မိုးမခ ကဗျာများ- တိုးနှောင်မိုး၊ နီနီမာ၊ အုပ်မိုး
စက်တင်ဘာ ၇၊ ၂၀၂၁
"အော်ပရာ"
တိုးနှောင်မိုး
ရထားဘူတာရုံလေးပြုံးရွှင်ခြင်းဖြတ်သွားဖြတ်လာအမြင်
ပန်းချီကားထဲ အလင်းအမှောင်ထိန်းညှိမှုများရဲတင်း
အဝါရောင်ဗန်ဂိုးတေးက ဗွက်ထအောင်အူနေတော့။
ညကိုဂျိုတပ်ပေးတဲ့လူနဲ့လူတွေ ပျားအုံယဉ်ကျေးမှုထဲ
အသံတိတ်ပွတ်သပ်ဆွဲဆွဲဆန့်တကိုယ်ရည်တကာရအပန်းပြေ
တွင်းနက်အဝမှာ ညစာစားပွဲဆင်ယဉ်နေသလား
ခရီးသွားတိုင်းပျင်းရိနေတဲ့ ဓာတ်ပုံနဲ့ရောက်လာ
ပန်းချီကားကပါးစပ်အဟောင်းသား။
ဆိုင်ကယ်မီးကရထားမီးကိုပြိုင်စိန်ခေါ်နေသလို
အတင့်ရဲတဲ့ခွေးတွေလမ်းမထက်တက်အိပ်
ဘာမှဂရုမစိုက်ပဲ သံလမ်းဘေးလက်ဖက်ရည်ဆိုင်မှာ
စာအုပ်ကိုစက်ရုပ်လိုငုံ့ဖတ်နေရတာလဲအရသာရှိရှိ
တစ်ခု။
လူမှုဝန်းကျင်ပုဆိုးတန်းတင်လူနေမှုစနစ်ကြီးထဲ
ဘဝကိုအရက်လိုတစ်ခွက်ပြီးတစ်ခွက်စီးကရက်မီးညှိဖွာရှိူက်
ဖြတ်သွားတဲ့ရထားပြတင်းပေါက်မှာချိတ်ထားတဲ့ငေးရီမျက်လုံး
ဥသြသံထက်များထွက်ခွာဖို့ဆန္ဒစောနေမလား။
အသက်၈ဝကျော်လူတစ်ယောက်ဘဝသရုပ်ဖော်က
မြို့ထဲကသူဌေးတစ်ယောက်မေ့နေတဲ့ရန်ပွဲလောက်စိတ်ဝင်စားဖို့မကောင်းတော့ဘူးဆိုရင်
ဘူတာဟာရွှံဖွက်ထဲကဘယ်လိုလုပ်ရုံးထွက်နိုင်ဦးမှာလဲ။
တိတ်ဆိတ်စွာ စိတ္တဇအပြာတွေညဖြူဖြူထဲပြုတ်ကျနေပါတယ်။
တစ်ဦးနဲ့တစ်ဦးစက္ကူပန်းတွေပွင့်နေပါတယ်။
အမှောင်ဟာအလိုမတူပဲနာရီသံတွေကိုထုတ်လွှင့်နေပါတယ်။
ဘယ်တော့မှဝန်မခံတဲ့တီဗွီနှစ်လုံးဟာ
တစ်မျိုးစီအော်ဟစ်နေပါတယ်။
မကြာခင်ဝင်လာတော့မဲ့ရထားကို
နှစ်လိုဖွယ်ကောင်းတဲ့ရွာသွန်းမှုမျိုး ဘယ်သူမျှော်နေမလဲ
စက်ရုပ်တွေဟာအချိန်ပြည့်လှုပ်ရှားနေတယ်
ကြေးနီကြိုးထဲမှာတော့မနက်ဖြန်တွေကိုအလွတ်ရနေတဲ့အနိစ္စတွေ
လက်ချင်းချိတ်လို့
ညဟာလူတွေကိုကုက္ကိုရွက်လိုကြွေပြနေပြီ။ ။
...
" အနံ့များ "
နီနီမာ
ရွှေနံ့ငွေနံ့ ပေးပြီးကာလည်း အညှီနံ့အပုပ်နံ့ ရှိရင် ယင်အုံမှာပဲ
လက်နက်နဲ့အနိုင်ကျင့်ပြီး လူသားဒိုင်းလုပ်ကာလည်း
သမိုင်းမှာ လူမဆန်ကြောင်း ခွေးစရင်းသွင်းခံရမှာပဲ
မျှားထိုးပြီး အပိုဖြည့်လို့မရ
ခဲဖျက်နဲ့ ဖျက်ပြီးလည်း အမှားပြင်ချင်လို့မရ
ကိုယ်ပြုသမျှ စာမျက်နှာ
နေ့စွဲအလိုက်
မွှေးသူက မွှေး
ပုပ်သူကပုပ်
သမိုင်းအနံ့ဟာ ရေမွှေးဆွတ်လို့ မပြောင်ဘူး
လူသေပုပ်
လူရှင်ပုပ်.. တဲ့
သမိုင်းပုပ်ရင်
ရှင်နေလည်း ပုပ်
မြေမြှုပ်လို့လည်း ပုပ်စော်နံ မပျောက်ဘူး။ ။
၅ ၉ ၂၀၂၁
...
" မြို့ ကဗျာ ကြယ် စကြာဝဠာ "
အုပ်မိုး
တိမ်တွေကို ဂျင်းဘောင်းဘီနဲ့လဲဝတ်ခဲ့တယ်။
အသွားထက်နေတဲ့ မနက်တွေနဲ့အခုထိ
အရေပြားထဲကအရေးအသားတွေ မထည်ဘူး
ရင်မကော့ထားဘူး ကဗျာကမို့မောက်တယ်။
အမြဲလှုပ်နေတဲ့ အသွေးအသားထဲ
အနှစ်လိုအိုင်နေတဲ့ကဗျာ
မားမတ်တယ် မာကျောတယ်။
ခေတ်ကိုရင်ဘောင်တန်း
စိတ်အတိုင်းဒုံးဒုံးချထားတဲ့ကဗျာတွေ
မယိုင်မယွင်း မကျိုးမပေါက်ခဲ့။
မဖောက်ပြန်တဲ့လမ်းမကြီးအတိုင်း
အရင်ကစက်ဘီးလေးအမြဲစီး
စတစ်ကော်လာဝတ်လည်းဂျင်းပင်ဘဲ။
ဒီမှစတဲ့ကဗျာ
မီသလောက်ခံစားခဲ့တယ်။
မြို့ပြထိထိုးထွက်သွားသော
ကျောပိုးအိတ်တလုံး ဂျင်းအကျႌတထည်
ရပ်တန့်စစ်ဆေးလည်း အိတ်ကပ်ထဲက
ကျေးလက်ထွက်စာသားတွေ
မြို့နဲ့နေ့စွဲတွေ။
ကဗျာဆို
မျက်နှာနားကပ်ပြီး
တခုတ်တရဖတ်နေတဲ့
ရင်ဘတ်ကြီးဘက်
ခေါင်းတော်ပြီးအိပ်စက်ခဲ့ရတယ်။
...
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar