Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၂၄ ရက် မြောက်နေ့ မြင်ကွင်း

ပေါင်းလောင်းမီဒီယာ ဓာတ်ပုံ


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၂၄ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၂၁

အင်တာနက် ဖြတ်တောက်မှုနဲ့ လူ့အခွင့်အရေး


ဒေသအလိုက် ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ တစတစ ပြင်းထန်လာတဲ့နောက်မှာ စစ်ကောင်စီက ချင်းပြည်နယ် နဲ့ မကွေးတိုင်းထဲက မြို့နယ်နောက်ထပ် ၁၁ ခုကို အင်တာနက်လိုင်းတွေ မနေ့က ထပ်မံဖြတ်တောက်လိုက်ပါတယ်။ အဲမတိုင်ခင် ဒီလ လလယ်ပိုင်းက စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းက မြို့နယ်တွေကို တသုတ်ဖြတ်တောက်ခဲ့တာဖြစ်ပြီး အခုဆို မြို့နယ် ၂၂ ခုထိရှိလာပြီဖြစ်ပါတယ်။

အဲဒီလို မကွေးတုိင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း၊ ချင်းပြည်နယ်တွေကို မဖြတ်တောက်ခင် ကချင်ပြည်နယ် ဖားကန့်ကို တလကျော်ကတည်းက ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။ ကချင်ပြည်နယ် ဖားကန့်ဒေသဖက်မှာ ကေအိုင်အေလက်နက်ကိုင်တပ်တွေက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်မှုတေွပိုမိုပြင်းထန် လာပြီးနောက်မှာ သတင်းအချက်အလက် စီးဆင်းဖလှယ်မှု မရှိအောင် အင်တာနက်ကို ဖြတ်တောက်လိုက်တာ ဖြစ်ပါတယ်။

ဖားကန့်ဒေသအင်တာနက် ဖြတ်တောက်ခံရပြီးနောက်မှာတော့ မန္တလေးတိုင်းထဲက ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ လှုပ်ရှားတိုက်ခိုက် မှုဖြစ်ပွားတဲ့ မြို့နယ်တွေထဲက မြင်းခြံမြို့နယ်ထဲက ဒေသတွေ၊ မန္တလေးတိုင်း မိုးကုတ်မြို့နဲ့ စစ်ကိုင်းတိုင်းထဲက ယင်းမာပင် ၊ ကနီ ၊ စတဲ့ဒေသတွေကို ခုလဒုတိယပတ်မှာ ဖြတ်တောက်ခဲ့ပြီး ခုနောက်ဆုံးတော့ ချင်းပြည်နယ်က မြို့နယ် အတော်များများနဲ့ မကွေးတိုင်းက မြို့နယ်အချို့ကို ဖြတ်တောက်ခဲ့တာပါ။

အေအေ တပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်စွာဖြစ်ပွားခဲ့တဲ့ကာလ ဖြစ်တဲ့ ၂၀၁၉ ခုနှစ်တုန်းကလည်း ရခိုင်ပြည်နယ်မှာ မြို့နယ်၉မြို့နယ်ကို အင်တာနက် ဖြတ်တောက်ခဲ့တာ နှစ်နဲ့ချီကြာမြင့်ခဲ့ဖူးပါတယ်။ အဲဒီ အင်တာနက်ဖြတ်တောက်မှုဟာ ကမ္ဘာမှာ အရှည်ကြာဆုံး အင်တာနက် ဖြတ်တောက်မှုဖြစ်တယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက မှတ်တမ်းတင်ကြပါတယ်။

ကိုဗစ်ကူးစက်ရောဂါ ပျံ့နှံ့မှုစတင် ဖြစ်ပွားတဲ့အချိန်ထိတိုင် ရခိုင်ပြည်နယ်မှာ အင်တာနက်မရသေးပဲ ရှိခဲ့တာပါ။ စစ်အာဏာသိမ်းပြီးနောက်မှာတော့ တနိုင်ငံလုံး အင်တာနက် ဖြတ်တောက်တာတွေ၊ ဖုန်းအင်တာနက်၊ ရွှေ့ပြောင်းသယ်ယူသွားနိုင်တဲ့ အင်တာနက်ဝန်ဆောင်မှုတွေ ဖြတ်တောက်တာတွေ ပြီးခဲ့တဲ့ လတွေတုန်းက ဖြစ်ပျက်ခဲ့ရာက ခုတော့ အင်တာနက်ဖြတ်တောက်မှုတွေကို ဒေသအလိုက် မြို့နယ်အလိုက် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

အင်တာနက်ဖြတ်တောက်တဲ့ ရည်ရွယ်ချက်က လူထု ဆန္ဒပြမှုတွေကို မပျံ့နှံ့စေချင်တာ၊ လှုပ်ရှားမှုသတင်း ခုခံမှုသတင်းတွေ၊ ဖိနှိပ်မှုသတင်း၊ ဖမ်းဆီး သတ်ဖြတ်မှု သတင်းတွေကို ပြည်တွင်းရော နိုင်ငံတကာကိုပါ မပျ့ံနှံ့စေချင်တာက အဓိကရည်ရွယ်ချက် ဖြစ်ပြီး ဒုတိယအချက်ကတော့ လက်နက်ကိုင် တိုက်ပွဲတွေလိုမျိုးမှာ စစ်ကောင်စီတပ်တွေရဲ့ လှုပ်ရှားမှုတွေကို အင်တာနက် ကိုသုံးပြီး ဖလှယ်တာတွေ ြဖန့်ချိတာတွေ မလုပ်နိုင်အောင် ဖြစ်ပါတယ်။

အကျိုးဆက်ကတော့ လူထုတွေ အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ သတ်ဖြတ်မှု၊ နှိပ်စက်ညှင်းပန်းမှု၊ ဖမ်းဆီးမှုတွေကို မြန်မြန်ဆန်ဆန် မသိရှိနိုင်တာ မှတ်တမ်းတင်ဖို့ ခက်ခဲလာတဲ့ အကျိုးသက်ရောက်မှုတွေ ချက်ခြင်းဖြစ်စေပြီး စီးပွားရေး၊ လူမှုရေး ကျန်းမာရေးလို ကဏ္ဍတွေမှာလည်း ကြီးမားစွာ သက်ရောက်မှု ရှိစေတာ ဖြစ်ပါတယ်။

ခုလို အချိန်ကာလမှာ နိုင်ငံရေး ၊ စီးပွားရေးတင်မကပဲ ကိုဗစ်နဲ့ပတ်သက်တဲ့ အကြံဥာဏ်ရယူမှု ၊ အွန်လိုင်းကနေ အကြံပေးကုသမှုတွေကို ခံယူလေ့ရှိကြတာမို့ အင်တာနက်ဖြတ်တောက်မှုက ကျန်းမာရေး ကဏ္ဍကိုပါ ထိခိုက်စေတာဖြစ်ပါတယ်။

စစ်ကောင်စီ အနေနဲ့တော့ နိင်ငံရေး၊ စစ်ရေး အသာစီးရဖို့ရာအတွက် ထိိခိုက်မှုတွေ အင်တာနက်ဆိုတာ အခြေခံ လူ့အခွင့်အရေးတရပ် အဖြစ်သတ်မှတ်တဲ့ စံနှုန်းတွေဘာကိုမျှ ငဲ့ကွက်မှာမဟုတ်ပဲ လုပ်ဆောင်နေတာဖြစ်ပါတယ်။

အခုလို အင်တာနက်ဖြတ်တောက်မှုဟာ ဘယ်လောက်ထိကြာမြင့်နိုင်သလဲ ဘယ်ဒေသတွေ အထိပြန့်နှံ့လာနိုင်သလဲဆိုတာ ခုချိန်မှာ ဘယ်သူမှ မပြောနိုင်ပါဘူး။ ခုထက် လက်နက်ကိုင် ပဋိပက္ခတွေ ပိုမိုကျယ်ပြန့်လာခဲ့ရင် စီးပွားရေး ဘဏ်လုပ်ငန်းတွေ ထိခိုက်မယ့်အရေးလည်း ထည့်တွက်မှာမဟုတ်ပဲ အားလုံးသိမး်ကျုံးဖြတ်တောက်တာမျိုးတွေ လည်းဖြစ်ပွားလာနိုင်ချေရှိနေတာ ဖြစ်ပါတယ်။

အင်တာနက် ဖြတ်တောက်မှု အပြင် အခြားသတင်းတွေအနက် ထူးခြားတဲ့သတင်းတွေကတော့ စစ်ကိုင်းတိုင်း ကဒေသအချို့မှာ ကျေးရွာအလိုက် ပြောင်းရွေ့ဖို့ စစ်ကောင်စီက ဖိအားပေးနေတဲ့ သတင်းဖြစ်ပါတယ်။ အရာတော်မြို့နယ်ထဲက ကျေးရွာ ၅ ရွာကို ပြောင်းရွှေ့ဖို့ ကြေညာပြီး မန္တလေးတိုင်းထဲက စဥ့်ကူးမြို့နယ်ထဲက ကျေးရွာတရွာကိုလည်း ရွှေ့ပြောင်းဖို့ အသိပေးထုတ်ပြန်ထားတယ်လို့ သတင်းတွေထဲ တွေ့ရပါတယ်။

အရာတော်မြို့နယ်ထဲက ကျေးရွာ ၅ရွာကို စစ်ကောင်စီက ရက်ပိုင်းအတွင်း အပြီးပြောင်းရွှေ့ပေးဖို့ နဲ့ သူတို့သတ်မှတ်တဲ့ နေရာကိုပြောင်းရွှေ့ဖို့ ကြေညာထားတယ်လို့ သတင်းမှာ ဖေါ်ပြထားပါတယ်။ ကျေးရွာတွေကို အခုလို နေရာအသစ်ရွှေ့ခိုင်းတာဟာ တကြိမ်တခါမျှ မဖြစ်ပျက်ဖူးတဲ့ အဖြစ်တွေတော့မဟုတ်ကြပါဘူး။ ပြည်တွင်းစစ်ပွဲတွေအတွင်း ကရင်ပြည်နယ်မှာ ရွာတွေမီးရှုိ့ပြီး ပြောင်းရွှေ့ခိုင်းတာတွေ ရှိခဲ့သလို ကချင်ပြည်နယ်မှာလည်း ဖြစ်ပျက်ခဲ့ဖူးပါတယ်။ အနီးဆုံးအဖြစ်အပျက်ဆိုရင်တော့ ၂၀၁၆ နဲ့ ၂၀၁၇ ရခိုင် ရိုဟင်ဂျာအရေး ဖြစ်ပွားစဥ်ကလည်း ရိုဟင်ဂျာ ကျေးရွာအများအပြားကို မီးရှို့ပြီး မနေနိုင်အောင် လုပ်ခဲ့ကြတဲ့ အြဖစ်အပျက်တွေရှိပါတယ်။ လူပေါင်း ၇ သိန်းလောက် ထွက်ပေြးခဲ့တဲ့ အဖြစ်အပျက်မှာ အရပ်သားတွေ အစုလိုက် အပြုံလိုက်သတ်ဖြတ်၊ ကျေးရွာတွေမီးရှို့ တဲ့အဖြစ်အပျက်တွေက အကြောင်းခံခဲ့တာဖြစ်ပါတယ်။

ခုအခါမှာတော့ အလားတူအဖြစ်မျိုးတွေက မြန်မာနိုင်ငံထဲက ဗမာလူမျိုးတွေ အများစုနေထိုင်ကြတဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း တို့မှာ ဖြစ်ပွားလာနေပြီး နောက်လည်း အခြားဒေသတွေမှာ ြဖစ်ပွားနိုင်ချေရှိနေပါတယ်။

ဒီလို သတ်ဖြတ်မှုတွေ၊ မီးရှို့မှုတွေကို နိုင်ငံတကာက ကန့်ကွက်ရှုတ်ချတာမျိုးပဲ တတ်နိုင်ပြီး ဖြစ်ပျက်နေချိ်န်မှာ တကယ်တန်းတော့ တားဆီးနိုင်ခြင်းမရှိပါဘူး။ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘုရားပေါင်းကျေးရွာမီးရှို့ခံရတဲ့ အဖြစ်အပျက်တွေလည်း မဝေးတဲ့အတိတ်မှာ လတ်လတ်ဆတ်ဆတ် ရှိနေပါသေးတယ်။

ဒီလိုအဖြစ်မျိုး မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲဆိုတာ မေးခွန်းအနေနဲ့တော့ မေးရန်လွယ်ပေမယ့် အဖြေက ခက်ခဲနေဆဲလည်း ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar