မိုးမခအက်ဆေး ၂ - ခွန်ဆိုင်း ' စစ်သားတယောက်ကို- မျက်ရည်ကျစေသော...'
မိုးမခအက်ဆေး
စက်တင်ဘာ ၈၊ ၂၀၂၁
' စစ်သားတယောက်ကို- မျက်ရည်ကျစေသော...'
ခွန်ဆိုင်း
.
ကျွန်တော် ခုတပတ်စနေနေ့က မိတ်ဆွေအီရတ်တယောက်အိမ်ကို ညနေစာ စားဘို့ရောက်ခဲ့ပါတယ်။ သူက ဆဒန်ဟူစိန်လက်ထက်မှာ စစ်မှုထမ်းခဲ့ဖူးတယ်။ နောက်ပိုင်း အင်္ဂလန်ရောက်မလာခင် ရူပဗေဒ ဘာသာရပ် သင်ပြတဲ့ ဆရာလုပ်ခဲ့တယ်လို့ သူပြောပါတယ်။ ခုရက်ထဲမှာ သူတခုခုပြောချင်နေတာပြောဖို့ စကားပြောဖက် လိုနေသလားတော့မသိပါဘူး။ အရင်အပတ်ကတည်းကလှမ်းဖိတ်တယ်။ ကျွန်တော်ကမအားတော့ မလာနိုင်သေးဘူး လို့ငြင်းလိုက်မိတာ။ ခု တခါထပ်ဖိတ်ပြန် တာနဲ့ ကျွန်တော်တို့မိသားစုသွားလိုက်ကြတာပါ။..
.
ကျွန်တော်တို့ ၂ ယောက်ပြောမှာတွေကို သားတော်မောင်ဘယ် စိတ်ဝင်စားနိုင်မလဲ။ ရောက်တာနဲ့ တိုက်ခန်းတွေအလည်ခေါင်ကွက်လပ်က ကလေးကစားကွင်းကိုမျက်စိကျသွားပြီး သူ့အမေကိုအပါခေါပြီး ထွက်သွားကစားနေလိုက်ပါတယ်။ အီရတ် မိတ်ဆွေကို အလုပ်ထဲမှာ သိကျွမ်းရင်းနှီးခဲ့တာပါ။ နောက်ပိုင်းမှာသူ့ရဲ့ နေထိုင်ခွင့်သက်တမ်းကုန်လို့ ပြန်ရတော့မယ်ဆိုပြီး- အလုပ်ထွက်သွားပါတယ်။ တကယ်တန်းကျမပြန်ဖြစ်။ မပြန်နိုင်ပဲ နောက်ထပ် ၅ နှစ်သက်တမ်းတိုးဆက်နေခွင့်ရသွားပါတယ်။ သူနဲ့တွေ့တိုင်း ကျွန်တော့်မှာ ဗဟုသုတများစွာတိုးတယ်။ တချို့ အရှေ့အလည်ပိုင်းအကြောင်းအရာတွေက ဆောင်းပါးတွေဖတ်-သတင်းတွေနားထောင် နားလည်ရတာရှိသလို တခါတလေ သူ့နိုင်ငံသားတယောက်နဲ့ တိုက်ရိုက်ပြောရင်း သိလာရတာတွေကလည်း-တမျိုးစိတ်ဝင်စားဖို့ ကောင်းတယ်။ ..
သူ့စကားအသုံးအနှုန်းနဲ့ဆို သူ ရီဒီကယ်သမားမဟုတ်ဘူးလို့ပြောပါတယ်။ ကျွန်တော်နဲ့ စကားပြောနေတုန်း သူ့ဖုန်းမြည်လာလို့ ကျွန်တော် အသာစောင့်လိုက်တဲ့အခါ သူကလက်ကာပြပြီး ဘက်ဂဒက်က သူ့အကိုဆီက တဲ့။ ဖုန်းထဲမှာ ၅ မိနစ်လောက်ကျော်လောက်ရှိမယ်။ အာရဗီစကားတွေဆိုတော့ကျွန်တော်နားမလည်ပါဘူး။ အသံတွေက ကြည်လင်ပြတ်သား ဖုန်းကိုဖွင့်ထားတော့အကုန်ကြားနေပါတယ်။ သူမရီး သူ့တူတွေက ဝင်လှမ်းနှုတ်ဆက်-ဂါရဝပြုပြောကြတာတွေလည်းကြား။ ရီရီမောမောဆိုတော့ စိတ်မကောင်းစရာအကြောင်းတွေ မဟုတ်ဘူးလို့ထင်ပါတယ်။ .
.
တဖက်က ဖုန်းချသွားတော့ မှကျွန်တော်က ဖုန်းလိုင်းကောင်းလှချည်လားမေးတော့ ဟုတ်တယ်တဲ့။ ဗိုင်ဘာနဲ့ပြောနေတာတဲ့။ အရင်တခါ တွေ့တုန်းက သူနဲ့ပြောဖြစ်ကြတဲ့အကြောင်းအရာတွေထဲမှာ အိုက်ဆက်တွေသိမ်း ထားတဲ့ မိုဆိုလ်းမြို့အကြောင်းပါတယ်။ မိုဆိုးလ်က သူ့ အမျိုးတွေဆီ ဖုန်းဆက်လို့ရကြောင်း သူ ပြောတော့ကျွန်တော်အံ့သြသွားတယ်။ အမျိုးတွေဘယ်လိုနေကြသလဲမေးတော့ အေးအေးဆေးဆေးပဲလို့ပြောတယ်။ ဗုံးကျမှာမကြောက်ဘူးလားမေးတော့ မကြောက်ဘူး သူတို့က ဗုံးကျမယ့်နေရာကို သိတယ်လို့ပြောသဗျ ။ အစိုးရဝန်ထမ်းတွေဆို လခရတုန်းတဲ့။ အီရတ်အစိုးရက ဘက်ဂဒက်က နေ လှမ်းပို့ပေးတုန်းတဲ့ ။ သတ်မှတ်ထားတဲ့နေရာမှာ သွားယူကြရသတဲ့။ အိုင်ဆက်က မသိမ်းဘူးလားမေးတော့ မသိမ်းပါဘူးတဲ့။ လူတွေလက်ထဲပိုက်ဆံမရှိရင် ဘာနဲ့ သွားစားမလဲ။စျေးသည်တွေ ဘာသွားရောင်းမလဲ။ သူတို့ပြဿနာတက်လာမှာပေါ့တဲ့။ မသိချင်ယောင် ဆောင်နေ လိုက်တာပေါ့တဲ့။ စျေးသည်တွေလည်း သူဟာနဲ့သူ ကုန်ကူးသန်းရောင်းဝယ်နေကြတာဆိုပဲ။ ဟုတ်မှာ ။ ဆောင်းပါးတပုဒ်မှာ အိုက်ဆက်တွေသိမ်းထားတဲ့နယ်မြေက လောင်စာဆီကို အီရတ်စစ်သားတွေက ဝယ်တဲ့အကြောင်းပါလို့ မျက်လုံးပြူးဖူးတယ်။ အိုက်ဆက်ကပိုက်ဆံလိုတယ်။ အီရတ်စစ်သားတွေက စျေးပေါပေါဝယ်ချင်တယ်။ ၂ ဖက်အဆင်ပြေလို့တဲ့။ တခါတခါ မှာ ကျွန်တော်လိုက်နားမလည်နိုင်တာတွေပေါ့။ မိုဆိုးလ်မှာ အင်တာနက်ရ-ဆိုပါလား။ သတိတော့ထားသုံးရတယ်။ မော်နီတာလုပ်နေနိုင်လို့တဲ့။ မိသားစုကိစ္စပဲပြောဆို- အိုကေပဲတဲ့။ ဟုတ်မယ်။ အိုက်ဆက်လည်းအင်တာနက်ကို တွင်တွင်ကျယ်ကျယ်သုံးနေတာပဲ။ စစ်သားစုဆောင်းရေးမှာ တွီတာသုံးတာများ- တကြိမ်မှာ တရက်ထဲ အကြိမ်ရေ ၆ သောင်းတွီ့လိုက်တယ်လို့ သတင်းစာမှာပါတာ တခါဖတ်ဘူးလိုက်တယ်။ ရှင်းမရတဲ့ အီရတ်စစ်ပွဲကြီးအကြောင်းမေးရင် မိတ် ဆွေကတော့ ၂ ဖက်လုံးပိုက်ဆံရလို့ စစ်တိုက်နေတာလို့ စိတ်နာနာနဲ့ပြောပါတယ်။ ၂ ဖက်ဝိုင်းကူနေတဲ့သူတွေကမီးထိုးနေကြတာတဲ့။ ပွဲ ဖြတ်ချင်ရင် ဒီလိုမလုပ်ဘူးလို့ပြောတယ်။ အဲဒီမှာပဲ-ကွက်ကွက်လေး ဖြစ်ခိုင်းထားလိုက်တာလို့ သုံးသတ်ပါလား။ တခါတခါ သူနဲ့ပြောရင် ဆဒန်ဟူစိန်လက်ထက်က တောက်ပတဲ့နေ့တွေအကြောင်းလည်းပါတတ်သေးတယ်။.
.ကျွန်တော်တို့ စကားလမ်းကြောင်းက ဧရာမ စစ်ပြေးဒုက္ခသည်တွေဥရောပဆီရွှေ့ပြောင်းမှုကြီးရောက်သွားတယ်။ ဆီးရီးယားပြည်-ကိုဘာနီမြို့က Aylan Kurdi ဆိုတဲ့ ၃နှစ်သားကလေးငယ်လေး ရုပ်အလောင်းဓါတ်ပုံတွေအကြောင်းရောက်သွားတော့သူ့မျက်နှာမှိုင်းလာတယ်။ ခင်ဗျားလည်း သားတယောက်ရှိတာပဲ။ ခင်ဗျားဘယ်လိုခံစားရလဲတဲ့။ သူက အေလန်ခတ်ဒီ ရဲ့အဖေ အင်တာဗျူးကြည့်ထားတာကိုပြန်ပြောပြနေခဲ့တာ။..
.
ဂရိတ် ကျွန်း Kos ကို တူရကီဘက်ကနေဖြတ်ကူးဘို့ကြိုးစားကြရင်း dinghy ဒင်ဂီလို့ခေါ်တဲ့လေထိုးထားတဲ့ကူးတို့လှေလေးက လှိုင်းပုတ်တဲ့ဒဏ်နဲ့ သယ်လာရတဲ့လူတွေအလေးချိန်ဒဏ်ကို မခံနိုင်လို့မှောက် သွားခဲ့တာ။ မိတ်ဆွေက ထိုင် စကားပြောနေရာကမတ်တပ်-ထရပ်တယ်။ အေလန်ခတ်ဒီ ရဲ့ အဖေ က သူ့ကိုယ်မှာလာပူးတယ်။ ကလေး၂ယောက်ကို လက်၂ဖက်နဲ့ ဖက်ထားတဲ့ ပုံလုပ်ပြတယ် ။ အဖေလုပ်သူက သား၂ယောက်ကို ပွေ့ပြီး ဆက်ကူးဘို့ကြိုးစားတယ်ဗျာ။ မိန်းမ နစ်နေတာကိုလည်းလိုက်ဆွဲသေးသတဲ့။ ။ ကမ်းကိုရောက်အောင် ကူးနေပေမယ့် လှိုင်းလုံးတွေကကြီးတော့ ကလေးတွေမခံနိုင်ဘူး။ ရေမွန်းဆုံးပါးကုန်ကြရှာတယ် ။ အဖေတယောက်-ယောကျာင်္းတယောက်လုပ်ပြီး သူ့မိသားစု ဘယ်သူ့ကိုမှ ကယ်လို့မရခဲ့ဘူးတဲ့။ သူ့အဖြစ်ကို စာနာမိတဲ့နိုင်ငံတချို့က ချက်ချင်းနိုင်ငံသားပေးမယ်လို့ကမ်းလှမ်းလာတယ်။ဒါပေမယ့် ခတ်ဒီ့အဖေက သူလည်းသေသွားပါပြီ ။ဘယ်မှာနေနေ မပျော်တော့ဘူး။ ဥရောပမှာလည်း မနေတော့ဘူး။ သူ့မိန်းမနဲ့ ခလေးတွေမြေမြုပ်ရာသင်းဂျိုင်းဘေးမှာပဲနေတော့မယ်ဆိုပြီး ကိုဘာနီမြို့ကိုပြန်သွားတယ် ဆိုတဲ့အကြောင်း။ မိတ်ဆွေကပြန် ပြောရင်း မျက်ရည်တွေကျနေတယ်။ ..
. အဲဒီဓာတ်ပုံ တက်လာတဲ့နေက ကျွန်တော်လည်း တနေ့လုံးစိတ်ထိခိုက်နေခဲ့တာပဲ။ ဆုံးသွားတဲ့ ကလေးကတီရှပ်အနီ။နက်ပြာရောင်ဘောင်းဘီအတို လေးနဲ့ဆိုတော့ သားကြိုက်တဲ့ဝတ်နေကျဒီဇိုင်း။ အသားကလည်း ဖြူးဖြူလေး။ သားငယ်ကိုတမ်းကနဲမျက်စိထဲမှာပြေးမြင်တာ။ အော်-သားလေးအတိုင်းပဲ-အဲဒါငါ့သားလေးသာဆို ငါဘယ်လိုနေမလဲပေါ့။
. ဒီဓါတ်ပုံတက်လာပြီး မကြာခင်မှာ ဗြိတိန်ဝန်ကြီးချုပ် က ဒုက္ခသည်တွေလက်ခံရေးနဲ့ ပတ်သက်ပြီး ပြန်စဉ်းစားမယ်လို့ပြောပါတယ်။ ဒီဓါတ်ပုံကိုသူလည်း ကြည့်ရတယ်။ သားတယောက်ရဲ့ ဖခင် ဆိုတော့သူလည်း ခံစားရတယ်တဲ့။( နောက်မှ သိရပြီး ပိုစိတ်မကောင်းစရာဖြစ်ရတာက အတူတူဆုံးပါးသွားတဲ့ ကလေးရဲ့အထက်က အကို- ၅နှစ်သားလေးက ဒီလှေလေးနဲ့ ကူးလို့ဖြစ်ပါ့မလားလို့ ပြောရှာသေးသတဲ့။ ဒီဓါတ်ပုံလေးက ထင်ရှားတဲ့သက်သေ-သင်္ကေတလေးတခုလိုကျန်တော့မှာပါ။ အဖေတို့လူသားတရပ်လုံး ကျွန်တော့်အပေါ် တာဝန်ပျက်ကွက်ခဲ့တယ်ဗျာ လို့ တိတ်တိတ်လေးပြောနေတော့မှာပါ ) ..
. ကျွန်တော်တို့ တွေဟာတကယ်တန်းကျတော့ လူသားတွေပဲ။ ကျွန်တော်နဲ့သူ စကားပြောနေတဲ့အချိန်-သူ့မှာ စွန်နီ-ရှီယာ-ကာဒ် ဆိုတာတွေ မရှိ။ ကျွန်တော့်မှာလည်း ဘာသာတွေလူမျိုးတွေ မရှိ။ အမုန်းမရှိ။ မေတ္တာစိတ်သာရှိတယ် ။ အားလုံး လူသားတွေဆိုတာ ကျွန်တော့်ရှေ့က အီရတ်စစ်သားဟောင်းကြီးရဲ့မျက်ရည်တွေက သက်သေပဲ။
... အဲဒီအချိန်မှာပဲ အိမ်အောက်ဖက်ဆီကနေ အဖေကြီးရေ-ဆိုပြီးလှမ်းခေါ်သံကြားတယ်။ဒါ သားအသံဆိုတာ ချက်ချင်း-အာရုံက သိ။ ဒီလိုခေါ်တတ်တာ-သားတယောက်ပဲရှိတာကိုး။ ဒါနဲ့ ပြူတင်းပေါက်က ထွက်ကြည့်တော့ သားငယ်က အောက်ကနေအော်ခေါ်နေတာ ။ သူ- အေးလာလို့ အနွေးထည်ပစ်ချပေးလိုက်ဖို့လှမ်းပြောနေတာ။ ဟုတ်မယ်။ ဒီမှာ ဆောင်းဦးလေက စဝင်နေပြီ။ ၆ နာရီဆိုတော့နေလည်းစောင်းလာပြီကိုး။ သား ချမ်းနေရှာမှာပေါ့။
ခွန်ဆိုင်း
( ၇-၉-၂၀၁၅ )
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar