Breaking News

NUG အစိုးရက မင်းအောင်လှိုင်စစ်ကောင်စီကို တရားဝင်စစ် ကြေညာပြီ



NUG အစိုးရက မင်းအောင်လှိုင်စစ်ကောင်စီကို တရားဝင်စစ်ကြေညာပြီ

မောင်ရစ် (မိုးမခ) စက်တင်ဘာ ၇၊ ၂၀၂၁

စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၁ က စတင်ပြီး မြန်မာပြည်သူလူထုက မင်းအောင်လှိုင်စစ်အုပ်စုကို လက်မခံကြောင်း ဆန့်ကျင်ဆန္ဒပြ တိုက်ပွဲဝင်ခဲ့ပြီး ဖြစ်ပါတယ်။ ရက်ပိုင်းအတွင်းပေါ်ထွန်းလာတဲ့ CRPH - ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်စားပြုကော်မီတီကလည်း နိုင်ငံရေးတိုက်ပွဲများ ဖော်ဆောင်ပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့ပါတယ်။ မတ်လကုန်ပိုင်းကစတင်ပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုများ အလွန်အမင်း ကျုးလွန်ပြီးနောက်မှာ ပြည်သူလူထုက စစ်ကောင်စီကို ရရာလက်နက်ကိုင်စွဲပြီး ခုခံတွန်းလှန်စစ်များ ဆင်နွှဲခဲ့ကြပါတယ်။ local PDF တွေ ပေါ်ထွန်းလာပြီးနောက် သူတို့အစီအစဉ် သူတို့ထောက်ခံသူတွေနဲ့ ခုခံစစ်တွေ ကျယ်ပြန့်လာသလို NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တာဝန်ခံမှုနဲ့ PDF တွေရဲ့ တွန်းလှန်စစ် ခုခံစစ်တွေဆိုတာလည်း အဲသည်အချိန်က စပြီး ကျယ်ပြန့်လာခဲ့ပါတယ်။ အခုအချိန် စက်တင်ဘာ ၇ မှာတော့ အခုလို တည်ရှိနေတဲ့ ခုခံစစ်ပွဲများကို NUG အစိုးရက တော်လှန်စစ်အဖြစ် တရားဝင် အတည်ပြုသတ်မှတ်လိုက်ပါပြီ။ ဆက်ပြီး နိုင်ငံရေးအရတင်သာမက စစ်ရေးအရ NUG အစိုးရက ဆက်လက်တိုက်ပွဲဝင်သွားကြမယ်လို့ တရားဝင် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ကျနော်တို့ သဘောပေါက်တာကတော့ လက်ရှိ ပြည်သူလူထုနဲ့ နေရာအနှံ့မှာ ဆင်နွှဲနေတဲ့ စစ်ရေးဖြင့် ခုခံစစ်များ တွန်းလှန်စစ်များသည် NUG အစိုးရနဲ့လည်း သက်ဆိုင်တယ်။ NUG အစိုးရသည် နိုင်ငံရေးနည်းအပြင် စစ်ရေးနည်းကိုလည်း ကိုင်စွဲလိုက်ပြီ ဖြစ်တယ်။ ပြည်တွင်းက စစ်အာဏာရှင်အမြစ်ဖြတ် စစ်ရေးလမ်းစဉ်ကို သူတို့ကိုယ်တိုင် တာဝန်ခံတယ်၊ တာဝန်ယူတယ်လို့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ကို အရေးပေါ်အခြေအနေဖြစ် ကြေငြာပြီး တိုက်ပွဲတွေ စတင်တယ်။ ဆက်တိုက်သွားမယ်လို့ ဆိုလိုက်တာ ဖြစ်ပါတယ်။ စစ်ရေးကို ရှောင်လွှဲလို့ မရဘူး၊ စစ်ရေးကို ရင်ဆိုင် ဖြေရှင်းသွားမယ်လို့ လူထုကိုကော နိုင်ငံတကာကိုပါ အသိ ပေးလိုက်တာ ဖြစ်ပါတယ်။

အဲသည်အချိန်အတွင်းမှာပဲ local PDF များနဲ့ NUG PDF များ အခြားလက်နက်ကိုင်များ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအားလုံး စစ်အာဏာရှင်ကို စစ်ရေးဖြင့် အတူတကွ လက်တွဲပြီး တုန့်ပြန် ချေမှုန်းသွားမယ်လို့ တပါတည်း လက်တွဲခြင်း လက်ကမ်းခြင်း အတည်ပြုခြင်းတွေ ပြုလုပ်လိုက်တာလည်း ဖြစ်ပါတယ်။ နိင်ငံရေးလမ်းစဉ်ကို ကိုင်စွဲထားသလို စစ်ရေးကိုလည်း တရားဝင်အတည်ပြုလိုက်တာသည် ရှေ့ဆက်တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေကို ယခုထက်ပိုပြီး အရှိန်အဟုန် ဘက်ပေါင်းစုံက မြှင့်တင်ဘို့ မီးမောင်းထိုးပြလိုက်တာဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း နိုင်ငံရေးပြသနာတခုလို အဖြေရှာချင်နေတဲ့ လမ်းစဉ်ကို တဖက်သတ်ဦးစားပေးနေတာထက် လက်တွေ့ကျကျ အမှန်တရားကို ရှုမြင်သုံးသပ်ကြစေဖို့ NUG အစိုးရကိုယ်တိုင် စစ်ရေးလမ်းစဉ်ကိုလည်း တရားဝင်စွဲကိုင်လိုက်ပြီလို့ ထုတ်ဖော်လိုက်ပြီ ဖြစ်ပါတယ်။ လက်ရှိ စစ်ရေးကို ကိုင်စွဲကြသူတွေက နိုင်ငံရေးစကား ပြောနေကြသလို ပြည်သူ့ mandate အပြည့်ရနေတဲ့ CRPH NUG က နိုင်ငံရေးကိုကော စစ်ရေးကိုပါ ကိုင်စွဲပြီး ဦးဆောင်မယ်လို့ ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ မြင်ပါတယ်။

NUG က တရားဝင် စစ်ကြေငြာပြီး ချက်ခြင်းဆိုသလိုပဲ စစ်ရေးနဲ့ နိုင်ငံရေး ဟန်ချက်ညီညီ ဖော်ဆောင်ရေး သဘောတရားနဲ့ လမ်းညွှန်ကို အထွေထွေသပိတ်အဖွဲ့များက လမ်းစဉ်တရပ်အဖြစ် ထုတ်ပြန်လိုက်ပါတယ်။ ပြည်တွင်းမှာ နိုင်ငံရေးနည်းလမ်းပေါင်းစုံဖြင့် သပိတ်လက်နက်ကိုင်စွဲပြီး စစ်အုပ်စုကို ဆန့်ကျင်တိုက်ပွဲဝင်နေသူတွေကိုယ်တိုင်ကလည်း နိုင်ငံရေးလမ်းစဉ်နဲ့ စစ်ရေးကို လက်ခံရေး လက်တွဲနိုင်ရေး ထုတ်ပြန်တာကိုလည်း ကြိုဆိုရမှာ ဖြစ်ပါတယ်။

သူတို့ ထုတ်ပြန်ချက်ကို ဖော်ပြရရင် -

သပိတ်အင်အားစုများသည် ပင်ကိုယ်အားဖြင့် အကြမ်းမဖက်၊ ငြိမ်းချမ်းစွာ သပိတ်လှုပ်ရှားမှုများ ဖော်ဆောင်ရန်ဖြစ်သည်။ သပိတ်တိုက်ပွဲများသည် အခြားတိုက်ပွဲသဏ္ဍာန်မျိုးစုံ ပေါင်းစပ်ရာ အစိတ်အပိုင်းလည်း ဖြစ်သည်။ မြို့ပြအထိ စစ်ရေးလှုပ်ရှားမှုများရောက်လာလျှင် ဟန်ချက်ညီ ပေါင်းစပ်ပါဝင်နိုင်ရမည်။

ထို့ကြောင့် မြို့ပြစစ်ရေးလှုပ်ရှားမှုတွင် နိုင်ငံရေးအင်အားစုဖြစ်သော သပိတ်အဖွဲ့များ၏တာဝန်မှာ စစ်ရေး လှုပ်ရှားမှုကို အထောက်အကူပြုသည့်လုပ်ငန်းများ လုပ်ဆောင်ရေးဖြစ်သည်။ သို့ရာတွင် လက်နက်ကိုင်တိုက်ပွဲ တွင် တိုက်ရိုက်ပါဝင်ဆောင်ရွက်ခြင်းသည် သပိတ်အင်အားစုအဖွဲ့ဝင်တစ်ဦးချင်း၏ ဆုံးဖြတ်ချက်သာ ဖြစ်သည်။

စစ်ရေးလှုပ်ရှားမှု အထောက်အကူပြု လုပ်ငန်းများ

စစ်ရေးဆိုင်ရာ အထောက်အကူပြု လုပ်ငန်းများစွာရှိသည်။ လက်ရှိအခြေအနေတွင် စစ်ရေးဆိုင်ရာ အထောက်အကူပြုလုပ်ငန်းများကို လတ်တလောအခြေအနေအတွက် အောက်ပါအတိုင်း သတ်မှတ်ထားသည်။

၁။ စစ်ရေးဆိုင်ရာ လူထုစည်းရုံးရေး

၂။ စစ်ရေးဆိုင်ရာ ထောက်ပံ့ကူညီရေး

၃။ စစ်ရေးဆိုင်ရာ ဆေးဘက်အထောက်အကူပေးရေး

၄။ စစ်ရေးဆိုင်ရာသတင်းအချက်အလက် စုဆောင်း၊ ဝေမျှရေး

၅။ စစ်ရေးကာလ ကျေးလက်/မြို့ပြအုပ်ချုပ်ရေး

အထွေထွေသပိတ်အဖွဲ့များအနေဖြင့် စစ်ရေးဆိုင်ရာအထောက်အကူပြုလုပ်ငန်းများကို ဆောင်ရွက်ရာ တွင် အဖွဲ့ဝင်အချင်းချင်း ဆက်သွယ်ရေးကွန်ရက်ကို ရနိုင်သမျှ တည်ဆောက်ထားရန် လိုအပ်ပြီး၊ ကွန်ရက် ချိတ်ဆက် ဆောင်ရွက်ရမည် ဖြစ်သည်။ ထို့အပြင် အချင်းချင်းဆက်သွယ်ခွင့် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကိုယ်နေထိုင်သည့် ရပ်ရွာ/အသိုင်းအဝိုင်းတွင် ရပ်ရွာစည်းရုံးရေးမှူး(community organizer) တယောက်အဖြစ် ပါဝင်ပြီး စစ်ရေးဆိုင်ရာ အထောက်အကူပြုလုပ်ငန်းများကို မိမိရပ်ရွာအသိုင်းအဝိုင်းတွင် အကောင်အထည် ဖော် ဆောင်ရွက်ကြရမည်ဖြစ်သည် … လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

သည်အတွက်ကြောင့် မြန်မာပြည်တွင်း ပြည်ပက ဘက်ပေါင်းစုံက စစ်ရေး နိုင်ငံရေး နည်းလမ်းပေါင်းစုံဖြင့် သန်ရာသန်ရာ ကျွမ်းကျင်လိမ္မာရာ ဆောင်ရွက်နေကြတဲ့ အစုအဖွဲ့များ ပြည်သူများကိုယ်တိုင်ကလည်း မိမိတို့ အခြေအနေ စွမ်းရည်တွေကို ပကတိ အပြောင်းအလဲကို မူတည်ပြီး ပြန်လည် ချိန်ဆ နေရာယူ အဆင်သင့်ပြုပြင် ကြရလိမ့်မယ် ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။


Prepared for Justice, Freedom & Peace.
Ready for War! 
အရေးတော်ပုံ အောင်ရမည်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar