Breaking News

တာကျိုးပြီးဝင်လာတဲ့ ငဝန်မြစ်ရေဘေး အန္တရာယ်ကျရောက်မှု ပိုမိုကျယ်ပြန့်လာနေ

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၅ မြင်ကွင်း

(မိုးမခ) ၊ ဩဂုတ် ၆ ၊ ၂၀၂၆


တာကျိုးပြီးဝင်လာတဲ့ ငဝန်မြစ်ရေဘေး အန္တရာယ်ကျရောက်မှု ပိုမိုကျယ်ပြန့်လာနေ 

ဇူလိုင် ၃၀ ရက်နေ့ညက စတင်ကျိုးပေါက်ခဲ့တဲ့ လေးမျက်နှာမြို့ အနောက်ဘက် ငဝန်မြစ်ရေကို တားထားတဲ့ တာကျိုးပြီးနောက် မြို့တွေ ရွာတွေ၊ လယ်ကွင်းတွေထဲ စီးဝင်လာတဲ့ရေတွေကြောင့် ရေကြီးနစ်မြုပ်တဲ့ ဧရိယာဟာ တရက်နဲ့ တရက်ပိုမိုကျယ်ပြန့်လာနေပြီး ငါးသိုင်းချောင်း၊ ကျုံပျော်မြို့နယ်တွေအထိ ရေတွေရောက်လာနိုင်ခြေ ရှိနေကြောင်း သတင်းတွေမှာ တွေ့မြင်နေရပါတယ်။ ပထမပိုင်းရက်တွေမှာ ရေဘေးဒဏ်ခံစားရသူ ၆၀၀၀ ကျော်ကနေ အခု ရက်သတ္တပတ် ပြည့်ချိန်မှာတော့ ၃ သောင်းကျော်ထိ ရှိလာတယ်လို့လည်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။ ထိခိုက်ပျက်စီးမှုက တဖြည်းဖြည်း ကျယ်ပြန့်လာနေပြီး နောက်ထပ် ဘယ်လောက်ထိ သက်ရောက်မှု ရှိဦးမလဲဆိုတာ မမှန်းဆနိုင်သေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ရေကြီးမှုရဲ့ အကြောင်းရင်းခံ ဖြစ်တဲ့ ကျိုးသွားတဲ့ တာကို သြဂုတ်လ ၅ ရက်နေ့အကုန်ထိ  ပိတ်ဆို့ရပ်တန့်နိုင်ခြင်း မရှိသေးတာကြောင့် ရေတွေ ဝင်ရောက်နေဆဲဖြစ်သလို ထိခိုက်ခံစားရမယ့် ဒေသတွေအဖြစ် ငါးသိုင်းချောင်းမြို့နယ်၊ ကျုံပျော်မြို့နယ်တို့အထိ သတိနဲ့စောင့်ကြည့်နေကြရပြီး အန္တရာယ်ကျရောက်လာနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

တာကျိုးရတဲ့ အကြောင်းရင်း အတိအကျကိုတော့ မသိရှိရသေးဘဲ ဖြစ်နိုင်ခြေရှိတဲ့အချက်တွေ အနေနဲ့ မိုးသည်းထန်တာ၊ တာဘောင်အောက်ခံမြေ မခိုင်မာတာ၊ ဆောက်လုပ်တဲ့အချိန်က ကွန်ကရစ် အရည်အသွေး မပြည့်မီတာ၊ ပုံမှန်ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းတာတွေကြောင့်လို့ ကောက်ချက်ချကြတယ်လို့ ဘီဘီစီမြန်မာပိုင်း သတင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။ 

ပြည်တွင်းစစ်အတွက် နိုင်ငံရဲ့ သယံဇာတနဲ့ အခွန်အကောက်က ရတဲ့ ဘဏ္ဍာငွေအများစုကို အသုံးပြုနေတဲ့ စစ်တပ်အုပ်ချုပ်တဲ့ နိုင်ငံမှာ ပြည်သူလူထုဝန်ဆောင်မှုနဲ့ ဘေးအန္တရာယ်ကင်းဖို့ ပြုပြင်ထိန်းသိမ်းတဲ့ ဘဏ္ဍာငွေပမာဏဟာ ရာခိုင်နှုန်းအားဖြင့် အလွန်နည်းပါးတာတွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အများပြည်သူ ဝန်ဆောင်မှုနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ၊ မြစ်ကြောင်းထိန်းသိမ်းရေးဆိုင်ရာ ကဏ္ဍတွေမှာလည်း အကြောင်းအရာအလိုက် ကျွမ်းကျင်သူတွေက စီမံဆုံးဖြတ်တာထက် စစ်တပ်ဘက်က အရပ်ဘက်ဌာနတွေကို ပြောင်းလာတဲ့ စစ်အရာရှိ အသွင်ပြောင်းတွေက ဆုံးဖြတ်ကြတာ ဖြစ်လို့ ဝန်ကြီးဌာနအသီးသီးမှာ စွမ်းဆောင်ရည် ကျဆင်းတာတွေက ဆယ်စုနှစ်များစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ပြဿနာလို ဖြစ်နေခဲ့တာပါ။ 

အခုလို မြစ်ဝကျွန်းပေါ်ဒေသတွေက မြစ်ရေမျက်နှာပြင်ထက် နိမ့်တဲ့ဒေသတွေမှာ စိုက်ပျိုးနေထိုင်ကြတဲ့ နေရာတွေအဖို့ ရေတားတာတွေ၊ သဘာဝဘေးအန္တရာယ်လုံခြုံရေးအစီအမံတွေ အားနည်းတဲ့အဖြစ်ဟာ အထူးအဆန်း မဟုတ်ဘူးလို့ ဆိုရမှာပါ။ 

ယခုလို လေးမျက်နှာမြို့အနောက်ဘက် ငဝန်မြစ် တာကျိုးတာရဲ့ အကျိုးသက်ရောက်မှုတွေက ဘာတွေလဲဆိုတာ တစတစနဲ့ ပုံပေါ်လာနေဆဲ ဖြစ်ပါတယ်။ ရေဘေးကြောင့် မျောပါတာ၊ ရေနစ်မြုပ် အသက်ဆုံးရှုံးနိုင်တဲ့ အန္တရာယ်တွေ ရှိသလို နေအိမ်၊ ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အဦနဲ့ ကားလမ်း၊ တံတား၊ ရထားလမ်း စတာတွေ နစ်မြုပ်ကာ ပျက်စီးဆုံးရှုံးမဲ့ အနေအထားလည်း ရှိပါတယ်။ တထပ်သာရှိတဲ့ နေအိမ်တွေ ခေါင်အထိ နစ်မြုပ်နေတာတွေ တွေ့ရသလို အချို့သောနေရာတွေမှာ ၂ ထပ် နေအိမ်တွေတောင် အပေါ်ထပ်ထိ ရေရောက်နေတဲ့အထိ မြစ်ရေတွေ ဖုံးလွှမ်းနေပြီး အစားအသောက်နဲ့ ရိက္ခာတွေ ရေနစ်မြုပ်ပျက်စီးတဲ့ အခြေအနေတွေလည်း ဖြစ်ပွားနေတာပါ။ 

ရေလွတ်တဲ့ တာဘောင်လိုနေရာမျိုး အတန်အသင့်မြင့်တဲ့ ကားလမ်းလိုမျိုးတွေမှာ ယာယီအားဖြင့် ခိုနေနိုင်ပေမဲ့ ရေရှည်အတွက်တော့ မြစ်ရေဝင်ရောက်မှု လွတ်တဲ့ ကျေးရွာ၊ မြို့တွေအထိ ရှောင်တိမ်းနေထိုင်ကြရမဲ့ အနေအထားဖြစ်ပါတယ်။ လေးမျက်နှာမြို့ရဲ့ အနောက်ဘက်နဲ့ အနောက်တောင်ဘက်ဒေသတွေဟာ ဂွမြို့နယ်နဲ့ ထိစပ်နေတဲ့ဒေသတွေဖြစ်လို့ အေးချမ်းတည်ငြိမ်မှုမရှိတဲ့ ဒေသတွေဖြစ်ပြီး လေးမျက်နှာမြို့နယ်ဘက်က စစ်ဘေးရှောင်သူတွေ အနေနဲ့ အနောက်ဘက်ဒေသတွေကို ခိုလှုံဖို့ အခက်အခဲရှိပါလိမ့်မယ်။ 

အခု ဝင်ရောက်လာတဲ့ မြစ်ရေတွေက အချို့ဒေသတွေမှာလို မိုးသည်းထန်ပြီး ရုတ်တရက် ရေကြီးကာ ရက်အနည်းငယ်အကြာမှာ ပြန်လည်ကျဆင်းသွားတာမျိုးနဲ့ သဏ္ဌာန်မတူဘဲ အနည်းဆုံး ၂ လကနေ ၃ လ ဝန်းကျင်အထိ ကြာမြင့်နိုင်တဲ့ အလားအလာရှိတာလည်း ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်တုန်းက တာကျိုးတဲ့ အတွေ့အကြုံအရ မိုးလယ်ကာလ ရေကြီးပြီး တာကျိုးကာ ဝင်ရောက်ခဲ့တဲ့ ရေတွေဟာ တော်သလင်း အကုန် သီတင်းကျွတ်လတွေကျမှ ရေပြန်စစ်သွားတဲ့ အဖြစ်အပျက်သာဓကတွေ ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ 

အခုလို သီတင်းတပတ်တာကာလမှာတင် လူဦးရေ ၃ သောင်းလောက် ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ အချို့သော သတင်း အချက်အလက်တွေမှာ ဖော်ပြထားကြတာ တွေ့ရပါတယ်။ 

လတ်တလောကာလအထိ ရရှိတဲ့ကိန်းဂဏန်းတွေအရ မိုးစပါးစိုက်ဧက ၁ သောင်းကျော် ရေနစ်မြုပ်နေတယ်လို့ သတင်းဖော်ပြမှုတွေအရ သိရပါတယ်။ ရေနစ်မြုပ်သွားတဲ့ စပါးစိုက်လယ်မြေတွေ နောက်လနဲ့ချီကြာမှ ရေပြန်ကျမှသာ စိုက်ပျိုးဖို့ လုပ်ဆောင်နိုင်မှာဖြစ်ပြီး အချိန်ကာလအားဖြင့် နောက်ကျတာ၊ မျိုးစပါးအခက်အခဲ စတာတွေက ဆင့်ကာဆင့်ကာ ထွက်ပေါ်လာမဲ့ အခက်အခဲ စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။

စစ်အစိုးရရဲ့ လောင်စာဆီ ချွေတာတင်သွင်းမှုကြောင့် လောင်စာဆီ လွယ်လွယ်ကူကူ ဝယ်မရတဲ့ ပြဿနာကလည်း ခုလတ်တလော ကူညီကယ်ဆယ်ရေး လုပ်ဆောင်ကြရာမှတင် ကြုံတွေ့နေကြရတဲ့ အကြီးဆုံး အခက်အခဲဖြစ်နေပါတယ်။ ကူညီကယ်ဆယ်ရေးသွားရောက်တဲ့ မော်တော်ယာဥ်တွေနဲ့ စက်တပ်လှေတွေ လောင်စာဆီ ဝယ်ယူဖို့ အခက်အခဲနဲ့ ကြုံတွေ့နေကြရပြီး အကူအညီပစ္စည်းတွေ လက်ဝယ်ရှိကြတဲ့တိုင် လိုအပ်နေတဲ့ ရေဘေးဒုက္ခသည်တွေဆီ ရောက်အောင် သွားဖို့ရာမှာ အခက်ကြုံနေကြရတာ ဖြစ်ပါတယ်။ 

နိုင်ငံရဲ့အခြားဒေသတွေက လူမှုကူညီကယ်ဆယ်ရေး အသင်းတွေ၊ ပရဟိတ အဖွဲ့အစည်းတွေက အကူအညီပေးဖို့ အစားအသောက်၊ ဆေးဝါး စတာတွေကို သယ်ဆောင်ကာ လာရောက်နေကြတာလည်း သတင်းတွေထဲမှာ တွေ့မြင်နေကြရပါတယ်။ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်မှာ လူထုက လူထုကိုကူညီကြတာ မြန်မာနိုင်ငံမှာ တွေ့ကြုံရလေ့ရှိတဲ့ အလေ့အထတခုဖြစ်ပြီး အရပ်ဖက်အဖွဲ့တွေ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေ အနေနဲ့ မိမိတို့ ရှိတဲ့အရင်းအမြစ်၊ ရတဲ့သတင်းအချက်အလက်အပေါ် အခြေခံကာ သွားရောက်ကူညီကြတဲ့ သဘောသာဖြစ်ပြီး အသင်းအဖွဲ့တွေအချင်းချင်း အကြား ကူညီတဲ့နေရာ၊ ကူညီတဲ့ ပမာဏ၊ လိုအပ်တဲ့ အကူအညီ၊ ပမာဏစတာတွေကို ဖလှယ်ညှိနှိုင်းနိုင်တဲ့ စနစ်မျိုး ရှိမနေပါဘူး။ 

အမှန်တကယ်မှာတော့ အခုလို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့အခါမျိုးမှာ အစိုးရသာလျှင် ဘတ်ဂျက်၊ စီမံခန့်ခွဲနိုင်တဲ့ လူ့အရင်းအမြစ်၊ သတင်းအချက်အလက် စုစည်းဖြန့်ဝေမှုနဲ့ အကူအညီပေးတဲ့ အဖွဲ့အစည်းတွေအကြား ညှိနှိုင်းဆောင်ရွက်မှုတွေကို လုပ်နိုင်တဲ့ အင်အားရှိသလို လုပ်ဖို့လည်း တာဝန်ရှိတာ ဖြစ်ပါတယ်။ ဘယ်ကျေးရွာ၊ ဘယ်ရပ်ကွက်က ပိုပြီးလိုအပ်သလဲ၊ ဘယ်လို ကူညီသင့်သလဲဆိုတဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်တာမျိုး မတွေ့ရှိရသလို အစိုးရတာဝန်ရှိသူတွေ အနေနဲ့ ဘယ်လောက်ကူညီနေသလဲ ဆိုတဲ့ ကိန်းဂဏန်းတွေ အချက်အလက်တွေလည်း ရှင်းရှင်းလင်းလင်း ပေါ်ထွက်မလာတာ တွေ့ရပါတယ်။ 

အခု ဘေးအန္တရာယ်ကျရောက်ရာ ဒေသတွေကို အုပ်ချုပ်နေတဲ့ စစ်အစိုးရလက်အောက်က အဖွဲ့အစည်းတွေက တကယ်လိုအပ်တဲ့ အကူအညီရဲ့ ဘယ်လောက် ပမာဏ/ရာနှုန်းကို အကူအညီပေးနေသလဲ ဆိုတဲ့ မေးခွန်းလည်း ရှိနေတာပါ။ လူမှုကွန်ရက်မီဒီယာမှာ ရေးသားထားတဲ့အချက်အလက်တွေအရ တာကျိုးတဲ့နေရာမှာ စစ်တပ်အင်အား ၁၀၀ ဝန်းကျင်နဲ့ ဆည်မြောင်းလို သက်ဆိုင်တဲ့ ဝန်ကြီးဌာနက ကျွမ်းကျင်သူနဲ့ မီးသတ်တို့လိုအင်အား ၂၀၀ ခန့်ရှိတယ်လို့ ရေးသားထားတာ တွေ့ရှိရပါတယ်။ ပေ ၁၀၀ အကျယ်ခန့်ရှိတဲ့ ကျိုးပေါက်သွားတဲ့ နေရာကို အမှန်တကယ် ပြန်လည်ကာရံတားဆီးနိုင်မှာလား တစတစနဲ့ ပိုမိုကျယ်လာနိုင်သလားဆိုတာ စောင့်ကြည့်ကြရဦးမယ့် အခြေအနေလည်း ဖြစ်နေပါတယ်။ 

မကြာသေးတဲ့ လပိုင်းက အစိုးရဖွဲ့ပြီး သမ္မတဖြစ်လာတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ငဝန်မြစ် တာကျိုးတဲ့ နေရာကို သွားရောက်ကြည့်ရှုတာမျိုး စီမံခန့်ခွဲတာမျိုးထက် အိမ်နီးချင်း ထိုင်းနိုင်ငံက တရားဝင် ဖိတ်ကြားတဲ့ ခရီးစဥ်က သူ့အဖို့ ပိုမိုအရေးကြီးနေပုံရပြီး သြဂုတ် ၆ ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်ကို သွားရောက်ဖို့ စိတ်စောနေတာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar