နန္ဒအောင် - ကျွန်တော် ပြန်ဖတ်မိတဲ့ နယ်ဘက်ကျေးဘက်များ
ကျွန်တော်ပြန်ဖတ်မိတဲ့ နယ်ဘက်ကျေးဘက်များ
နန္ဒအောင်
(မိုးမခ) ဩဂုတ် ၇၊ ၂၀၂၆
နန္ဒအောင်
(မိုးမခ) ဩဂုတ် ၇၊ ၂၀၂၆
လက်ဘက်ရည်ဆိုင်မှာ လက်ဖက်ရည်ဖိုး အကုန်ခံပြီး စာအကြောင်း၊ ဘာအကြောင်းပြောကြတဲ့သူတွေလို့ ကျွန်တော်တို့ကို တချို့က ပြောကြတယ်။ တကယ်တော့ ကျွန်တော့်သိမှုကို လက်ဖက်ရည်နဲ့ မြည်းတာပါ။ ကျွန်တော်က အိမ်မှာစာဖတ်လည်း၊ လက်ဖက်ရည်ခွက်လေး ဖြစ်ဖြစ်ဘေးမှာ ရှိတတ်တယ်။ အရမ်းစိတ်ဝင်စားနေတဲ့စာအုပ်မျိုး၊ အရသာတွေ့နေတဲ့စာအုပ်မျိုးဆိုရင်တော့ ခွက်ထဲက လက်ဖက်ရည်က တော်တော်နဲ့တဝက်မကျိုးဘူး။ လက်ဖက်ရည်သောက်ဖို့ အာရုံမပြောင်းနိုင်လောက်အောင် တချို့စာတွေက ဖတ်လို့ကောင်းတယ်။ ဆွဲဆောင်မှု ရှိတယ်ပေါ့ဗျာ။ အဲဒီလို ဖတ်လို့ကောင်းတဲ့၊ ခုထက်ထိ ကျွန်တော်အကြိုက်ဆုံး စာအုပ်တွေထဲမှာပါတဲ့ စာအုပ်တအုပ်ရှိတယ်။ ဆရာမြင့်သန်းရဲ့ `နယ်ဘက်ကျေးဘက်မှ ဝတ္ထုများ ´ပဲ။ ခုထက်ထိလို့ ရေးထားတာကို နည်းနည်းပြန်ရှင်းချင်တယ်၊ ခုထက်ထိဆိုတော့ နောင်လည်း ကြိုက်နေဦးမယ်လို့ အာမခံမထားပါဘူး။ နောင်ကျ အဲဒီစာအုပ်ထပ်ကြိုက်နှစ်သက်တဲ့ စာအုပ်တွေလည်း ရှိရင်ရှိလာနိုင်ပါတယ်၊ နယ်ဘက်ကျေးဘက်က ဝတ္ထုများကိုပဲ နောင်တချိန်ထိ ဆက်လက်နှစ်သက်ချင် နှစ်သက်နေနိုင်တာပဲ။ ဘာကိုမှ အသေအချာကြီး ပြောမထားပါဘူး။
ဆရာမြင့်သန်းရဲ့ နယ်ဘက်ကျေးဘက်မှ ဝတ္ထုများကို လွန်ခဲ့တဲ့ လေးနှစ်လောက်က ဖတ်ဖူးတာပါ။ ဖတ်ပြီးရင် ကိုယ်နှစ်သက်တဲ့ စာအုပ်လေအကြောင်းကို ပြောချင်တဲ့ အာသီသက တားမရဘူး။ ဖတ်ပြီးလို့စာအကြောင်း ပြောကြဆိုကြပြီဆိုရင်တော့ နယ်ဘက်ကျေးဘက်မှ ဝတ္ထုများအကြောင်း ပြောဖြစ်တယ်။စကားဝိုင်းမှာ ပြောတာဆိုတော့ ပေါ့ပေါ့ပါးပါးပေါ့၊စာရေးသလိုတော့ အများကြီး တာဝန်မယူရဘူး။ဒါပေမဲ့ အများကြီး တာဝန်မယူရဘူး ဆိုပေမယ့်၊ ကိုယ်ပြောတဲ့ စကားကိုတော့ ဆင်ခြင်ခြင်းကို အခြေခံပြီး သတိထားပြောဖြစ်တယ်။ အရမ်းကာရော စိတ်လှုပ်ရှားမှုကြီးကို အခြေခံပြီး သွားပြောလို့က မဖြစ်ဘူး။ ကိုယ်နဲ့ ပြောဖြစ်တဲ့ စကားပြောဘက်ရဲ့ အနေအထားကို ချိန်ဆရသေးတယ်။ ဒီနေရာမှာ လူတိုင်းနဲ့ အလိုက်အထိုက် ဆက်ဆံတဲ့ ဆက်ဆံရေးမျိုးကို ပြောတာမဟုတ်ပါ။ မြင့်သန်းရဲ့ နယ်ဘက်ကျေးဘက်မှ ဝတ္ထုများအကြောင်း ရေးဖို့ကို ဟိုအကြောင်းဒီအကြောင်းလေးက နည်းနည်းပါနေမိပြန်ပြီ။ ရောရောယောင်ယောင် လုပ်တာ မဟုတ်ပါလို့ ပြောပရစေ။
ဆရာမြင့်သန်းရဲ့ စာအုပ်တွေဆိုရင် ဝယ်စုလေ့ရှိတယ်၊ မဖတ်ဖြစ်သေးလည်း ဝယ်ထားတယ်။နောက်မှ ဖြည်းဖြည်းချင်း ဖတ်မယ်ပေါ့။ မြင့်သန်းရဲ့ အရေးအသားတွေကို ဂရုတစိုက်ဖတ်ဖြစ်တယ်။ ဒါတောင် တချို့အရေးအသားတွေကို နားမလည်ဘူး၊ တချို့အရေးအသားတွေကြတော့ တော်တော်လေးစွဲတယ်။ မြင့်သန်းရဲ့ စာတွေ၊ အရေးအသားတွေကို ဂရုတစိုက်ဖတ်တာနဲ့ မြင့်သန်းကိုးကွယ်သူနဲ့ မတူပါ။ တချို့အရေးအသားတွေကို ဘဝင်မကျသလို၊ သဘောလည်း မတူပါ။ ဘဝင်မကျဘူး၊ သဘောမကျဘူးဆိုရင် ဘာလို့ဆိုတာအကြောင်းပြချက်ပေးဖို့လိုမယ်။ မကြိုက်ဘူးဟဆိုပြီး၊ မျက်စိမှိတ်ပြီး ငြင်းနေလို့ မရဘူး။ မကြိုက်ရင် ဘာကြောင့်မကြိုက်ကြောင်းတော့ အကြောင်းပြချက်ပေးရမယ်။ အဲဒီတော့ မြင့်သန်းရဲ့ နယ်ဘက်ကျေးဘက်ထဲက ကိုယ်ဘဝင်ကျလေးတွေ၊ သဘောကျတာလေးတွေအကြောင်းပဲ ရေးတော့မယ်။ ရေးမယ်ဆိုတာမှာ လက်ဖက်ရည်ဆိုင် စကားဝိုင်းတခုမှာ ပြောသလိုမျိုး ရေးတာပါ။အသေးစိတ်လေ့လာပြီး ရေးတာမျိုး မဟုတ်ပါလို့ ကြိုပြောထားပရစေ။ ဝေဖန်ရေးကို ` အတတ်ပညာတစ်ရပ် ´ လို့ လက်ခံထားတဲ့ ဆရာမြင့်သန်းကတော့ ကြိုက်မယ်မထင်။ ` ဆောင်းပါးတစ်စောင်ကို ဖြစ်စေ၊ကဗျာတပုဒ်ကို ဖြစ်စေ ဝေဖန်ရာတွင် ပေါ့ပေါ့တန်တန် မဝေဖန်ဘဲ ဝေဖန်ရေး အတတ်ပညာ နှုန်းစံများဖြင့် ဝေဖန်သင့်တယ် ´ လို့ ဆရာမြင့်သန်းက ယူဆလို့ပါ။
နယ်ဘက်ကျေးဘက်မှဝတ္ထုများအကြောင်းရေးမယ်ဆိုတော့ ပြန်ဖတ်ဖြစ်တယ်။ နှစ်ကာလများက ထုတ်တဲ့ စာအုပ်ဖြစ်ပြီး ၊ စာမျက် နှာ ၃၃၆ မျက်နှာ ဖြစ်တယ်။ စတိုင်သစ်၊ ချင်းတွင်းမှာရေးထားတာတွေကို နှစ်ကာလများကစုပြီး ပြန်ထုတ်ဝေထားတာပါ။ နယ်ဘက်ကျေးဘက်မှ ဝတ္ထုများမှာ ဒါဟာ မြင့်သန်းလို့ပြောရမဲ့ အထေ့အငေါ့လေးတွေ ခဏခဏတွေ့ရတယ်။ တချို့က သရော်စာလို့ ပြောကြမယ်။ အရင်ဦးဆုံး `နယ်ဘက်ကျေးဘက်´ဆိုတဲ့ အသုံးအနှုန်းလေးကို အတော်သဘောကျတယ်။ နယ်ဘက်ကျေးဘက်ဆိုတဲ့စကားလုံးကို ဆရာမြင့်သန်းပဲ စသုံးခဲ့တာလားတော့ ကျွန်တော်သေချာမသိပါ။ လေနုအေးဆိုရင် ဆရာဒဂုန်တာရာ စသုံးခဲ့တာလို့ စာသမားတိုင်း သိတယ်။ နယ်ဘက်ကျေးဘက်ဆိုတဲ့ စကားလုံးကတော့ အတော်စွဲတယ်။ နယ်ဘက်ကျေးဘက်ထဲက တံတားထိပ်ကားဆိပ်ဆိုတဲ့ အသုံးလေးလည်း တမျိုးပဲ၊ ဇာတ်ကောင်တွေဖြစ်တဲ့ တံတားထိပ်ကားဆိပ်နားက အာ့စိန်ကြီး၊ သူကြီးတူ မောင်မူ၊ မောင်တာတို့၊ သစ်ကယ်သောင်က မောင်ဆင်တို့နာမည် အသုံးအနှုန်းလေးတွေကလည်း စာဖတ်ကြည့်ရင် စွဲမိတာပဲ။ နယ်ဘက်ကျေးဘက်မှ ဝတ္ထုများအကြောင်း ပြောမယ်ဆိုရင် တံတားထိပ်ကားဆိပ်နားက အာ့စိန်ကြီးကို ဘယ်လိုသဘောကျလို့ ကျမိမှန်းကို မသိဘူး။ ဆရာမြင့်သန်းက နယ်ဘက်ကျေးဘက်မှ ဝတ္ထုများကို တောအမြင်၊ တောအတွေးနဲ့ မကန့်သတ်ဖို့ နိဂုံးအမှာစာရေးထားပြီး စကားလုံးများနဲ့ ရွာတည်ခြင်း၊ ကျောင်းဆောက်ထားခြင်းလို့ ရေးထားတာ ဖတ်ရ၊ သိရတယ်။ဆရာမြင့်သန်းမှာ စာရေးသားခြင်း အတတ်ပညာ ဘယ်လောက်တတ်တတ်၊ စကားလုံးတွေ တည် ဆောက်ဖို့ အတွေ့အကြုံတော့ လိုပါတယ်။ အဲဒီအတွေ့အကြုံတွေ အတွက် မြင့်သန်းဟာသူ့အဖေဖြစ်တဲ့ ယောဂီဦးတင်ကို ကျေးဇူးတင်ရမှာပဲ။ မြင့်သန်းဟာ ငယ်ငယ်က မန္တလေး ဆူးခါးကျောင်းမှာ နွေကျောင်းပိတ်ရက်တွေ သွားသွားနေတဲ့ အတွေ့အကြုံတချို့ကို စာရေးသားခြင်း အတတ်ပညာဘောင်ထဲကနေ ရေးပြသွားတာပဲလို့မြင်မိတယ်။ စာအုပ်တအုပ်လုံး အပုဒ်ရေ ( ၃၃ ) ပုဒ်ပါတယ်၊ အဲဒီထဲက ကိုယ်သဘောကျတာလေးတွေပဲ ရွေးပြောတော့မယ်။
`လင်းတ မမိ၊ ဒေါင်း မိရသည့်အကြောင်း´ဝတ္ထုကတော့ အထေ့အသော့လေးတွေနဲ့ ဖတ်လို့သွက်တယ်။ အဲဒီဝတ္ထုလေးအကြောင်း အတိုချူံးပြောရရင် မြို့ဆန်တဲ့ မြို့ကဘုန်းကြီးလေး ဦးအဂ္ဂက တောကျောင်းမှာ ကျောင်းထိုင်ဖြစ်တယ်။ တောကျောင်းမှာ ကျောင်း ထိုင်ရင်း အစဥ်အလာကြီးမားတဲ့ရေ တိမ်ကန်ဘုရားပွဲ ကျင်းပဖို့ဖြစ်လာတော့၊ ဘုရားပွဲကျင်းပဖြစ်တယ်။ တောက ဘုရားပွဲရဲ့ အစဥ်အလာကို မြို့ဆန်တဲ့ဘုန်းကြီးလေးက ပိုကောင်းအောင်စီစဥ်လိုက်ပေမယ့်၊ ဘုရားပွဲက အရင်နှစ်တွေလို မဟုတ်တော့ဘဲ ပြီးသွားတယ်။ အဲဒီဝတ္ထုလေးထဲမှာ ဆရာမြင့်သန်း တည်ဆောက်ထားတဲ့ လူမျိုးပေါင်းစုံအတူယှဥ်တွဲနေထိုင်တာလေးကို နည်းနည်းတော့ ပြောချင်တယ်။ ဘုန်းကြီးကျောင်း ရှိမယ်၊ ဦးဇင်းလေး ဦးအဂ္ဂ ( ဘုန်းကြီး ) ၊ ပင်စင်စား ဆရာကြီးဦးလှမောင် ( မြန်မာ ) ၊ ထောင်ကဲကြီး ဦးအကွေးဆိုရင် နာမည်အရတော့ တရုတ်ဖြစ်ဖို့များတယ် (တရုတ်အစစ်လား၊ အစပ်လားတော့ ဖန်တီးသူ စာရေးဆရာကိုမေးမှရမယ်)၊ မီးစက်ရောင်းတဲ့ အာဇစ်မောင်မြ၊ ဒံပေါက်ရောင်းတဲ့ မွတ်စတာဖာကြီးတို့ဆိုရင် မူဆလင်တွေဖြစ်ဖို့များတယ်။ ညရွာဘုရားပွဲအတွက် မီးစက်ဝယ်ဖို့ ထောင်ကဲကြီး ဦးအကွေးတရုတ်လူမျိုးက ထီပေါက်လို့ဆိုပြီး လှူတယ်။ မီးစက်ရောင်းတဲ့ အာဇစ်မြမောင် ( ကုလား ) က ဘုန်းကြီးလေးကို ရိုသေလို့ဆိုပြီး ပိုက်ဆံလျှော့ပေး၊ ရွာဘုရားပွဲထိပါ မီးလိုက်ဆင်ပေးတယ်။ ဒါတင်မကသေးဘူး၊ ဆွမ်းစားချိန် နီးနေလို့ဆိုပြီး သူ့ဆိုင်နားက ဒံပေါက်ရောင်းတဲ့ မွတ်စတာဖာကြီးဆိုင်က ဒံပေါက်တောင် ကပ်လိုက်သေးတယ်။ ဘုန်းကြီးလေး ဦးအဂ္ဂကလည်း ရွာဘုရားပွဲမှာ မွတ်စတာဖာကြီး ဒံပေါက်ကျွေးတယ်။ ညတောရွာလေးထဲမှာတင် ယဥ်ကျေးမူ့ပေါင်းစုံ၊ လူမျိုးပေါင်းစုံ အတူယဥ်တွဲနေထိုင်သွားတယ်ဆိုတာကို ဝတ္ထုဖန်တီးသူက ဖန်တီးပြသွားတာပါ။ ဟုတ်ပါတယ် ရှေးရှေးတုန်းကတည်းက လူမျိုးပေါင်းစုံအတူယှဥ်တွဲနေထိုင်နေကြတာပဲလေ၊ ယဥ်ကျေးမှုပေါင်းစုံနဲ့ အတူ ကြီးပြင်းရှင်သန်လာကြတော့ ကွဲပြားခြားနားတာတွေက ပြဿနာ မဟုတ်တော့ဘူး။ ဘုရားပွဲက အရင်နှစ်တွေလို မဟုတ်ဘဲ ပြီးသွားတာကတော့ မြို့ဆန်တဲ့ဘုန်းကြီးလေးကြောင့်လို့ ပြောရင် လွန်မယ်မထင်ဘူး။ လမိုက်ညမှာလုပ်တာ အကြောင်းရှိပါတယ်ဘုရားလို့ဆိုတာကို မီးထိန်ထိန်လင်းအောင် စီမံလိုက်တော့ ပွဲက အရင်နှစ်တွေလိုမဟုတ်တော့ဘူး။ တကယ်တော့ ရေခံမြေခံယဥ်ကျေးမှုရဲ့ အရေးပါပုံပါ။ ဘယ်နယ်ပယ်မှာ ဖြစ်ဖြစ်ခိုင်မာအားကောင်းနေတဲ့ ရေခံမြေခံယဥ်ကျေးမှုကို ထည့်မစဥ်းစားဘဲ ပုံဖော်မယ်ဆိုရင် အခက်တွေ့နိုင်ပါတယ်။ ရေခံမြေခံယဥ်ကျေးမူ့ကို ထည့်မစဥ်းစားဘဲ၊ ကိုယ်ပုံဖော်ချင်သလို ပုံဖော်ရင်တော့ မြို့ဆန်တဲ့ ဘုန်းကြီးလေးလို ဖြစ်ဖို့များတယ်။ ဒီဝတ္ထုရဲ့ အဆုံးမှာ ရက်စွဲလေးပါရင် ကောင်းမယ်၊ ရက်စွဲလေးပါရင် ခေတ်ကို မှန်းဆလို့ရမယ်။
`မပြောတတ်ဘူး၊ ဟုတ်ချင်တော့လည်း ဟုတ်မယ်´ဝတ္ထုကတော့ သူကြီးတူ မောင်မူရယ်၊ တောင်ရွာက မောင်တာရယ်၊ ယုန်လိုက်သွားရာက ရတဲ့ဖွတ်ကြီးတို့နဲ့ စဖွင့်ထားပြီး၊ ဝတ္ထုတပုဒ်လုံးကို သယ်သွားတယ်။ဝတ္ထုဖန်တီးသူက သူပြောချင်တဲ့ အကြောင်းအရာကို ဖွတ်ကြီးကို ဗဟိုပြုပြီး ဖန်တီးပြသွားတယ်လို့ ခံစားမိတယ်။ ဖွတ်ဆိုရင် မီးဖုတ်၊ အရေဆုတ်မယ်၊ ရွာနာတယ်ဆိုတဲ့ သိမှုကို လက်ခံထားတဲ့ ရွာဖြစ်တယ်။ဖြစ်ချင်တော့ သူကြီးတူ မောင်မူနဲ့ တောင်ရွာက မောင်တာက ထီပေါက်သွားတယ်။ ထီထိုးရင် ဘာအတွက်ထိုးတယ်ဆိုတဲ့ အတိတ်ရေးလေ့ရှိတဲ့ ယဥ်ကျေးမှုလေးကို လှစ်ဟပြထားတယ်။ သူကြီးတူ မောင်မူ၊တောင်ရွာက မောင်တာတို့က `ဖွတ်ကူသံ သောသောညံစေ´ဆိုတဲ့ အတိတ်နဲ့ ထိုးတယ်။ ဝတ္ထုထဲက မောင်တာ ပြောတာလေးကို ဆင်ခြင်ပြီး သတိထားမိတယ်။ မောင်တာက `ဖွတ်ကူသံ ကြားရင် ကမ္ဘာ့ရာဇဝင်ကြီး ဆိုလား၊ သမိုင်းကြီး ဆိုလား ပြီးသွားတယ်´လို့ ပြောထားတယ်။ နောက်တော့ မောင်တာက ဆက်ပြောတယ် ` ဂျပန်ပြည်ကို အဏုမြူဗုံး မကြဲခင် တောင်ပေါ်ကနေ ဖွတ်ကြီးတကောင် ကူတယ်၊ ဂျပန်ပြည်ကြီးလည်း ဗုံးကျရော သမိုင်းဆိုတာကြီး တခုလည်း ရပ်သွားရော၊ သင်းတို့က တောင်ကို ယာမလို့ခေါ်တယ်၊ ဖွတ်ကူယာမဆိုပြီး နာမည်ကြီးနေတယ် ´လို့ ဖတ်ရတယ်။ ကျွန်တော် ခံစားမိသလောက် သမိုင်းနိဂုံးဆိုပြီး ကြွေးကြော်ခဲ့တဲ့ ဖူကူယားမားကိုများ ရည်ညွှန်းသလားပေါ့။ ဆရာမြင့်သန်း တယောက် မြို့ကြီးပြကြီးက ဖူကူယားမားကို နယ်ဘက်ကျေးဘက်ကိုများ ဝတ္ထုထဲကနေ အလည်ခေါ်လာသလားပေါ့။ ဒါဟာ ဖန်တီးစာတွေ ရေးတဲ့ စာရေးဆရာရဲ့ လုပ်ပိုင်ခွင့်ပဲ။ စာရေးဆရာဟာ သူ့လုပ်ပိုင်ခွင့်ကို အသုံးချပြီး စည်းခြားထားတာတွေကို ကျော်ဖြတ်နိုင်စွမ်းရှိတယ်။ သူကြီးတူ မောင်မူ၊ တောင်ရွာက မောင်တာတို့က ဖွတ်ကြီးကို အတိတ်နိမိတ်နဲ့ ထီထိုးပြီး ထီပေါက်တယ်။ ဖြစ်ချင်တော့ ဖဲရိုက်စားနေတဲ့ စံပက ဖဲသွားမရိုက်ခင် ဖွတ်ကြီးနဖူးကို ပိုက်ဆံနဲ့ပွတ်ပြီး သွားရိုက်တာ ဝိုင်လုံးကျွတ်တောင် နိုင်တယ်ဆိုတဲ့ သတင်းကလည်း အတော်ပျံ့သွားတယ်။ ဖွတ်ကြီးလည်း သမိုင်းသစ်တွင်သွားတယ်။ အရင်တုံးက ဖွတ်နဲ့ ပတ်သက်ပြီး ရွာနာတယ်၊ လာဘ်မကောင်းဘူးဆိုပြီး လက်ခံထားတဲ့ သိမှုကနေ တမျိုးတမည်ပြောင်းလာတယ်။ ခုများကြတော့လည်း ဖွတ်ကြီးနဲ့တွေ့မှ ကံကောင်းတယ်၊ လာဘ်ရွှင်တယ် ဆိုပြီး သိမူ့တွေ ပြောင်းလဲလာကြပြန်တယ်။ သိမှုတွေ ပြောင်းလဲသွားတာကို တွေ့ရတယ်။ ဒါပေမဲ့ ပြောင်းလဲခြင်းက ပြောင်းလဲခြင်းသက်သက် ဖြစ်နေပြီး သိမှုအခြေခံဘာမှမပါဘူးကို ဖန်တီးသူက လှစ်ဟပြထားတယ်လို့ ရေးရေးလေး ခံစားတွေးထင်မိတယ်။ တချို့ ပြောင်းလဲမူ့တွေက ခေါင်းစဥ်သာပြောင်းတာဖြစ်ပြီး သိမှုအခြေခံဘာမှမပါဘူး ဖြစ်နေတတ်တယ်။ ကျွန်တော်ခံစားမိတဲ့အကြောင်းအရာတွေကလည်း ဒီဝတ္ထုခေါင်းစဥ်လိုပဲ မပြောတတ်ဘူး၊ ဟုတ်ချင်တော့လည်း ဟုတ်မယ်။
ပြောင်းလဲခြင်းက ပြောင်းလဲခြင်းသက်သက် ဖြစ်နေပြီး သိမှုအခြေခံ ဘာမှမပါဘူးဆိုတဲ့ အယူအဆနဲ့ ချိန်ထိုး ဖတ်စရာ နောက်တပုဒ်လည်း တွေ့မိတယ်။
`မေ့ပြီးသား မေ့ထားလိုက်ပါတော့ ´ဝတ္ထုပဲ။ သစ်ကယ်သောင် မောင်ဆင်ပဲ။ သက်ကယ်သောင် မောင်ဆင် ဆိုပေမယ့်၊ သက်ကယ်သောင်က တော့မဟုတ်ဘူး ယင်းတိုက်တောကတဲ့။ ယင်းတိုက်တောက ဆိုရင် ဘာလို့ သက်ကယ်သောင် မောင်ဆင် ဖြစ်ရတာတုံးဆိုရင် သူလည်း သိဘူးလေဗျာတဲ့။ ပိုဆိုးတာက သူ့နာမည်က အောင်ရင်တဲ့။ အောင်ရင်ကနေ ဘာလို့ မောင်ဆင် ဖြစ်သွားတုံးဆိုတာ သူလည်း မသိဘူးဖြစ်နေတယ်။ ဒီဝတ္ထုမှာတော့ ဖန်တီးသူက သိမှုအခြေခံရှိဖို့အတွက် သုတေသနလုပ်ဖို့ အငြိမ်းစား ဦးလှမောင်ကြီးကို ဖန်တီးပေးထားတယ်။ အောင်ရင်ကနေ မောင်ဆင်ဖြစ်လာပုံကို ဦးလှမောင်ကြီးက သုတေသနလုပ်ကြည့်တယ်။ မောင်ဆင် အဒေါ်မဆိတ်ကြီး ယောကျာ်းက ကိုအောင်စိန်၊ ကိုအောင်စိန်က လေဖြတ်ထားတော့ အောင်ရင်ကို မပီမသခေါ်ရင်းကနေ မောင်ဆင် ဖြစ်လာတယ်။ ကိုအောင်စိန် ခေါ်တာကို အကြားနဲ့ ကျန်တဲ့လူတွေကပါ လိုက်ခေါ်ကြရင်း မောင်ဆင်ရယ် ဖြစ်လာတာပဲလို့ ဦးလှမောင်ကြီးက ကောက်ချက်ချတယ်။ ဒီစာလေးကို ဖတ်ရတော့ ဓလေ့သမိုင်းတွေ ရေးတာမှာ နာမည်ကြီးတဲ့ ဆရာတော် ရွှေကိုင်းသား ရေးထားတာလေးကို သွားသတိရမိတယ်။ နတ်စင်ပေါ်မှာ အမြဲအိပ်လေ့ရှိတဲ့ အရူးတယောက်ကို တချို့က ခဲနဲ့ပေါက်ပြီး စကြတာကို မြင်ဖန်များပြီး နတ်စင်ကို ခဲနဲ့ပေါက်တဲ့အလေ့ ခုထိရှိနေတာလေးကို ဆရာတော် ရွှေကိုင်းသားက ရေးခဲ့ဖူးတယ်။ အငြိမ်းစား ဦးလှမောင်ကြီးက သစ်ကယ်သောင်မောင်ဆင်ရယ်လို့ ဖြစ်လာပုံ သမိုင်းကို အနီးစပ်ဆုံးသိရအောင် အားတော့ထုတ်သား။ ဝတ္ထုဖန်တီးသူ ဆရာမြင့်သန်းလေနဲ့ ပြောရရင် အတတ်ပညာစံနှုန်းတွေနဲ့ ချိန်ထိုး အားထုတ်ရင်တော့ ပိုကောင်းမယ် ထင်တာပဲလေ။ အငြိမ်းစားဆိုပေမယ့် ဦးလှမောင်ကြီးက လောကကြီးဘေးထွက်ထိုင်မနေဘဲ သုတေသနတော့ လုပ်ရှာသား၊ ဒါတော့ မဖြစ်မနေ အားပေးရမယ်။ သစ်ကယ်သောင်မောင်ဆင်က သူ့ကိုယ်သူ မေ့ချင်လို့ အရက်သောက်တာကို ဘုန်းကြီးလေးကော၊ အာ့စိန်ကြီးကော နားမလည်နိုင်ဘူး ဖြစ်နေတယ်။ စာဖတ်နေတဲ့ ကျွန်တော်လည်း နားမလည်နိုင်ဘူးဖြစ်နေတယ်။ အဲဒီစာသားရဲ့ နောက်ကွယ်မှာရှိနေတဲ့ သဘောတရားကို နားလည်အောင်ဖတ်နိုင်တဲ့သိမှု ကျွန်တော့်မှာမရှိတာ။ စိတ်ထဲ မတင်မကျနဲ့ ဆက်ဖတ်နေရင်း ဝတ္ထုအဆုံးရောက်ခါနီးလေးမှာ `လမ်းမှာ နွားလှည်းတွေခံနေတော့ ကားအရှိန်လျှော့ရင်း ဘုန်းကြီးလေး ဦးပညာသာမိ အတွေးထဲမှာ လမ်းကတော့ ဒီတလမ်းပဲ၊ သွားပုံခြင်းသာ ကွဲကြတာကိုးလို့ ဘာကြောင်းမှ မရှိဘဲ မဆီမဆိုင် တွေးလိုက်မိတယ်´ ဆိုတာလေး ဖတ်လိုက်ရမှ ဘဝင်ကျတော့တယ်။ နေ့စဥ်လူနေမှုဘဝတွေထဲမှာ တချို့က သိပ်မတွေးတော့ဘူး၊ ပေါက်စျေးအတိုင်း လက်ခံလိုက်ကြတာများတယ်။ တွေးဖို့လည်း အချိန်မရတော့ဘူး၊ နောက်ဆုံးပေါ် ဇိမ်ခံပစ္စည်းတွေကို ပေါ်ပြူလစ်ယဥ်ကျေးမှုကို အသုံးချပြီး နာမည်ကြီး မင်းသား၊ မင်းသမီးတွေနဲ့ စျေးကွက်ကို ထိုးဖောက်တယ်။ အကြွေးဝယ်ကဒ်တွေကို ဘဏ်တွေကနေ ဖန်တီးပေးထားတယ်။ ဒီနေ့ခေတ်လူသားဟာ ဖုန်း၊ ကား၊ တိုက်တို့ကို အကြွေးဝယ်ကဒ်တွေနဲ့ ဝယ်မယ်။ ပြီးရင် တခုပြီးတခု ဖြစ်ပေါ်လာတဲ့ နောက်ဆုံးပေါ်တွေနဲ့ ထပ်ဆွဲဆောင်မယ်။ ဒီနေ့ခေတ် လူသားဟာ ဝယ်ထားတဲ့ ပစ္စည်းတွေ အတွက် အကြွေးဝယ်ကဒ်မှာ လစဥ်ဖြည့်ဖို့ လုံးပန်းနေရတော့တယ်၊ သိပ်ပြီး တွေးတောချိန်လည်း မရှိတော့ဘူး။ သိမှုဆိုင်ရာတွေကော၊ ယဥ်ကျေးမှုတွေကော ပေါက်စျေးနဲ့ပဲ လက်ခံလိုက်ကြတာ များတယ်။ မြင်တာရယ်၊ ကြားတာရယ် နောက်ကွယ်က ပကတိအရှိတရားကို သိဖို့မကြိုးစားတော့ဘူး။ ဘာပဲပြောပြော ဆရာမြင့်သန်း ဖန်တီးထားတဲ့ အငြိမ်းစား ဦးလှမောင်ကြီးကတော့ ပေါက်စျေးအတိုင်း လက်မခံဘဲ၊ ဆင်ခြင်ခြင်းကို အခြေခံပြီး အကြားတွေရဲ့ နောက်ကွယ်က ပကတိအရှိတရားကိုတော့ သိအောင်တော့ အားထုတ်ထားတာ တွေ့ရတယ်။
မေ့ပြီးသား မေ့ထားလိုက်ပါတော့ ဝတ္ထုထဲမှာပဲ တံတားထိပ် ကားဆိပ်နားက အာ့စိန်ကြီးအကြောင်း ဖတ်ရတယ်။ ကားစောင့်နေတဲ့ ဘုန်းကြီးလေးကို တွေ့တော့ အာ့စိန်ကြီးက သူ့ဆိုင်လာလို့ ခေါ်ပြီး အချိုရည်ကပ်သတဲ့။ အာ့စိန်ကြီး လုပ်နေကျလို့ ဆက်ဖတ်ရတယ်။ ကားစောင့်တဲ့ ဘုန်းကြီးတွေ၊ သီလရှင်တွေမြင်ရင် အဲဒီလိုပဲ သူ့ဆိုင်ပင့်ပြီး လက်ဖက်ရည်တန် လက်ဖက်ရည်၊ အချိုရည်တန် အချို ရည် ကပ်နေကျလို့ ဖတ်ရတယ်။ နယ်ဘက်ကျေးဘက်မှ ဝတ္ထုတော်တော်များများထဲမှာ အာ့စိန်ကြီးက ပါတတ်တယ်။ ဒီဝတ္ထုမှတင် မဟုတ်ဘူး။ အာ့စိန်ကြီးက ဆိုင်ဖွင့်ထားတာ ဆိုတော့ လူမျိုးပေါင်းစုံ၊ ယဥ်ကျေးမူ့ပေါင်းစုံနဲ့ ထိတွေ့ရတယ်။ အာ့စိန်ကြီးက ယဥ်ကျေးမူ့ပေါင်းစုံနဲ့ လိုက်လျောညီထွေစွာနေနိုင်တာ တွေ့ရတယ်။ လူမျိုးရေးအမြင်တောင်သိပ်ပြီး အစွဲကြီးပုံ မပေါ်ဘူး။ အာ့စိန်ကြီးမှ မဟုတ်ဘူး၊ ဆရာမြင့်သန်း ဖန်တီးထားတဲ့ ဝတ္ထုထဲက ဇာတ်ကောင် တော်တော်များများက လူမျိုးပေါင်းစုံနဲ့ ယဥ်ကျေးမူ့ပေါင်းစုံကို လိုက်လျောညီထွေစွာ နေကြတယ်။ အသားအရောင် ကွဲပြားမှု၊ လူမျိုးရေး ကွဲပြားမှုလည်း သိပ်ရှိပုံပေါ်မယ်မထင်ဘူး။
ရိုးတယ်ဆို လွယ်မှတ်လို့နဲ့ ချောင်းမကြီး ရေလျှံတုန်း သန်းခ ဘာလုပ်နေတုံးဆိုတဲ့ ဝတ္ထုနှစ်ပုဒ်လည်း ကိုယ်ခံစားမိသလို ရေးချင်သေးတယ်။ ဒီအကြောင်းအရာတွေကြတော့ အခါအခွင့်သင့်ရင်တော့ ရေးကြည့်ဦးမယ်။ ရိုးတယ်ဆို လွယ်မှတ်လို့ထဲက ငဂျမ်းနဲ့ ချောင်းမကြီး ရေလျှံတုန်း သန်းခ ဘာလုပ်နေတုံးထဲက သန်းခတို့ရဲ့ အကြောင်းအရာလေးတွေက မတူကွဲပြားခြားနားကြပြီး ပြန်ဖတ်ချင်စရာလေးတွေ။ ဒီလိုတွေ ရေးလို့ မြင့်သန်းရေးသမျှ သဘောတူသူ မဟုတ်ပါ။ စာရေးဆရာရဲ့ ဖန်တီးစာကို ခံစားမိရုံမျှသာ။ ကိုယ်တွေးသလို လိုက်တွေးရမယ်လို့ မဆိုလိုပေ။သဘောတူခြင်း၊ မတူခြင်းတွေက တစ်ဦးချင်းစီရဲ့ ဘဝမလို့ ဝင်ရောက်မစွက်ဖက်လိုပေ။ ဘာပဲပြောပြော နယ်ဘက်ကျေးဘက်မှ ဝတ္ထုများထဲက ဝတ္ထုတပုဒ်လိုပါပဲ `အသက်ရှူကွဲလို့ အနက်ယူလွဲတယ်´ပေါ့ဗျာ။
နန္ဒအောင်
၁၉. ၇. ၂၀၂၆
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
