Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၆ ရက် မြောက်နေ့ မြင်ကွင်း





မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၆ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၂၁

ဒီနေ့မှာ ဗုံးပေါက်ကွဲမှုတွေဟာ ရန်ကုန်မြို့၊မန္တလေးမြို့၊ ပြည်မြို့နဲ့ အခြားေသာမြို့အချို့မှာ ဟိုနားသည်နား တနေရာမက ဖြစ်ပွားခဲ့ပြီး သတင်းပေး လို့စွပ်စွဲခံရသူ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူး၊ စစ်မှုထမ်းဟောင်း စတဲ့သူတွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်တဲ့သတင်းတွေလည်း ဒီနေ့ သတင်းတွေထဲ ဖတ်ရှုရပါတယ်။ 

ဒါ့အပြင် TNLA က အာဆီယံရဲ့ အပစ်ရပ်ဖို့ ပန်ကြားချက်ကိုကြိုဆိုလိုက်တယ်ဆိုတဲ့ သတင်း၊ အမျိုး၊ ဘာသာ၊ သာသနာကို လှုံ့ဆော်ဟောပြောသူ ဆရာတော်ဦးဝီရသူကို ဒီနေ့ အမှုရုပ်သိမ်းပြီး လွှတ်ပေးလိုက်တယ်ဆိုတဲ့သတင်းနဲ့ စက်တင်ဘာ ၇ ရက်နေ့ နံနက်စောစောမှာတော့ NUG အစိုးရရဲ့ ဒုသမ္မတ ဒူးဝါးလရှီလက နိုင်ငံတော်အရေးပေါ် အခြေအနေကြေညာလိုက်တယ်ဆိုတဲ့သတင်းရဲ့ ဂယက်ရိုက်ခတ်မှုတွေ ဖြစ်ပါတယ်။ 
စက်တင်ဘာ ၆ ရက်နေ့ မနက်ပိုင်းကတည်းက ရန်ကုန်မြို့ရဲ့ လမ်းဆုံတချို့မှာ ပေါက်ကွဲမှုတွေဖြစ်ပွားပြီး လမ်းတွေမှာ စစ်သားနဲ့ရဲတွေက ကားတွေတားဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် လူထိခိုက်သေဆုံးတာမကြားရပါဘူး။ ၅ ရက်နေ့ညက ပုဂ္ဂလိက ကွန်ဒိုတိုက်ခန်းတခုရဲ့ ကားရပ်နားရာနေရာမှာဖြစ်ပွားတဲ့ ပေါက်ကွဲမှုမှာတော့ လုံခြုံရေးဝန်ထမ်း ၂ ဦး သေဆုံးသွားတယ်လို့ဆိုပါတယ်။ ဘယ်အဖွဲ့အစည်းလက်ချက်နဲ့ ဘာကိုရည်ရွယ်လုပ်တာလဲဆိုတာတော့ မသိရပါဘူး။ 

ပြည်မြို့မှာလည်း ဒီနေ့နေ့ခင်းပိုင်း ဖြစ်တဲ့ပေါက်ကွဲမှုနဲ့ ‌ပေါက်ကွဲမှုအပြီး ပစ်ခတ်မှုတွေ ဖမ်းဆီးမှုတွေ ရှိခဲ့ပြီး လူငယ် ၂ ဦးကိုဖမ်းဆီးသွားရာမှာ ညနေပိုင်းမှာတော့ ပစ်ခတ်ခံရတဲ့အထဲက လူငယ်တဦး သေဆုံးသွားတဲ့အကြောင်း မိသားစုက အတည်ပြုတဲ့သတင်းကို ဒေသဆိုင်ရာသတင်းပေ့ချ်တွေမှာ ဖတ်ရှုရပါတယ်။ 

အခြားသော ပေါက်ကွဲမှုဖြစ်တဲ့မြို့ကတော့ မန္တလေးမြို့ဖြစ်ပါတယ်။၊ အမရပူရ တောင်သမန်အင်းသွားတဲ့ ကားလမ်းပေါ်ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုအပြီး အနီးအနားရပ်ကွက်က အမျိုးသားတွေကို ရိုက်နှက်စစ်ဆေးတာတွေရှိခဲ့တယ်လို့ဆိုပါတယ်။ 

အခြားနေ့စဥ်ကြားသိရတဲ့ သတင်းတွေဖြစ်တဲ့ လုပ်ကြံသတ်ဖြတ်မှု သတင်းတွေထဲမှာတော့ မိုးကုတ်မြို့က စစ်မှုထမ်းဟောင်းလင်မယားကို ဆိုင်ကယ်သမားက သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်း၊ ဒီပဲယင်းမြို့နယ် ညောင်လှရွာမှာ ဒုရဲအုပ်ရဲ့ မိဘ ၂ ဦးဓါးနဲ့ ခုတ်ခံရလို့သေဆုံးတယ်ဆိုတဲ့ သတင်းစတဲ့ သတင်းတွေသတင်းမီဒီယာတွေမှာ ဖေါ်ပြထားတာတွေ့ရပါတယ်။ 

ဒီသတင်းတွေနဲ့ သဘောသဘာဝ မတူတဲ့အခြားသတင်းတပုဒ်ကတော့ စက်တင်ဘာ ၇ ရက်နေ့နံနက်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အရေးပေါ်အခြေအနေကြေညာချက် တနည်းအားဖြင့် တိုက်ပွဲကို စက်တင်ဘာ ၇ ရက်နေ့က စတင်လိုက်ပြီဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ 

မနက် ၈ နာရီမှာ ယာယီသမ္မတ ဒူးဝါးလရှီလက ကြေညာခဲ့တာြဖစ်ပါတယ်။ 
အမျိုးသားညီညွတ်ရေး အစိုးရက ဖွဲ့စည်းထားတဲ့ PDF တွေ၊ မြို့ နဲ့ကျေးရွာတွေမှာ  သူ့ဒေသအလိုက်ဖွဲ့စည်းထားတဲ့ PDF တွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့က တပြိုင်နက်ထဲ စစ်ကောင်စီအစိုးရတပ်တွေကို တိုက်ခိုက်မယ်လို့ နားလည်ပါတယ်။ သို့ပေမယ့် ဘယ်လိုဘယ်ပုံစီမံထားတယ်ဆိုတာမျိုးတော့ အသေးစိတ် ထုတ်ဖေါ်ပြောဆိုခြင်းမရှိသေးပါဘူး။ ဒီလို စစ်ကောင်စီကို လက်နက်နဲ့ တပြိုင်နက်ထဲ စတင်တိုက်ခိုက်ဖို့ နှိုးဆော်ချက်ဟာ လူထုအများစုက မျှော်လင့်နေကြတဲ့ ခြေလှမ်းဖြစ်ပြီး လက်နက်ကိုင် တော်လှန်ရေးသည်သာ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ တခုတည်းသောနည်းလမ်းလို့ ယုံကြည်ကြသူတွေအတွက် တိုက်ပွဲခေါ်သံနေ့၊ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေ အဆုံးသတ်စေဖို့ လက်နက်ကိုင်နည်းလမ်းကို အရှိန်အဟုန်မြှင့်တဲ့နေ့လို့လည်း ဆိုနိုင်ပါတယ်။ 

မနက်ခင်းမှာ ဆိုရှယ်မီဒီယာနဲ့ ပြည်ပအခြေစိုက် သတင်းမီဒီယာအချို့က ရေဒီယိုသတင်းတွေနဲ့ ရန်ကုန်လူထုတွေအကြား NUG ရဲ့ အရေးပေါ်အခြေအနေကြေညာချက်ကို သိရှိကြပြီး စျေးအချို့မှာ စားစရာ ရိက္ခာဝယ်ယူမှုတွေ ရှိနေတယ်လို့လည်း ကြားသိရပါတယ်။ ရန်ကုန်မြို့မှာတော့ လောလောဆယ် အချိန်အထိ ပေါက်ကွဲမှု၊ ပစ်ခတ်မှုလိုမျိုး မကြားသိရသေးပဲ စျေးဝယ်စင်တာတွေမှာ စျေးဝယ်တာတွေ ရုတ်တရက် မြင့်တက်လာနိုင်တယ်လို့ယူဆရပါတယ်။ 

နယ်မြို့တွေ၊ ကျေးရွာတွေက ဒေသအလိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ဘယ်လိုချိတ်ဆက် လှုပ်ရှားမလဲ၊ စစ်ကောင်စီတပ်တွေကို စိတ်ဓါတ်ရေးအရ ထိုးနှက်ပြီး ဘက်ပြောင်းအောင် ဘယ်လောက်ဆောင်ရွက်နိုင်မလဲ၊ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်ထိ အရေးပါအဆုံးအဖြတ်ပေးနိုင်မလဲဆိုတာတွေကို ယခုရက်ပိုင်းလပိုင်းအတွင်း စိတ်လှုပ်ရှားစွာ စောင့်ကြည့်ကြရမယ်ြဖစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar