Breaking News

ကမ္ဘာ့ကြီးရဲ့ အင်အားချိန်ခွင်လျှာ အခင်းအကျင်းနဲ့ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍ



မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၉ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၂၂


ကမ္ဘာ့ကြီးရဲ့ အင်အားချိန်ခွင်လျှာ အခင်းအကျင်းနဲ့ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍ

မြန်မာ့နိုင်ငံရေးအပြောင်းအလဲ စစ်အာဏာရှင်စနစ် ကျဆုံးရေးမှာ နိုင်ငံတကာရဲ့ ရုပ်တ္ထုဆိုင်ရာ အကူအညီ ၊ စိတ်ဓာတ်ရေးအရ အားပေးထောက်ခံမှုဆိုတာတွေ အတိုင်းအတာတခုအထိ အရေးပါတယ်ဆိုတာ မှန်ပေမယ့်လို့ ဖြစ်နိုင်တာထက် ဖြစ်သင့်တာထက် ပိုမိုပြီးမျှော်လင့် အားထားနေမိတာမျိုး ကမ္ဘာ့ကြီးရဲ့ အင်အားချိန်ခွင်လျှာ အကျိုးစီးပွား ဗဟိုပြုတဲ့ မဟာဗျူဟာ နည်းဗျူဟာတွေကိုကောင်းစွာ သဘောမပေါက်ပဲ မျှော်လင့်ချက် မျှော်ကိုးချက်တွေနဲ့ ယုံကြည်နေတာမျိုး မဖြစ်ဖို့လည်း အရေးကြီးလှပါတယ်။ 

ကမ္ဘာ့နိုင်ငံရေး အုပ်စုဖွဲ့မှု စစ်ရေး အကာအကွယ် အုပ်စုဖွဲ့မှုတွေ ရန်သူ၊ မိတ်ဆွေ၊ ကြားနေဆိုတဲ့ အခင်းအကျင်း တခုက ယခုနှစ် ဖေဖော်ဝါရီလနှောင်းပိုင်းက စတင်ခဲ့တဲ့ ယူကရိန်းစစ်ပွဲအပြီး အများကြီး ပြောင်းလဲသွားတဲ့ သဘောရှိပါတယ်။  ယူကရိန်း-ရုရှား စစ်ပွဲကာလနောက်ပိုင်း နိုင်ငံတွေအကြား စစ်ရေး မဟာမိတ်၊ နိုင်ငံရေးမဟာမိတ်၊ သံတမန် မဟာမိတ် နီးစပ်မှု အတိုင်းအတာကွာခြားသွားတာ၊  ဆန့်ကျင်ဘက်အုပ်စု ရောက်သွားတာ စတဲ့ အပြောင်းအလဲတွေ အများကြီး ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီဂယက်တွေက မြန်မာနိုင်ငံနဲ့ ဘယ်လို တိုက်ရိုက်ပတ်သက်သလဲလို့ မေးရင် ယူကရိန်း-ရုရှား စစ်ပွဲနဲ့ မြန်မာနိုင်ငံ တိုက်ရိုက် မပတ်သက်ပေမယ့် ချိန်ခွင်လျှာ အလှည့်အပြောင်း မြန်မာနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်တဲ့ ရုရှားကျူးကျော်စစ်ပွဲကို ထောက်ခံကြောင်း ကြေညာကာ တည့်တည့်လင်းလင်း ရုရှားသမ္မတ ပူတင် လုပ်ရပ်ကို ထောက်ခံလိုက်ခြင်းကြောင့် အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံရဲ့ မြန်မာအပေါ်  ပြန်လည်သုံးသပ်ချိန်ညှိမှု ကုလသမဂ္ဂမှာ မြန်မာရဲ့ ကိုယ်စားပြုမှု စတဲ့ အပြောင်းအလဲတွေ အများအပြားက ယူကရိန်း စစ်ပွဲရဲ့ အကျိုးသက်ရောက်မှုတွေသဖွယ် ဖြစ်လာတဲ့သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။ 

ခုလောလောဆယ် ကျင်းပနေတဲ့ ကုလသမဂ္ဂပုံမှန်ညီလာခံမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုသူအဖြစ် ဆက်လက် အသိအမှတ်ပြုထားတဲ့ ဦးကျော်မိုးထွန်းကို ဆက်ထားမလား၊ မထားဘူးလား ဆိုတဲ့ကိစ္စကို မြန်မာနိုင်ငံက နိုင်ငံရေး အင်အားစုတွေရော ၊ လက်နက်ကိုင် အဖွဲ့တွေ ထောက်ခံအားပေးသူတွေကပါ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ အရင်နှစ်က အခုလိုကာလမှာ လုံခြုံရေးကောင်စီနဲ့ နိုင်ငံကိုယ်စားပြုရေး ကော်မတီတို့မှာ အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့က မြန်မာ့အရေးမှာ တူညီတဲ့ အမြင်တချို့ ရှိခဲ့ကြပြီး စစ်ကောင်စီကို သစ္စာမခံတဲ့ ဦးကျော်မိုးထွန်းကို ကုလကိုယ်စားလှယ် အဖြစ် ဆက်ထားဖို့ သဘောတူခဲ့ကြပါတယ်။ ဒီအချက်က သံတမန်ရေး စိတ်ဓာတ်ရေးအရ ပြည်တွင်းမှာ အားတက်စရာတွေ ဖြစ်ခဲ့ကြတာပါ။ အခုနှစ်မှာတော့ တရုတ်နဲ့ ရုရှားက တဖက် အမေရိကန်က တဖက် ဖြစ်ကြတဲ့ ကမ္ဘာ့ချိန်ခွင်လျှာ အခင်းအကျင်းပြောင်းသွားတာကြောင့် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဘယ်သူ့ကို လက်ခံမလဲ ခုအတိုင်း ပိုနေမြဲကျားနေမြဲ ဆက်ရှိမလားဆိုတာ မရေရာတဲ့ အနေအထားဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအဖို့ လက်တွေ့ မြေပြင် နိုင်ငံရေးအပြောင်းအလဲတွေအတွက်တော့ ကုလသမဂ္ဂမှာ ကိုယ်စားပြုခြင်း မပြုခြင်းတွေက ဒီလောက် အရေးမပါဘူးလို့ပဲ ဆိုရမှာပါ။ ကုလသမဂ္ဂ အဖွဲ့ရဲ့ သြဇာ အာဏာဟာ အရင်တုန်းကလို မဟုတ်တော့ဘဲ အင်အားကြီးနိုင်ငံတချို့ရဲ့ သြဇာအာဏာလောက်တောင် မရှိတော့တာ လတ်တလော အဖြစ်အပျက်တွေ သာဓကတွေကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး နောက်နောင် ကမ္ဘာစစ်တွေ မဖြစ်ပွားအောင် နိုင်ငံအားလုံးပါဝင်ကြပြီး ဖွဲ့စည်းခဲ့ကြတာဖြစ်ပေမယ့် အင်အားကြီးနိုင်ငံတွေက ကုလသမဂ္ဂကို သူတို့နဲ့ အမြင်တူတဲ့အခါ အသုံးချဖို့ နဲ့ အမြင်မတူတဲ့အခါ ကုလသမဂ္ဂကို လျစ်လျူရှုပြီး ၄င်းတို့ မူဝါဒအတိုင်း ဆက်လက်လုပ်ဆောင်ခဲ့ကြလို့ အဲဒီလို လျစ်လျူရှုခြင်းက အစဥ်အလာသဖွယ်ဖြစ်ပြီး နိုင်ငံရေး အရ သြဇာကြီးတဲ့အဖွဲ့အဖြစ်ကနေ လျှောကျခဲ့တာ ဖြစ်ပါတယ်။ 

လတ်တလော ဖြစ်ပျက်နေတဲ့ ယူကရိန်း-ရုရှားစစ်ပွဲမှာလည်း ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို ဘယ်နိုင်ငံကြီးကမှ အလေးအနက်မထားခဲ့ကြပဲ မိမိတို့ လုပ်ဆောင်စရာရှိတာကို မိမိတို့ အုပ်စုနဲ့ လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ ယူကရိန်း-ရုရှားစစ်ပွဲမှာ ကုလသမဂ္ဂအနေနဲ့ ဆောင်ရွက်ခွင့်ရတဲ့ ကိစ္စတခုသာရှိပြီး ပင်လယ်နက်ကနေ ရိက္ခာတွေ ပို့နိုင်အောင် ပိတ်ဆို့ထားတဲ့ ဆိပ်ကမ်းတွေကိစ္စ ကြားဝင်ဆောင်ရွက်တာ ဖြစ်ပါတယ်။ 

အခြားသော တိုက်ခိုက်မှုတွေ၊ နျူကလီယား ဓာတ်ပေါင်းဖိုထိန်းချုပ်ထားတာ ပစ်ခတ်တိုက်ခိုက်ခံရတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စစ်ရာဇဝတ်မှုတွေ အရပ်သားတွေ ပစ်မှတ်ထားတိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်တွေ၊ လက်နက် ကူညီထောက်ပံ့မှုဆိုင်ရာ ကိစ္စတွေမှာ ကုလသမဂ္ဂအနေနဲ့ ဝင်ရောက်ပြောဆိုခွင့် မရခဲ့သလို ကုလသမဂ္ဂရဲ့ ပြောဆိုမှု သဘောထားတွေကို ဘယ်နိုင်ငံကမှ အလေးအနက်ထား နားထောင်တာမတွေ့ရပါဘူး။ 

အလားတူ မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ သတ်ဖြတ်မှု၊ စစ်ပွဲတွေ၊ ကလေးသူငယ်အခွင့်အရေးကိစ္စ လူနည်းစု အရေးကိစ္စတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့  ထုတ်ပြန်ချက်၊ ဆုံးဖြတ်ချက်တွေဟာလည်း အရာမရောက်ခဲ့တာ တွေ့ရပါတယ်။ 

မြန်မာစစ်ကောင်စီကို လက်နက်ပိတ်ဆို့ရေးလိုမျိုး နိုင်ငံတချို့က နှိုးဆော်ပေမယ့် ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ရုရှားလို နိုင်ငံက ရောင်းချနေတာဖြစ်လို့ ဗီတိုအာဏာလည်း ရှိ၊ အင်အားကြီးနိုင်ငံလည်း ဖြစ်တဲ့ နိုင်ငံရဲ့ လုပ်ဆောင်မှုကို ဘယ်သူကမှ တားမြစ်နိုင်စွမ်းမရှိတဲ့အနေအထား ဖြစ်ပါတယ်။ 

ကုလသမဂ္ဂဟာ နိုင်ငံပေါင်းစုံသဘောတူညီမှု အပြည့်နဲ့ စတင်ဖွဲ့စည်းခဲ့တာမှန်ပေမယ့် နှစ်ပေါင်း ၇၀ ကျော်ကြာလာတဲ့အချိန်မှာ နိုင်ငံတကာ လူမှုကူညီကယ်ဆယ်ရေး နှိုးဆော်တဲ့ အဖွဲ့ကြီးတဖွဲ့လို အဆင့်မျိုး ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။ 

ဒါကြောင့် ကုလသမဂ္ဂရဲ့ အမြဲတမ်းကိုယ်စားလှယ် သတ်မှတ်ခံရရေး၊ မခံရရေးတွေက မြေပြင်မှာ  ကျေးရွာတွေ မီးရှို့မခံရအောင် ကာကွယ်နိုင်ခြင်းလောက်၊ ကလေးသူငယ်တွေ အသက်မဆုံးရှုံးရအောင် ကာကွယ် စောင့်ရှောက်ပေးနိုင်တာလောက် အရေးမကြီးဘူးလို့ ဆိုရင် လွန်တယ်လို့ ဆိုကောင်းဆိုပေမယ့်လည်း တကယ်လက်တွေ့ အဖြစ်အပျက်တွေ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အကျိုးရလဒ်က အသိအမှတ်ပြု နာမည်ထက် ပိုအရေးကြီးလိမ့်မယ်လို့ ထင်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar