တဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုက အကန့်အသတ်နဲ့ ရှိနေကြပြီး ခုချိန်မှာ သာမန်လူတွေအဖို့ ငွေစက္ကူများများစား လက်ဝယ်မရှိကြတာမျိုးပါ။ 

နောက်ဆုံး သတင်းအကြောင်းအရာတခုကတော့ မြန်မာ့ နိုင်ငံရေးအကြပ်အတည်းကို သံတမန်ရေးကြိုးပမ်းမှုအနေနဲ့လည်း ၇ လထဲထိ ရောက်ရှိလာတဲ့အချိန်ထိ ထူးထူးခြားခြား အောင်မြင်မှုမရရှိသေးဘူးလို့ပဲဆိုရမှာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂ ရက်ဝန်းကျင် ကုလသမဂ္ဂကိုယ်စားပြုမှုဆုံးဖြတ်မယ့် ကော်မတီဖွဲ့စည်းပြီးနောက်မှာ နောက်ထပ်ထူးခြားဖြစ်ပေါ်မှု မတွေ့ရသေးတာကြောင့် မကြာခင် ရက်ပိုင်းအတွင်းကျင်းပမယ့် ကုလညီလာခံကို စောင့်ကြည့်ရမယ်လို့ ယူဆရပါတယ်။ 
ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းမှာတော့ အမေရိကန်၊ ဗြိတိန်နဲ့ သြစတေးလျ တို့သုံးနိုင်ငံက အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ စစ်မဟာမိတ်အဖွဲ့စတင်ဖွဲ့စည်းလိုက်တဲ့ သတင်းဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဖွဲ့စည်းတာဟာ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာအရ အင်ဒို-ပစိဖိတ်ဒေသလို့ ခေါ်ဆိုတဲ့ တောင်တရုတ်ပင်လယ်၊ သြစတေလျ၊ အိနိ္ဒယ သမုဒ္ဒရာ အရှေ့တောင်အာရှ တို့ပါပါဝင်တဲ့ ဒေသတွေမှာ တရုတ်နိုင်ငံရဲ့ သြဇာကို ထိန်းဖို့ ရည်ရွယ်တာလို့ ယူဆနိုင်သလို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမတည်မငြိမ်မှုက ဒီဒေသရဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေမှာ ထည့်သွင်းစဥ်းစားစရာကိစ္စတခု ဖြစ်လာကောင်း ဖြစ်လာမလားဆိုတဲ့ ယူဆချက်မျိုးလည်း ယူဆနိုင်ပါတယ်။ 

ရှေ့မဝေးတဲ့ အနာဂတ်မှာ ဒီဒေသရဲ့ မဟာဗျူဟာနဲ့ မြန်မာ့နိုင်ငံရေး အကြပ်အတည်း ဘယ်လို ဆက်စပ်စဥ်းစား ရှုမြင်ကြမလဲဆိုတာ မျက်ခြေမပြတ် စောင့်ကြည့်ကြရမယ့ ကိစ္စတရပ် ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar