မိုးမခခေတ်သစ်ပုံပြင် - ပုံပြောသူ- ဆာသော်ဒိုး
စက်တင်ဘာ ၈၊ ၂၀၂၁
" သူတောင်းစားရဲ့ ကြိမ် "
ပုံပြောသူ- ဆာသော်ဒိုး
မောင်ညီမလေးတို့ရေ . . .
မျောက်တွေ တလှေကြီးမွေးထားပြီး တောင်းရမ်းစားသောက်နေတဲ့လူတစ်ယောက်အကြောင်းပေါ့ကွယ်။
သူက မျောက်တွေအများကြီး မွေးထားတယ်။ အဲသည်မျောက်တွေကိုပြပြပြီး ပိုက်ဆံတောင်းနေတဲ့ "သူတောင်းစားကြီး" ပေါ့ကွယ်။ မျောက်တွေပြပြီးတောင်းစားနေတဲ့သူရဲ့လက်ထဲမှာကိုင်ထားတာကတော့ " တုတ် " တစ်ချောင်းပေါ့။ မျောက်တွေအားလုံးက သူတို့သခင်မျက်နှာထက် တုတ်ကိုပဲကြည့်နေကြတာ။ တုတ်က မျောက်အားလုံးကိုထိန်းထားတဲ့ " လက်နက် " ပဲပေါ့။
မျောက်ရှင်က တုတ်မြှောက်ရင် ဘာလုပ်ရမယ်၊ တုတ်ဝှေ့ရင် ဘာလုပ်ရမယ်၊ တုတ်ထောင်ရင် ဘာလုပ်ရမယ်၊ တုတ်ရမ်းရင် ဘာလုပ်ရမယ်ဆိုပြီး မျောက်တွေကို သင်ထားတာကွဲ့။ သင်တဲ့အခါမှာလည်း အဲဒီတုတ်နဲ့ပဲ ရိုက်ရိုက်ပြီးသင်တာကြောင့် မျောက်တွေဟာ အဲဒီတုတ်ကို အရမ်းအရမ်းကို ကြောက်ကြတယ်။
မျောက်တစ်အုပ်ကို တုတ်တစ်ချောင်းတည်းနဲ့ ထိန်းထားတဲ့မျောက်ရှင်သခင်ကို မျောက်တွေက မတော်လှန်ရဲကြဘူး။ မတော်လှန်ရဲဘူးဆိုတာထက် ဘယ်လိုတော်လှန်ရမယ်ဆိုတာကို မသိတာ။
တခါတော့ မျောက်တစ်ကောင်က သူတို့ကြောက်နေရတဲ့ အဲသည်တုတ်ကိုယူပြေးဖူးတယ်။ အဲသည်ကောင် ပြန်လည်းမိရော သေလောက်အောင်ကိုပဲအရိုက်ခံလိုက်ရတယ်။
တခါလည်း မျောက်တစ်ကောင်က တုတ်ကိုယူပြီးအပိုင်းပိုင်းကို ချိုးပစ်လိုက်တယ်။ အဲသည်မှာ ချိုးလိုက်တဲ့တုတ်ထက် ပိုကြီးပြီး ပိုရှည်တဲ့ " ကြိမ်လုံးကြီး " ရောက်လာပါတော့တယ် ကွယ်။
မျောက်တွေရဲ့ဘဝဟာ မလွယ်ပါဘူးကလေးတို့။
သခင်ကို ရှာလည်း ကျွေးရသေးတယ်။ ရိုက်တာနှက်တာလည်း ခံရသေးတယ်။ မဝရေစာ ပေးတာလေးယူ ကျွေးတာလေးစားပြီး တခါတလေများ အစားအစာတောင်မှ မစားကြရဘဲ ငတ်ကြရသကွယ်။
သူတို့အရှင်သခင်ကတော့ သူတို့တွေကိုပြပြီး တောင်းထားလို့ရတဲ့ ပိုက်ဆံတွေနဲ့ ကောင်းကောင်းနေတယ်။
ကောင်းကောင်းအိပ်တယ်။ ကောင်းကောင်းစားတယ်။
ကောင်းကောင်းသောက်တယ်ကွဲ့။ မျောက်တွေကတော့ သူတို့ကိုပြပြီး တောင်းထားလို့ရတာတောင်မှသူတို့မစားရတဲ့ဘဝကို ရောက်နေရရှာသူတွေပါကွယ်။
ဒါပေမယ့် အရှင်သခင်ကို မှီခိုနေရတာကိုပဲ သူတို့ကသိပ်ကိုကံကောင်းလှပြီထင်နေကြတာ ပေါ့။
သူတို့သခင်က စျေးကြီးပေ့ဆိုတဲ့ အရက်ကောင်းတွေသောက် အစားကောင်းတွေစားပြီး လွှင့်ပစ်လိုက်တဲ့အကြွင်းအကျန်လေးတွေလောက်ပဲ ကောက်စားနေရတာကို ကျေနပ်နေရတဲ့ မျောက်တွေဘဝမှာ အာဏာဟာ " တုတ် " အပေါ်မှာပဲ မူတည်နေတယ်။ တုတ်ပြလိုက်ရင် ကုပ်ကျသွားကြတာပေါ့ ကွယ်။
တုတ်ကိုကြောက်ပြီး မျောက်တွေက ထွက်လည်းမပြေးရဲကြဘူး။ မျောက်ပဲကွယ် တောထဲဝင်ပြေးပြီးတွေ့တဲ့သစ်ပင်ပေါ်တက်နေလိုက်ရင် ရတာပဲ။ ဒါပေမယ့် သူတို့စိတ်ထဲမှာ တောထဲသွားရင် ငတ်သေမှာကြောက်တာထက် သူတို့သခင်က လိုက်လာဖမ်းပြီး ကြိမ်တုတ်နဲ့ရိုက်မှာကို ကြောက်နေတာကြောင့်ထွက်မပြေးရဲကြတာ။ ထွက်ပြေးခဲ့တဲ့ မျောက်တစ်ကောင်ကို ဖမ်းချုပ်လာပြီး သူတို့တွေရှေ့မှာပဲ သေအောင်ရိုက်သတ်ပြထားဘူးတော့လည်း ကြောက်ကြတာပေါ့ ကွယ်။
တနေ့မနက် မျောက်တစ်ကောင်ကို ကြိမ်နဲ့ဆော်ထားတာ အဲသည်မျောက် အတော့်ကို နာနေပုံပဲ။
ညနေကျတော့ အဲသည်မျောက်က ဝါးဆစ်ပိုင်းတစ်ပိုင်းကို ကိုင်လာတယ်။ ကျန်တဲ့မျောက်တွေက ဘာလုပ်မလဲ ကြည့်နေကြတယ်။ မျောက်က မူးပြီး ထိုင်လျက်သားအိပ်နေတဲ့ သူ့သခင်ရဲ့ခေါင်းကို ဝါးဆစ်ပိုင်းနဲ့ ခပ်ပြင်းပြင်းရိုက်ထည့်လိုက်တယ်။ လက်ဆပြင်းတော့ ခေါင်းကွဲပြီး သွေးတွေထွက်လာတယ်။
သခင်လည်း ရုတ်တရက်လန့်ထပြီး သူ့ခေါင်းကိုစမ်းကြည့်တော့ သွေးတွေ ဒလဟောထွက်နေတာကို တွေ့သွားတယ်။ သူ့ကို ရိုက်တဲ့မျောက်နောက်ကို လိုက်တယ်။ အဲသည်မျောက်က ကြောက်ကန်ကန်ပြီး ပြန်ပြန်ရိုက်တယ်။ သိပ်မကြာဘူး သူတို့ရဲ့သခင် ပစ်လဲကျသွားတယ်။
အဲဒီတော့မှ ကျန်တဲ့မျောက်တွေကလည်း သူတို့သခင်ကိုပြန်ရိုက်နိုင်တယ်ဆိုတာသိပြီး တွေ့တဲ့တုတ်တွေ ဆွဲလာပြီး ဝိုင်းရိုက်ကြတယ်။ မထနိုင်အောင်ကို ဝိုင်းပြီးရိုက်လိုက်ကြတာ။ နောက်ဆုံးသူတောင်းစားကြီး လှုပ်ကိုမလှုပ်တော့ဘူး။
သခင်သေတာတောင် ဘာလုပ်ရမှန်း မသိကြသေးဘူး။ မျောက်တစ်ကောင်က သွားကိုင်ပြီးလှုပ်တယ်။
မထနိုင်တော့ဘူး။ ဒီတော့မှ အဲသည်ကောင် ထွက်ပြေးသွားတယ်။
တစ်ကောင်ပြေးတော့ နောက်တစ်ကောင်ကလိုက်။
နောက်တစ်ကောင်နောက်ကို နောက်တစ်ကောင်ကလိုက်။ အဲသည့်ကောင်တွေနောက်ကို အခြားကောင်တွေက လိုက်။ နောက်ဆုံး အိမ်ထဲမှာ မျောက်တစ်ကောင်မှ မရှိတော့ဘူး။ ဒါတောင် တောစပ်ကနေရပ်ပြီးကြည့်နေကြသေးတာကွဲ့။
“ ငါတို့သခင် ကြိမ်တုတ်နဲ့ လိုက်လာအုံးမှာလား ”
လိုက်လာတာမတွေ့တော့မှ တောထဲကိုဝင်ကြတွေ့တဲ့အပင်ပေါ်တက်ကြ တွေ့တဲ့အသီးအနှံတ်လတ်ဆတ်ဆတ်တွေကို စုံနေအောင်ခူးပြီး စိတ်ကြိုက် အားရပါးစားကြကာ လွတ်လပ်ပျော်ရွှင်တဲ့ဘဝအစစ်ကို ရသွားကြတော့တယ် ကွဲ့။
မျောက်တွေရဲ့စိတ်ထဲတော့ တွေးနေကြတယ်။
“ ငါတို့တွေ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းကသူ့ခေါင်းကို ဒီလိုရိုက်ခွဲပြီး ထွက်လာနိုင်ကြရဲ့သားနဲ့ဘာကြောင့်များ နှစ်တွေ ဒီလောက်အကြာကြီးကြာ
နောက်အကျကြီးကျပြီးမှ လွတ်မြောက်လာကြရတာလဲ " ပေါ့။
“ အစကတည်းက တစ်ကောင်လောက်က ပြန်ခံပြီးတွယ်ထည့်လိုက်ရင် တီးထည့်လိုက်ရင် ငါတို့တွေရဲ့ဘဝတွေဟာ လွတ်လပ်အေးချမ်းတာ ကြာခဲ့ပြီ ”
တကယ်လိုအပ်တာက “ သတ္တိ ” ပါပဲ ကလေးတို့။
" သူ့လက်ထဲမှာကိုင်ထားတဲ့ ကြိမ်တုတ်တစ်ချောင်းဟာ ငါတို့လက်ပေါင်းများစွာရဲ့ တုတ်ပေါင်းများစွာရဲ့ဒဏ်ကို ဘယ်လိုမှမခံနိုင်ဘူးဆိုတာ မယုံရင် စမ်းကြည့်လိုက်စမ်းပါ " လို့ သူတို့မျိုးဆက်သစ်လေးတွေကို အစဉ်အဆက် လက်ဆင့်ကမ်းကာပြောနေကြတော့သတဲ့ ကွယ်။
"ရှေးဟောင်း တရုတ်ရိုးရာပုံပြင်လေးကတော့ ဒါပါပဲကွယ်။ နောက်တစ်ပတ်ဒီလိုအချိန်မှာ ဒိုးဒိုးဖတ်ခဲ့ဘူးတဲ့ နောက်ထပ်တစ်နိုင်ငံက ပုံပြင်ကလေးတစ်ပုဒ်ကိုထပ်မံရွေးထုတ်ကာ မောင် ညီမလေးတို့အတွက်လက်ဆောင်ပေးပါအုံးမယ်ကွယ် . . ."
ဆာသော်ဒိုး
7-9-21(Tues) 4:30 Am
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar