Breaking News

မိုးမခကဗျာ - စိုးရိမ် '' ဆန္ဒ''၊ ဆောင်းယွန်းလ "ကင်းစောင့်သူ"

Art -Than Htay Maung

မိုးမခကဗျာ
စက်တင်ဘာ ၂၅၊ ၂၀၂၁

'' ဆန္ဒ''
စိုးရိမ်

မနက်ခင်းသတင်းတိုင်း
သွေးစသွေးနတွေ ယမ်းနံ့တွေနဲ့
အလိုရမ္မက်တောက်လောင်မှုတွေ
ဘယ်မှာလဲ နိုင်ငံသားအခွင့်အရေး
ဘယ်မှာလဲ လူ့အခွင့်အရေး
ဘယ်မှာလဲ တရားဥပေဒ
လေနှင်ရာလွင့်ပါတတ်တဲ့
တိမ်တစ်စလို
ပေါ့ပေါ့ပါးပါး ငါရယ်မောလိုက်ချင်ပါတယ်။

....


"ကင်းစောင့်သူ"
ဆောင်းယွန်းလ

ဘဝက
နေပူကျဲတဲကြီးထဲ ချောတိုင်တက်နေရသလိုပဲ
မိုးမရွာတာလည်း ကံကောင်းပါတယ်

ကံဆိုးချင်တော့
မိုးခေါင်ရေရှား ဖိနပ်ပါးအောင်လျှောက်ရတဲ့ခေတ်ကြီးကို
မသိကျိုးကျွံပြုပြီးဖြတ်နေခဲ့ရတယ်

သဲယောဇဥ်မပြတ်ဘဲ
လက်ပြသွားသူနဲ့ နှုတ်ဆက်မသွားသူ
အားလုံးညီတူညီမျှပါဘဲလေ

ကမ္ဘာကြီးပူနွေးလာမှူအောက်မှာ
တောင့်တောင့်တင်းတင်း အပူဒဏ်ခံနေရတာ
ကိုယ်တစ်ယောက်တည်းမဟုတ်ခဲ့သလို
အဓမ္မအနိူင်ကျင့်သတ်ဖြတ်ခံနေရမှုတွေအောက်မှာ
ဖြောင့်ဖြောင့်စင်းစင်း ဘဝတွေခင်းပေးနေရတာလည်း
ကိုယ်တစ်ယောက်တည်းတော့မဟုတ်ခဲ့ဘူး

အခုလောလောဆယ်မှာတော့
လေထဲ အပြားတွေမြောနေတာကိုနှစ်မြှုပ်ပစ်လိုက်ဖို့
ကိုယ်တို့ဆီမှာ အားအင်တွေလိုနေတယ်

အလုပ်ဖြစ်ဖို့ အလစ်ဖြုတ်နေတဲ့ 
မသမာမှုတွေဆီက ကင်းဝေးဖို့အတွက်
အဝေးကွင်းမှာ 
အတွေးရှင်းရှင်းနဲ့ ကင်းစောင့်နေရသူတွေဟာ ကိုယ်တို့ပါပဲ
မိုးမလင်းသေးဘူးထင်လို့ အိပ်ချင်သူတွေလည်း
ဆက်အိပ်ကြပေါ့။

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar