Breaking News

မိုးမခကဗျာများ - သစ်ကောင်းအိမ် ၊ တိုးနှောင်မိုး၊ ချမ်းမြ

Art- Than Htay Maung
မိုးမခကဗျာများ 
စက်တင်ဘာ ၁၇၊ ၂၀၂၁

" သက်ရှိကျည်ဆန် "
သစ်ကောင်းအိမ်

ပြောစရာစကားလည်း မရှိတော့
ဖြေစရာတရားလည်း မရှိတော့

ရရာလက်နက်စွဲကိုင်ကြဆိုတော့
အသက်ကိုလက်နက်လုပ်ပြီး
ဆုပ်ကိုင်ထားကြ

ခုလိုကာလမှာ
မျက်ရည်ကျတာလည်း
တိုက်ပွဲဝင်တာပဲ

ကျည်ဆန်ကို
ငိုသံတွေနဲ့ပြန်ပစ်တယ်

ညနက်လာပုံက
ကိုယ် ရယ်မောမိရင်တောင်မှ
အပြစ်ရှိပြီး
ကိုယ့်သားကိုယ် ချီထားမိတာကိုက
မတရားသလိုဖြစ်လာ

ကြီးစိုးလာတဲ့အမှောင်မှာ
ငိုကြွေးသံတွေ ကျီးပြိုလို့
သေနတ်ပြောင်းထဲက
ခွေးဟောင်သံတွေဟာလည်း ပိုပြီးကျယ်လောင်လာ

မသေမရှင်ကွင်းပြင်ကြီးရဲ့အလယ်မှာ
သေသူတွေကိုလိုက်ပို့ရင်း
ပျောက်သောသူတွေကို လိုက်ရှာကြ

မင်းမူနေတဲ့မြူဆိုးတွေကြားမှာ
သေသူနဲ့ရှင်သူဟာလည်း ခွဲမရ

ဒီမြက်ရိုင်းတောကြီးလွန်မြောက်ရင်လို့
စိတ်ကူးယဉ်ကြ
ခုလိုကာလမှာ
စိတ်ကူးနဲ့လူသတ်တမ်းကစားရတာ
ပျော်စရာကောင်းတယ် 

....

" အလံ၏ 'အော်သံ'  "

တိုးနှောင်မိုး

ပျားက
ပျားပန်းမခတ်ဘူး
ပျားအတုတွေက
ပျားပန်းခတ်နေတာ။

တိုက်ပွဲကို
ပန်းခင်းတဲ့ *လမ်းမှာမဟုတ်ဘူး
လိုအပ်ရင်သွေးတွေဖောက်ထုတ်မယ်
မလိုအပ်ရင်ရနံ့တွေနဲ့ * လမ်းမယ်
ရရာသစ်ပင်နဲ့ပွင့်ရတဲ့ *လမ်း။

မြို့တွေအလျှိုလျှိုပျောက်ကွယ်သွားကြတယ်
နံရိုးတွေကပိုပိုမာလာကြတယ်
သွားတွေစေ့ထားကြပုံများ။

အချိန်ယူပြီး
ကော်ဖီမစောင့်နိုင်တဲ့အခါ
သပြေညိုကစောင့်နေမှာသိနှင့်တော့။

ပြိုင်တူစီးဆင်းနေတဲ့သွေးက
ပန်းတွေ
အရောင်စုံအောင်ပွင့်နေတာ
တစ်သံထဲ။

ရနံ့က
တိုင်ထိပ်မှာ
အလံက
ရင်ထဲကိုယ်စီ။

* လမ်း

12 Sept 2021

...

" ငါ့ကောင်ကြီး မနေ့က ဖုန်းဆက်တယ် "
ချမ်းမြ

ဒီနေ့ စခန်းမှာ ဝက်သားဟင်းချက်တယ်တဲ့
အသားဟင်းမပါရင် မစားတတ်တဲ့ကောင်က
ဘယ်လိုများဖြတ်သန်းနေလဲ ငါတွေးမိတယ်

ဖုန်းဘေလိုတိုင်းလဲ လှမ်းလှမ်းတောင်းတယ်
ငါးထောင်ဖိုးလောက်ထည့်ပေးလိုက်ရင်ကို
ဒီကောင်ကြီးက ထိုင်ရှိခိုးမတတ်ကျေးဇူးတင်ကြောင်း
တဖွဖွပြောတာ

သူ့အမေကို မဆက်သွယ်ဘူး
ဂရုစိုက်ပေးဖို့တော့အမြဲမှာတယ်
"ယောက်ဖ အမေ က ကျန်းမာရေးချူချာလို့" ဆိုပြီး 
ငိုသံပါကြီး နဲ့ စပြောတော့တာပဲ

ဒိုလေး သူ့အသင်းရောက်လာတာကို
ငါပြောမှသိတဲ့ကောင်က
မန်ယူနိုင်တဲ့နေ့တွေဆို ငါ့ကို
မအားတဲ့ကြားကနေ လှမ်းလေတိုက်သေးတာ

​တစ်လကို နှစ်ခါလောက်တော့
ဒီကောင်ကြီးနဲ့ဖုန်းအကြာကြီးပြောဖြစ်တယ်
ဖုန်းချခါနီး အစစအရာရာ ဂရုစိုက်ဖို့မှာတိုင်း
ငါက အရင်လိုမဟုတ်တော့ဘူးဟ
ယောက်ဖရဆိုပြီး အမြဲပြောတယ်

ချစ်ခြင်းများဖြင့်
၁၄ ၊ ၉ ၊ ၂၀၂၁
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar