Breaking News

မိုးမခ အက်ဆေး - ညိမ်းအေးသာ ''ဆူးကံ့ကော်တွေ အသက်ရှူမဝတဲ့နေ့''

google.com
မိုးမခ အက်ဆေး
စက်တင်ဘာ ၅၊ ၂၀၂၁

''ဆူးကံ့ကော်တွေ အသက်ရှူမဝတဲ့နေ့''
ညိမ်းအေးသာ

မကွေးအိမ်နှင့် ခြံချင်းကပ်ရက် အရှေ့ဘက်အိမ်က အန်တီမာ ဆုံးပြီတဲ့။ အဖေနဲ့အမေ မကွေးကနေ သူ့ဆီ ဖုန်းဆက်ပြောတော့ မယုံနိုင်အောင် ဖြစ်ရတယ်။ အန်တီမာဟာ ဘယ်လိုနည်းနဲ့မှ သေရမယ့်လူ မဟုတ်သေးပါဘူး။ ကိုဗစ်ကြောင့်ပဲ ဖြစ်ဖြစ် အဲဒီလို ရုတ်တရက် ဆုံးပါးသွားရမယ့် ကျန်းမာရေးမျိုး မဟုတ်ဘူးဆိုပြီး အန်တီမာ မရှိတော့တာ လက်မခံချင်အောင် ဖြစ်နေတယ်။ အန်တီမာ့အသက်က ၅၅ နှစ်လောက်ပဲ ရှိသေးတယ်။

အရပ်အမောင်းကောင်းကောင်း ကိုယ်လုံးကိုယ်ထည် တောင့်တောင့်တင်းတင်း အသားအရေ ညိုစိမ့်ဝင်းပြီး သနပ်ခါး သင်းနေအောင် လိမ်းတတ်တယ်။ ပါတိတ်အဆင်စိုစို လေးတွေကို အရောင်အသွေး လိုက်ဖက်ရာ အကျင်္ီီနဲ့ ယှဉ်တွဲဝတ်ထားတဲ့ သူ့ကို ကြည့်ရင် အမြဲသန့်ရှင်းလှပနေတာ။ ပြင်ပ အဆင်အပြင်ကို ဂရုတစိုက်နေထိုင်တတ်ရုံသာမက သူ့ကျန်းမာရေးကိုလည်း အင်မတန် အလေးထားတတ်သူ။ သွားလေးတချောင်းနာတာကအစ  ထမင်းစားမကောင်းတာအဆုံး သူ့ကိုယ်သူ ဆေးဝါးကုသ တယုတယ နေတတ်တာ။ ကောင်းနိုးရာရာ အားဆေးတွေဆိုလည်း အမြဲ ဝယ်စားတတ်တယ်။ ကျန်းမာရေးလေးတခုခု ချုခြာ ချင်လာတာနဲ့ ဆေးခန်းသွားဖို့ ဆရာဝန်နဲ့မပြတ်တမ်းကုသဖို့ ဘယ်တော့မှနှောင့်နှေးနောက်ကျ မနေတတ်တဲ့သူပါ။ ဆီးချို သွေးတိုး ရောဂါ ဆိုးတွေမရှိဘဲ တော်တော်ကျန်းမာသန်စွမ်းတဲ့ အမျိုးသမီးတစ်ယောက်ပါ။

လွန်ခဲ့တဲ့ရှစ်ရက်လောက်ကတော့ အန်တီမာ ဖျားသတဲ့။ ဒေါက်တာဥမ္မာလှိုင်ဆေးခန်းကို သွားပြ ခဲ့တယ်တဲ့၊ ရန်မျိုးအောင်ရပ် ခွာညိုလမ်းနဲ့ ဒေါက်တာဥမ္မာလှိုင်ဆေးခန်းရှိရာ ရွာသစ်ရပ် ၁၅ လမ်းက မြို့တောင်နဲ့ မြောက် တော်တော်အလှမ်းဝေးတော့ ဆေးခန်းကို ဆိုင်ကယ်နဲ့ အသွားအပြန်လုပ်ရင်း လေစိမ်း တိုက်ခံရလို့များလား။ ဆေးခန်းလာပြသူ လူနာအချင်းချင်း ရောဂါအကူးအစက်ရှိခဲ့လို့လား..အန်တီမာ့အဖျားက ပိုဆိုးလာသတဲ့။ အန်တီမာ နဲ့ အမေတို့ နောက်ဆုံးတွေ့လိုက်ရတာကတော့ အန်တီမာဖျားခါစရက်လောက်မှာ အိမ်ရှေ့က ဥသျှစ်ပင်အောက် ဥသျှစ်ရွက်ကလေးလာခူးရင်း အမေနဲ့ လာစကားပြောတဲ့အချိန်လေးပဲ။ အဖေတို့ အမေတို့က သစ်ပင်စိုက်ဝါသနာပါတော့ အိမ်မှာ ရှိတဲ့ ဒန့်ဒလွန် ဆူးပုတ် ချဉ်ပေါင် ပူဒီနံ  ပင်စိမ်းနဲ့ ပျဉ်းတော်သိမ် မကျန် သီးပင်စားပင်မှန်သမျှ အန်တီမာ့ကို စားခွင့်ခူးခွင့် ပေးထားတာပါ။ အမေက ကော်ဖီပူပူလေး နွားနို့နဲ့ဖျော်ထားတာ လာသောက်လှည့်ပါအမာဆိုတော့ အန်တီမာက မျက်နှာကို တဖက်ကို လှည့်ပြီး သူမသောက်တော့ပါဘူးလို့ ပြောသတဲ့။ အမ အိမ်ရှေ့ထွက်မလာခဲ့ပါနဲ့ အိမ်ထဲကပဲပြောပါ ဆိုပြီး အမေ သူ့နားကိုမလာရအောင်လည်း မျက်နှာလေးလွှဲပြီး တားသတဲ့။ ဥသျှစ်ရွက်လေး နည်းနည်းခူးပြီးပြန်သွားတာ အဲဒီနေ့က အန်တီမာ့ကို နောက်ဆုံးမြင်လိုက်ကြရတာပါပဲ။ အန်တီမာ ကိုဗစ်ဖြစ်နေပြီဆိုတဲ့ သတင်းကြောင့် လမ်းထဲက အိမ်နားနီးချင်းတွေလည်း လူ နာမေး မသွားရဲကြတော့ဘူး။ အိမ်ထဲမှာပဲ နေရင်း အန်တီမာ နေပြန်ကောင်းလာမယ့် သတင်းပဲ မျှော် လင့်နေခဲ့ကြတာ။

အန်တီမာရဲ့ အားကိုးအားထားခင်ပွန်းဖြစ်သူက တရပ်တရွာမှာ နောက်အိမ်ထောင်နဲ့။ အန်တီမာ ပြောပြတဲ့ သူ့ဘဝရဲ့ ချစ်ကံမကောင်းတဲ့ ဇာတ်ကြောင်းတွေလည်း ကြေကွဲစရာ တခါတခါ ကြားခဲ့ဖူးပါတယ်။  အန်တီမာရဲ့ တစ်ဦးထဲသောသားက ဘက်ဟိုးကားတွေမောင်းတဲ့ ကားသမားလေး။ ကိုဗစ်ကာလ လုပ်ငန်းခွင်တွေနားထားချိန် အိမ်မှာ အမေချက်ကျွေးတာ စား.. အမေလျှော်ဖွတ်ပေးတာဝတ်။ တချိန်လုံး ဖုန်းထိုင်ပွတ်နေရင်း ညနေ ခင်း အရက်ကလေးတပုလင်းလောက် မှီဝဲတတ်တယ်။ နည်းနည်းလေးထွေလာရင် တခါတလေ အမေကို ဆူသံ ငေါက်သံကြားရသလို တခါတလေလည်း  ဘာကိုမကျေနပ်မှန်းမသိ ဆဲသံဆိုသံတွေလည်း ကြားရတတ်တယ်။ 

လတ်တလော အမေ့ရဲ့ ဒုက္ခအိုးလေးဖြစ်နေပေမယ့် ဒီသားလေးလုပ်စာနဲ့ အန်တီမာ မပူမပင်နေရတာမို့ ဒီကလေးရဲ့ ဆူညံပူညံလုပ်သံကို ပတ်ဝန်းကျင်က သည်းခံကြတယ်။ အန်တီမာ တော်တော်လေး နေမကောင်းလာတော့ သူ့သားက ရွာအမျိုးတွေဆီ အကြောင်းကြားပြီး အောက်စီဂျင်အိုး ရှာပေးကြဖို့ မှာလိုက်တယ်။ သူလည်း ဖုန်းထဲမှာ သူဖတ်နေရတဲ့သတင်းတွေ ကြားဖူးနားဝတွေကိုအမှီပြုပြီး အောက်စီဂျင်အိုးရတာနဲ့ အန်တီမာ့ကို စိုးရိမ်တကြီး အောက်စီဂျင်တွေ ရှူခိုင်းသတဲ့။  အန်တီမာဆုံးမယ့်မနက်ကတော့ ညသန်းခေါင်လောက်မှာ အန်တီမာ တော်တော်ညည်းညူတဲ့အသံတွေ ကြားရသတဲ့။ အမေတို့လည်း အိပ်ရာထဲကပဲ နားစွင့်နေကြရတယ်။ တော်တော်လေး ကြာတော့ ညည်းညူသံတွေ တိတ်သွားတယ်။ ညည်းတာတော့ ရပ်သွားပြီဆိုပြီး အဖေက ပြောလိုက်သေးတယ်တဲ့။ ညည်းတာရပ်တော့ သက်သာသွားလို့ပဲလေ လို့ အဖေရော အမေရော လိုရာဆွဲ တွေးမိကြတာပါ။ 

အန်တီမာ အခုလို ဝေဒနာ ခံစားရတာ ကြားနေရတော့ အဖေရော အမေရော စိတ်ထဲမှာ တော်တော် ထိထိခိုက်ခိုက်ဖြစ်ကြရတယ်။ အဖေနဲ့ အမေက အသက်တွေက ခုနှစ်ဆယ်ကျော် ဖြစ်နေကြတဲ့အရွယ်တွေဆိုတော့ အန်တီမာ အခုလို နေထိုင်မကောင်းနေချိန်မှာ ဘာမှလည်းကူညီတာမလုပ်နိုင်ကြတော့ အဖေတို့ စိတ်ထဲမှာ ပိုပြီး ဝမ်းနည်းစရာ ဖြစ်ကြရတယ်။ အန်တီမာက အိမ်နားနီးချင်းတွေအတွက် အားကိုးရတဲ့သူ ကူညီတတ်တဲ့သူတစ်ယောက်လည်း ဖြစ်တယ်။ အိမ်က တနှစ်တခါ ဘုရားဖူးခရီးတွေ ထွက်ရင် အိမ်မှာ မွေးထားတဲ့ ကြောင်လေးတကောင်ကို အန်တီမာ့ဆီ အပ်ခဲ့ရတာ။ ၇ ရက်လောက် သူပဲ ကျွေးမွေးစောင့် ရှောက်ပေးထားတာ။ အဖေနဲ့အမေ့ကိုလည်း ကျန်းမာရေးနဲ့ ပတ်သက်ရင် မပေါ့ဆဖို့ ဘာရောဂါဖြစ်ရင် ဘယ်ဆေးကတော့ သူ့ကိုယ်တွေ့ ကောင်းတာ ဆိုပြီး ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြံဉာဏ်တွေလည်း အန်တီမာက ပေးနေကျပါ။ အန်တီမာ အခုလိုဖြစ်တော့ အဖေနဲ့ အမေလည်း စိတ်မထိခိုက်ဘဲ စိတ်မပူပန်ဘဲ မနေနိုင်ကြပါဘူး။ ပြန်နေကောင်းလာမယ်လို့တော့ သေချာပေါက် မျှော်လင့်နေကြတာပါ။ ညည်းညူသံရပ်သွားပြီး မနက်လင်းအားကြီးမှာ ပရဟိတကား တစီးရောက်လာ..PPE ဝတ်စုံတွေနဲ့ လူတွေ ဝင်ထွက်ပြီး ပြာယာခတ်လှုပ်ရှားနေကြတာလည်း အမေတို့ မြင်ရတယ်တဲ့။ အမာတော့ တော်တော် နေဆိုးလို့ ဆေးရုံတင်ဖို့ လာခေါ်ကြပြီ ထင်တယ်လို့ ပြောနေကြတုန်း အန်တီမာ့ သား အော်ငိုသံကို ကြားကြရတယ်တဲ့။ အန်တီမာဆုံးပြီဆိုတာ အဲဒီတော့မှ အိမ်နီးချင်းတွေ လက်မခံချင်ဘဲ လက်ခံလိုက်ကြရတာ။ အန်တီမာ့ကို သေချာထုပ်ပိုးပြီး နာရေးကားနဲ့ ခေါ်သွားတော့ အကုန်လုံးရင်ထဲမှာ တော်တော်တုန်လှုပ်ပြီး ကျန်ရစ်ကြတယ်။ 

အဖေက ယောကျ်ားသားမို့ စိတ်မကောင်းတာ မြိုသိပ်နိုင်ပေမယ့် အမေကတော့  ငိုတာပေါ့လေ။ အမာ ညည်းညူနေတုန်းက အိမ်ခေါင်းရင်း ခြံစည်းရိုးနား ဆူးကံကော်ပင်အောက်ကနေ အမာ.. ဘယ်လိုနေတုန်း..ဘယ်လိုနေလို့တုန်း အမာရေ လို့တောင် အသံလေး ပေးပြီး မမေးမမြန်းလိုက်ရ.. သေသွားတဲ့အထိ လစ်လျူရှု ထားခဲ့လိုက်ရလေခြင်းဆိုပြီး တော်တော်ကို ယူကြုံးမရ ဝမ်းပမ်းတနည်းငိုရတာ။ အခုလို ရုတ်တရက်ကြီး ဖြစ်သွားမယ်လို့လည်း ဘယ်သူမှ ထင်မထားခဲဲ့ကြဘူး။ ဒီရောဂါဆိုးကြီးဖြစ်တော့ ကိုယ့်အိမ်နားနီးချင်းတယောက် နေထိုင်မကောင်းတာတောင် သတင်းသွားမေး မျက်နှာလေးကြည့် လက်ကလေးဆုပ်ကိုင်ပေးမှ မလုပ်လိုက်ရ မစောင့်ရှောက်လိုက်ရ အားမပေးလိုက်ရတာ ဘာတခုမှ စာနာကြင်နာမှုကို မပြုလိုက်ရတာတွေအတွက် ရင်ထုမနာဖြစ်ကြရတယ်။ သေသွားတော့လည်း ရပ်ရွာက ကူညီပ့ံပိုးပြီး ကျကျနန သင်္ဂြိုလ်ပေးတာလည်း မလုပ်ရ။ အန်တီမာ့ကို အိမ်ထဲကနေ တခါတည်း ထုပ်ပိုး ဖျောက်ဖျက်ပစ်ရတဲ့အပြင် အန်တီမာ့ အိမ်တွင်းနဲ့ ခြံဝင်းတဝိုက်ကို ချက်ချင်း ဆေးတွေလာဖြန်းကြတာ ကြည့်ပြီး အိမ်နားနီးချင်းတွေ အတွက် ခြောက်ခြားစရာ ဆွေးစရာဖြစ်နေတယ်။ 

အန်တီမာ ဘာကြောင့် ဒီလောက်အထိ ကိုဗစ်ကိုအရှုံးပေးသွားရတာလဲဆိုတာလည်း စဉ်းစားရ ခက်ကြပါတယ်။ အန်တီမာ ဟာ ကျန်းမာရေးကို အမြဲသတိထားစောင့်ရှောက်နေတတ်တာ သူ့ မှာရောဂါ အခံလည်းမရှိပါဘဲ ဘာကြောင့် ဒီလိုဖျားနာပြီး ရက်ပိုင်းကလေးအတွင်းမှာ အသက်ပါ ဆုံးတဲ့အထိ ဖြစ်သွားရတာလဲ မေးခွန်း ထုတ်စရာဖြစ်နေတယ်။ အန်တီမာ မသေခင် အောက်စီဂျင်လည်း ရှူလိုက် ရသေးတယ်။ အောက်စီဂျင်ရှူတယ်ဆိုတော့ ဘယ်လို နှုန်းထားပမာဏနဲ့ ရှူခဲ့သလဲဆိုတာလည်း တွေးစရာပါပဲ။ တတိယလှိုင်းကိုဗစ်ကာလအတွင်းမှာ ကိုဗစ်လူနာတွေဟာ ထူးထူးခြားခြား အောက်စီဂျင် ပမာဏကျဆင်းတတ်ကြပါသတဲ့။ အောက်စီဂျင် ကျရင်လည်း အောက်စီဂျင်အိုးတွေထဲက အောက်စီဂျင်အကူအညီနဲ့ အသက်ရှူရမှ ရှင်သန်ဖို့သေချာပါသတဲ့။ လူနာအမှတ်စဉ်ဘယ်လောက်ကစပြီး ဒီအောက်စီဂျင် လိုအပ်ချက်ဖြစ်ပေါ်ခဲ့သလဲတော့ မသိရပေမယ့် လတ်တလောကာလတွေမှာ အောက်စီဂျင်အိုးဟာ ကိုဗစ်လူနာတိုင်းနီးပါးလောက်အတွက် မရှိမဖြစ်လို ဖြစ်နေတော့တာ။ ရန်ကုန်မှာလည်း အောက်စီဂျင်လိုကြတယ်ဆိုပြီး အိမ်မှာ ကိုဗစ်လူနာရှိသူတိုင်းရဲ့အောက်စီဂျင်အိုးတွေ မင်းဓမ္မလမ်းက အောက်စီဂျင်ပေးဝေရာ နေရာမှာ လမ်းပိတ်လုနီးပါး စီတန်းနေတာ သူ ကားမောင်းသွားရင် မြင်နေရတယ်။ အောက်စီဂျင်ဘေးဒုက္ခသည် တသီတတန်းကြီးကိုမြင်တိုင်း ဒီလောက်များပြားတဲ့ အောက်စီဂျင်အိုးတွေနဲ့ အဲဒီအိုးကို သယ်ဆောင်နေသူတွေကြားမှာရော ရောဂါပိုးတွေက ပို မပွားနိုင်ဘူးလားလို့လည်း တွေးဖူးတာပဲ။ 

သူလည်း တကယ်တော့ အောက်စီဂျင်အိုးနဲ့ အလှမ်းဝေးတဲ့သူ မဟုတ်ဘဲ ငယ်ငယ်ကတည်းက အောက်စီဂျင်အိုးကို မြင်ဖူး တွေ့ဖူးနေပါတယ်။ သူ့ အဖွား (အဖေ့အမေ) က ပန်းနာရင်ကြပ်ရောဂါသည်မို့ သူ့အဖွား ရင်ကြပ်ရောဂါနဲ့ ဆေးရုံတက်ရလေတိုင်း အောက်စီဂျင်အိုးနဲ့ အဖွားကို ယှဉ်တွဲမြင်နေရတာက မဆန်းတဲ့မြင်ကွင်းပါ။ အဲဒီတုန်းက ဆေးရုံမှာ ဆရာဝန် သူနာပြုတွေ ဘေးမှာ စောင့်ကြပ်နေကြသလို လိုအပ်တဲ့အောက်စီဂျင်ပမာဏကို သူတို့ကိုယ်တိုင် ထိန်းချုပ်ပြီးမှ အဖွားကို ကုသမှုပေးနေကြတာတော့ သံသယဖြစ်စရာမရှိပါဘူး။ ပိုသေချာတာတခုက အဖွားရဲ့ သားအလတ်က အဲဒီဆေးရုံမှာ ဆရာဝန်မို့ အဖွားအနားက အောက်စီဂျင်အိုးကို ဦးလေးဖြစ်သူက မကြာခဏ လာရောက်စစ်ဆေးတတ်တာလည်း သူမှတ်မိတယ်။ အဖွားဆေးရုံတက်တိုင်း သူနဲ့အဖေတို့ ဆေးရုံကို ရောက်သွားပြီး အဖွားနှင့် အောက်စီဂျင်အိုး အနားမှာ စိတ်ချလက်ချ ထိုင်စောင့်နေတာကလွဲပြီး အခြားစိတ်ပူစရာ သောကလည်း မရှိခဲ့ကြပါ။ အဖွားလည်း အသက် ၉၃ နှစ်အထိ အသက်ရှည်ရှည် နေသွားခဲ့တယ်။ သူ ကိုယ်တိုင်လည်း ရင်ကြပ်ရောဂါကို အဖွားရဲ့အမွေအနှစ်တခုလိုရခဲ့လေတော့ သူပြနေကျ ဆရာဝန်ရဲ့ အကြံပြုချက်နှင့် အောက်စီဂျင်အိုး ခပ်သေးသေး တလုံးကို ဆောင်ထားခဲ့တယ်။ တကယ်တော့ သူက အိုးအတွင်းမှ အနည်းငယ်ရန့ံရှိသော အောက်စီဂျင်ကို မကြိုက်၊ သဘာဝလေထုထဲမှ အောက်စီဂျင်ကိုသာ နှစ်ခြိုက်တတ်သူမို့ တော်ရုံ ရင်ကြပ်ရုံ လောက်နဲ့တော့ အိုးထဲမှ အောက်စီဂျင်ကို မရွေးချယ်ဘဲ မတတ်သာလို့ ရှူရလျင်တောင် အောက်စီဂျင်် စီးဆင်းမှု ပမာဏ အနည်းဆုံးအတိုင်းအတာဖြင့် ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်လောက်ပဲ အသက်ရှူလို့ ကြည်ရုံကလေး ရှူတတ်ပါတယ်။ 

တတိယလှိုင်း ကိုဗစ်ကာလအတွင်း အောက်စီဂျင်အိုးတွေ ကူကြပါ လှူကြပါဆိုတဲ့အသံတွေ ညံလာချိန်မှာ ခြောက်ထပ်ကြီးကျောင်းက ဆရာတော်ကြီး ကျန်း မာရေးအတွက် အောက်စီဂျင်အိုး လိုအပ်နေတာနဲ့ သူ့အောက်စီဂျင်အိုးကို ငှားလိုက်သေးတယ်။  ဆရာတော်ကြီးကို ဒကာရင်း ဒကာမရင်းတွေက ၁၁ သိန်းတန် အောက်စီဂျင်ကွန်ဆန်ထရေတာစက် ဝယ်လှူပေးလိုက်ကြတော့ ဘုန်းကြီးကျောင်းက သူ့အောက်စီဂျင်အိုး ပြန်ပေးပြီးပြီးချင်း သူ့ တတိုက်ကျော်က ကိုဗစ်လူ နာအမျိုးသမီးလေးဆီ တဆက်တည်း ငှားပေးလိုက်ရတယ်။ သူ့အောက်စီဂျင်အိုး အခုထိလည်း ပြန်မပေးသေးတာမို့ လောလောဆယ်တော့ သူ့မှာ အရေးအကြောင်းဆို သူရှူနေကျ နှာခေါင်းပိုက်ကလေးပဲ လက်ထဲကျန်ခဲ့တာ။ ဒါတွေလည်း သူတွေးမပူပါဘူး။ အန်တီမာ ဆုံးပါးသွားတဲ့သတင်း ကြားရပြီးကတည်း သူတော်တော်ဝမ်းနည်းပြီး ရင်ထဲဆို့နစ် ငိုမိသလို အန်တီမာလို အိမ်နီးချင်းကောင်းတစ်ယောက် ဆုံးရှုံးရတဲ့အတွက် နှမြောတသနေတဲ့ စိတ်ကိုမဖျောက်နိုင်ဘူး။ သူ့လက်ထဲမှာမရှိဘဲ သူများလက်ထဲရောက်နေတဲ့ သူ့ရဲ့ အောက်စီဂျင်အိုးနဲ့ သူ့ကျန်းမာရေးကို စိတ်က မရောက်ဘဲ အန်တီမာ မသေခင် ရှူခဲ့တယ်ဆိုတဲ့ အောက်စီဂျင်အိုးကိစ္စပဲ မကြာမကြာတွေးနေမိတယ်။ မကွေးအိမ် လမ်းထဲက အိမ်နားနီးချင်းတွေအကြားမှာလည်း အန်တီမာ အောက်စီဂျင်အရှူမှားပြီး သေတာ ဖြစ်မယ်လို့ ယူကြုံးမရပြောနေကြတယ်တဲ့။ လမ်းထဲက ဘော်ဒါဆောင် ထောင်ထားတဲ့ ဆရာကလည်း သေချာပေါက် အဲလိုသုံးသပ်နေတယ်လို့ အမေ သူ့ဆီ ဖုန်းဆက်ပြီး ပြောလာတော့ သူ့အတွေးက ပိုသေချာသလို ရှိလာတယ်။ 

တကယ်တော့ အောက်စီဂျင်အိုးဆိုတာ ကျန်းမာရေးအရ ကျွမ်းကျင်သူများရဲ့ ညွှန်ကြားချက်နဲ့မှ သုံးလို့ရတဲ့ ပစ္စည်းတခုဖြစ်သလို တော်ရုံ လူနာတွေနဲ့ တော်တော်မနီးစပ်တဲ့ကျန်းမာရေး ပစ္စည်းပါပဲ။ အောက်စီဂျင် ပမာဏကို ဘယ်အထိထားပြီး ပေးရမယ် ရှူခိုင်းရမယ်ဆိုတာ အရပ်သားတွေက အတိအကျ ဘယ်လိုလုပ် သိမှာလဲ။ အန်တီမာ့သားလေးလို ကိုးတန်းလောက်ပဲ ပညာသင်ကြားဖူးတဲ့ ဆေးပညာ အခြေခံသဘောတရားနဲ့ ဘာဆိုဘာမှ မသက်ဆိုင်တဲ့ နားမလည်တဲ့ ကလေးတစ်ယောက်က ဒီဆေးရုံသုံး အောက်စီဂျင်အိုးကို လူနာဖြစ်သူ သူ့အမေကို ဘယ်လို အတိုင်းအဆနဲ့ ရှူခိုင်းစေမှာလဲ။ တကယ်တော့ အန်တီမာဟာ မကြွေသင့်ဘဲ ကြွေရတာပါပဲ။ တတိယလှိုင်း ကိုဗစ်ကာလအတွင်း လူနာတော်တော်များများ အန်တီမာ့လို အဖြစ်ဆိုးကြုံရသူတွေလည်း နည်းမယ် မထင်ပါဘူး။ တိုင်းပြည်လူထုအများစုက ဆေးရုံတွေ မသွားကြတော့ဘူး။ အိမ်မှာပဲ တတ်သလောက်မှတ်သလောက်ကု၊ အိမ်မှာပဲ အောက်စီဂျင်တွေ တတ်သလောက်မှတ်သလောက် ရှူကုန်ကြရတာလည်း တော် တော်ထူးထူးဆန်းဆန်း ရင်နာစရာတွေပါ။ ဆေးရုံ တွေပေါ်မှာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေ သူနာပြုတွေရဲ့ အကူ အညီနဲ့ ထိန်းချူပ်ကုသမှ ကယ်တင် နိုင်မယ့်လူနာတွေ အခုတော့ အချိန်မတန်ဘဲ ဆုံးပါးကြရတယ်။ 

သူတွေးမိသလောက်တော့ လူအသက်ရှူနေတာပဲ စဉ်းစားကြည့် ဖြည်းဖြည်းချင်း မျှင်မျှင်လေး အောက်စီဂျင်ဆိုတာ အသက်ကို ဖြည်းဖြည်းသက်သာ ဆွဲဆန့်ပေးတဲ့အရာပါပဲ။ လေဖိအားတခုလို အတင်းအကြပ် သွင်းပေးလို့ မဖြစ်နိုင်တဲ့အရာ မဟုတ်လား။ ရှူပြီးရင် ပြန်ထုတ်ရမယ့် သဘောတရားတွေက ရှိသေးတယ်။ အန်တီမာ့သားလေးက အောက်စီဂျင်ပမာဏကို ပထမဆုံးပေးချိန်မှာ flow meter ရဲ့ အောက်ဆုံးအဆင့်အထိ (လေဘော လုံးလေး ၁ စင်တီမီတာ အမြင့်အထိ ခုန်နေရုံ ) လောက်သာ ရှူစေရမယ် ဆိုတာ သူစဉ်းစားနိုင် သိနိုင်ပါ့မလား။

အန်တီမာ အခုလို အဖြစ်ဆိုး ကြုံရတဲ့အတွက် သူ့သားလေးကို အပြစ်တင်နေရင်ရော တရားပါ့မလား။ အန်တီမာ့လို အချိန်မတန်ဘဲ ကြွေသွားကြသူတွေအတွက်ရော ဘယ်သူ့ကို တရားခံရှာရပါ့မလဲ။ ဆေးရုံတွေကို လူတွေက အယုံအကြည်မရှိကြတော့တဲ့ အကြောင်းရင်းကို သူမတွေးချင်ဘဲ တွေးမိသွားတော့ ရင်ထဲ ပိုမွန်းကြပ်ရတယ်။ သူတို့နိုင်ငံမှာ တနိင်ငံလုံး အောက်စီဂျင်ပမာဏ ကျဆင်းပြီး မွန်းကြပ်ရတဲ့ နေ့တနေ့ ရှိခဲ့သလို အဲဒီနေ့က စပြီး လူတိုင်းအသက်ရှူမဝသလို ခံစားနေရတဲ့အကြောင်း စဉ်းစားရင်းလည်း ရင်နင့်နာကျည်းရတယ်။ ဘယ်သောအခါမှ သူတို့အားလုံး လွတ်လပ်တဲ့လေကို ဝဝလင်လင် ရှူရှိူက်ခွင့်ရမလဲဆိုတာလည်း ရွှေပြည်တော် မျှော်တိုင်းဝေးလေမလား ရယ်လို့ နာနာကျင်ကျင် ကြေကွဲမိပါတယ်။ 

အမေကတော့ အိမ်မှာ ပင်လုံးကျွတ်ဝေနေအောင် ပွင့်တတ်တဲ့ ဆူးကံ့ကော်တွေ ဒီတခါ ပွင့်ရင် အမာပန်ဖို့ မပေးရတော့ဘူး။ အမာကတဆင့် အိမ်နီးချင်းတွေကို ပန်းတွေ မဝေရတော့ဘူးလို့ တသသ ပြောတုန်း အန်တီမာ့ကို အခုထိ လွမ်းဆွတ်နေတုန်းပါပဲ။  ။

ညိမ်းအေးသာ


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar