Breaking News

ဦးဇင် - နိုင်ငံတကာက ပုဂ္ဂလိကစစ်တပ်နဲ့ မြန်မာစစ်အာဏာရှင်တွေကို ခြေမှုန်းရေး



ဦးဇင် - နိုင်ငံတကာက ပုဂ္ဂလိကစစ်တပ်နဲ့ မြန်မာစစ်အာဏာရှင်တွေကို ခြေမှုန်းရေး

(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၂၁

မြန်မာပြည်စစ်အာဏာရှင်များကို အမြစ်ဖြတ်ခြေမှုန်းရေးအတွက် နိုင်ငံတကာရှိ ကြေးစားစစ်သားများ ငှားရမ်း နိုင်ပါသလား????

မြန်မာပြည်စစ်အာဏာရှင်များကို အမြစ်ဖြတ်ခြေမှုန်းရေးအတွက် နိုင်ငံတကာရှိ ကြေးစားစစ်သားများ ငှားရမ်း ဖြစ်နိုင်ပါသလား၊ ဤမေးခွန်းကို မကြာခဏကြားကြားနေရပါတယ်၊

ထိုသို့မေးသူများသည် NUG မှာဖွဲ့စည်းထားသော PDF များ၊ ပြည်သူကြားမှာ ပေါ်ထွန်းလာသော PDF များနှင့် NUG နှင့်လက်တွဲတိုက်ပွဲဝင်နေသော EAO များ၊ စစ်အာဏာရှင်များလက်မခံသော EAO များ၏ တိုက်ရည်ခိုက်ရည်ကို မယုံကြည်ခြင်းကြောင့်မဟုတ်၊ တော်လှန်ရေးကို တနည်းတဖုံ ကူညီနိုင်မည့်နည်းလမ်းကို ရှာဖွေနေခြင်းဖြစ်သည်။မေးခွန်းကို မဖြေမီ ကြေးစားစစ်သား (သို့မဟုတ်) ကြေးစားတပ် ဆိုသည့် စကားကို အပြည့်အဝ နားလည် သဘောပေါက်ရန်လိုသည်။

ကြေးစားစစ်သား(သို့မဟုတ်) ကြေးစားတပ် ကိုရည်ညွှန်းသည့် အခေါ်အဝေါ်နှစ်မျိုး၊

စစ်သမိုင်းတလျှောက်တွင် ကြေးစားစစ်သားများကို Mercenary ဟုခေါ်ကြောင်း လူအများသိပါသည်။ သို့သော် နှစ်ဆယ်ရာစု နှောင်းမှစ၍ Private Military Contractor (PMC) ဟု အသုံးများလာသည်။ ပုဂ္ဂလိက စစ်ရေးဝန်ဆောင်သူ (သို့မဟုတ်) စစ်ရေးဝန်ဆောင်လုပ်ငန်းဟု အဓိပ္ပါယ် ရပါသည်။ ထိုအခေါ်အဝေါ် နှစ်မျိုးကို အပြန်အလှန် ဖလှယ် သုံးစွဲနေကြသောလည်း ဥပဒေကြောင်းအရ လွန်စွာ ကွဲပြားခြားနားသည်ကို ဆက်လက်ရှင်းပြပါမည်။

Private Military Contractor (PMC) နှင့် Mercenary ဘယ်လိုကွာခြားသလဲ၊

US နှင့် UK အပါအဝင် နိုင်ငံ ၁၀ ခုခန့်တွင် အခြေစိုက်သော PMC များသည် ထိုနိုင်ငံများ၏ တရားဥပဒေများနှင့်အညီ တည်ထောင်ထားသော ပုဂ္ဂလိကပိုင် စီးပွားလုပ်ငန်းများ (ကုမ္ပဏီများ) ဖြစ်သည်။ သူတို့အများဆုံးလုပ်ရသော ဝန်ဆောင်မှုမှာ နိုင်ငံရေးမငြိမ်သက်သော ဒေသများသို့ အလုပ်တာဝန်ဖြင့် ခရီးသွားရသူများအတွက် လုံခြုံရေး တာဝန်ယူပေးခြင်းဖြစ်သည်။ ဥပမာ - USA မှ စက်မှုကုမ္ပဏီတစ်ခုသည် အာဖရိကနိုင်ငံတစ်ခုတွင် စက်ရုံတည်ဆောက်ပေးရန် စီမံကိန်း ပြုလုပ်သည်ဆိုပါစို့။ စက်မှုကုမ္ပဏီသည် စက်ရုံတည်ဆောက်ရန် သွားရမည့် လုပ်သားများ၏ လုံခြုံရေးအတွက် PMC ကို ငှားရမ်းနိုင်သည်။ ဤကဲ့သို့ ကာကွယ်ရေးသက်သက်ဝန်ဆောင်မူအပြင် ထောက်လှမ်းရေး၊ ကုန်စည်သယ်ယူပို့ဆောင်ရေး နှင့် စစ်ဘေးရှောင် ဒုက္ခသည်များကို စောင့်ရှောက်ရေး စသော ဝန်ဆောင်မှုများ အတွက်လည်း PMC ကို ငှားရမ်းနိုင်သည်။ အချို့ PMC များသည် ထိုးစစ်တိုက်ခိုက်ရေး (Combat Mission) တွင် ပါဝင်လှုပ်ရှားခဲ့သော သာဓကများ ရှိသည်။

အမေရိကန်အစိုးရသည်ပင် PMC များကို လိုအပ်သောနေရာများတွင် အသုံးပြုသည်။ UN Peacekeeping Mission များအတွက် PMC ကို သုံးသင့်ကြောင်း အချို့ အဖွဲ့ဝင်နိုင်ငံများက အဆိုပြုကြသည်။

အဓိကနားလည်ရမည်မှာ PMC ငှားရမ်းခြင်းသည် ဥပဒေနှင့်ဆန့်ကျင်သော ကိစ္စမဟုတ်ပါ။ PMC ပေးအပ်သော တာဝန် (Mission) ပေါ်တွင် မူတည်သည်။ ဥပဒေဘောင် အတွင်း ကျရောက်သော တာဝန် (Mission) ရှိသလို့၊ ဥပဒေနှင့် ဆန့်ကျင်သော တာဝန် (Mission) များလည်း ရှိသည်။ဤနေရာတွင် မည်သည့်နိုင်ငံ၏ ဥပဒေကို ဆန့်ကျင်ကြောင်း ထည့်သွင်းစဉ်းစားရမည်။

ယခုဆက်၍ Mercenary ဆိုတာကို ဆက်လက်ရှင်းပြပါမည်။ တစ်ဦးတစ်ယောက်သည် စစ်တပ်တစ်ခုတွင် မည်သည့်သစ္စာခံယူချက်မျှ မပြုဘဲ ငွေကြေးရရုံ သက်သက်အတွက် ဝင်ရောက် အမှုထမ်းပါလျှင် ထိုသူသည် Mercenary ဖြစ်၏။ ဤအသက်မွေးဝမ်းကြောင်းမှုသည် အပြည်ပြည် ဆိုင်ရာ ဥပဒေအရ တားမြစ်ထားသော အလုပ်ဖြစ်သည်။အမှုထမ်းသူသာမက ထိုသူကိုလက်ခံသော စစ်တပ်နှင့် ထိုစစ်တပ်ကို ငွေကြေးထောက်ပံသူများ အတွက်ပါ တရားမဝင်သော လုပ်ရပ်ဖြစ်သည်။

PMC ကုမ္ပဏီ၏ လုပ်သားများသည် ကုမ္ပဏီမှပေးအပ်သော လစာအတွက် လက်နက်စွဲကိုင်သော အလုပ်ကိုလုပ်နေကြသူများဖြစ်ရာ သူတို့သည်လည်း Mercenary မဟုတ်ဘူးလား မေးစရာရှိပါသည်။ PMC ကုမ္ပဏီနှင့် သူ၏လုပ်သားများအကြား ဆက်ဆံရေးသည် ထိုကုမ္ပဏီ အခြေစိုက်သော နိုင်ငံ၏ဥပဒေအရ အလုပ်ရှင်-အလုပ်သမား ဆက်ဆံရေးဖြစ်သည့်အတွက် ထိုအလုပ်သမားများသည် Mercenary ဟု သတ်မှတ်မခံရပါ။

PMC နှင့် Mercenary ကွာခြားမှုသည့် ဥပဒေကို လက်တလုံးခြား ရှောင်ခြင်းဟု ဆိုနိုင်ပါသလား။

တည်ဆဲဥပဒေများအရ ကွာခြားမှုရှိပါသည်။ သို့သော်အသေးစိတ် အချက်အလက်များကို ကြည့်ရှုသုံးသပ်ပါက ကွာခြားမှုကို နားလည်နိုင်သည်။ အရေးကြီးသော ကွာခြားချက်တစ်ရပ်မှာ တာဝန်ခံယူမှု (Accountability) ရှိ/ မရှိ ဆိုသောအချက်ဖြစ်သည်။ PMC တစ်ယောက်သည် ကုမ္ပဏီတစ်ခု၏ အလုပ်သမားဖြစ်သောကြောင့် သူ၏လုပ်ရပ်များအတွက် သူ၏အထက်လူကြီးများ တွင် တာဝန်ရှိသည်။

တာဝန်ယူမှု အဆင့်ဆင့်တွင် ထိပ်ဆုံး CEO အထိတာဝန်ရှိသည်။ စစ်တပ်တစ်ခုတွင် အောက်ခြေစစ်သားများ၏ လုပ်ရပ်ကို ဗိုလ်အဆင့်ဆင့်၊ နောက်ဆုံး ဗိုလ်ချုပ်ကြီးအထိ တာဝန်ယူရသည့် သဘောနှင့် တထပ်တည်းတူသည်။ Mercenary တစ်ဦးသည်ကား ဤသို့မဟုတ်။ သူ့ကိုငွေပေး၍ လက်နက်ကိုင်ခိုင်းခြင်းသာ ဖြစ်သည်။ သူ၏လုပ်ရပ်များအတွက် တာဝန်ယူမည့်သူ လုံးဝမရှိပါ။

ဒုတိယကွာခြားချက်မှာ ဝန်ဆောင်မှုဘောင် သတ်မှတ်ထားခြင်းရှိ/မရှိ ဆိုသောအချက်ဖြစ်သည်။

လူတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုက ငှားရမ်းရာတွင် ပေးအပ်သောတာဝန် (Mission) ကို တိတိကျကျ သတ်မှတ်ပေးရသည်။ PMC ၏ တာဝန်ရှိသူများအနေဖြင့် ပေးအပ်သောတာဝန်ကို လေ့လာစုံစမ်း၍ အပြည်ပြည်ဆိုင်ရာဥပဒေများ၊ ကုမ္ပဏီအခြေစိုက် နိုင်ငံ၏ ဥပဒေများနှင့် ဆီလျော်မှ သာ ဝန်ဆောင်မှုတာဝန်ကို လက်ခံမည်ဖြစ်သည်။ Mercenary တစ်ဦးအတွက်မူ ဤကဲ့သို့ အထိန်းအကွပ်မရှိ၊ အခကြေးငွေ မြိုးမြိုးမြက်မြက်ရသောကြောင့် ဝင်၍ စစ်တိုက်ပေးခြင်းဖြစ်သဖြင့် ရန်သူဘက်မှ ပို၍ အခပေးလျှင် ရန်သူဘက်သို့ ပြောင်းသွားမည်ဖြစ်သည်။ အထိန်းအချုပ်ကင်းသော၊ ဘောင်ခတ်မှုကင်းသော လုပ်ရပ်ဖြစ်သဖြင့် Mercenary အလုပ်ကို နိုင်ငံတကာဥပဒေဖြင့် တားမြစ်ထားခြင်းဖြစ်သည်။

PMC များမလုပ်မည့် လုပ်ရပ်များ

ကမ္ဘာ၏ မည်သည့်ဒေသတွင်ဖြစ်စေ PMC များသည် အပြည်ပြည်ဆိုင်ရာ ဥပဒေများကို လိုက်နာရသည်။ ထို့အပြင် ကုမ္ပဏီအခြေစိုက် နိုင်ငံ၏ ဥပဒေကိုလည်း လိုက်နာရန်လိုသည်။ ထို့ကြောင့် PMC များမလုပ်မည့် လုပ်ရပ် ၂ ခုရှိ၏။

(၁) လက်ဝယ်တွင် လက်နက်ကိုင်မထားသောသူများကို မပစ်ခတ်၊ မတိုက်ခိုက်ပါ။ လက်နက် စွဲကိုင်မထားသောသူကို ပစ်မိန့်ပေးလျှင် ထိုအမိန့်ကို နာခံမည်မဟုတ်။

(၂) အခြေစိုက်နိုင်ငံ၏ ဥပဒေအရ အကြမ်းဖက်အဖွဲ့ (Terrorist Group) ဟု ကြေညာထားခံရသော အဖွဲ့နှင့် ပူးပေါင်းခြင်း၊ ထိုအဖွဲ့အတွက် အကျိုးရှိစေမည့် လုပ်ငန်းများတွင် ပါဝင်ခြင်း စသော အမှုများကို လုံးဝ မပြုလုပ်ပါ။

PMC ၏လုပ်သားများသည် ဥပဒေကို အစဉ်တစိုက် လိုက်နာပါသလား

စစ်တပ်သည် လူအများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည့်အလျောက် သွေးဆိုးသူများ၊ စိတ်ဓာတ်နိမ့်ကျသူများ အနည်းအကျဥ်းပါဝင်သည်မှာ မလွဲဧကန် ဖြစ်သည်။ PMC များအဖို့လည်း ဤချို့ယွင်းချက်ကို ရှောင်လွှဲ၍ မရပါ။ ထို့အပြင် လစ်လျှင် လစ်သလို စည်းကမ်းချိုး ဖောက်မည့်သူများပါကြောင်း သာဓကများရှိခဲ့သည်။ မှတ်တမ်းများအရ PMC များ နာမည်ပျက်ရသည့် ကိစ္စအများစုမှာ ဖမ်းမိထားသော ရန်သူကို ညှဥ်းပန်းနှိပ်စက်မှု ဖြစ်၏။ ကျူးလွန်သူများကိုယ်တိုင် ရိုက်ကူးထားသော ဓာတ်ပုံ၊ ဗီဒီယိုများအရ ပြစ်မှု ထင်ရှားလှသဖြင့် ကုမ္ပဏီတခုလုံး တရားစွဲ အပြစ်ပေးခံရသည့် သာဓကများ ရှိသည်။ ဒုတိယ အများဆုံးတွေ့ရသော နာမည်ပျက်ရသည့် ကိစ္စများမှာ လက်နက်မဲ့သူ တဦးတယောက်ကို အကြောင်းမဲ့ ပစ်ခတ်သည် ဆိုသည့် စွဲချက်ဖြစ်သည်။ သို့သော် ထိုကဲ့သို့ အမှုမျိုးတွင် “အသေခံ ဖောက်ခွဲရေးသမား” (Suicide Bomber) ဟုထင်မှား၍ ပစ်ပါသည် ဟု PMC ဘက်မှ ​ချေပလေ့ရှိရာ ပြစ်မှုထင်ရှားကြောင်း သက်သေပြရန် အလွန်ခက်ခဲသည်။

PMC ကိုငှားမည်ဆိုပါက သတိထားရန် အချက်များ

လုပ်ငန်းသဘောအရ PMC များသည် လျှို့ဝှက်သော အဖွဲ့အစည်းများ ဖြစ်သည်။ အခြားဝန်ဆောင်မှုလုပ်ငန်းများကဲ့သို့ သူတို့၏လုပ်ငန်းကို ပေါ်ပေါ်ထင်ထင် ကြေညာလေ့မရှိ။ သူတို့အကြောင်းကို တဆင့်စကား တဆင့်နားဖြင့်သာ ကြားရလေ့ရှိသည်။

PMC တစ်ခုကို ငှားမယ်ဆိုပါလျှင် မိမိဘက်မှ အချိန်ယူ၍ ထိုအဖွဲ့အစည်း၏ နောက်ကြောင်းစုံစမ်းပါ။ PMC ကို ဝန်ဆောင်မှု (Mission) ပေးရာတွင် တိကျစွာ ဘောင်ခတ် သတ်မှတ်နိုင်သော Mission ကိုပေးပါ။ “ငါတို့ တိုင်းပြည်ထဲ လာပြီး အခြေအနေကြည့်လုပ်” ဆိုသည့် open-ended mission မျိုးကို ရှောင်ရှားပါ။

ကနဦးတွင် လုံခြုံရေး၊ ကာကွယ်ရေး၊ လူထုစောင့်ရှောက်ရေး စသည့် Defensive mission များကိုသာ ပေးသင့်သည်။ PMC ၏ အုပ်ချုပ်ရေးနိုင်နင်းမှု၊ ပါဝင်သော လုပ်သားများ၏ အရည်အချင်းနှင့် စည်းကမ်းလိုက်နာမှု (Professionalism) ကို ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ပြီးခါမှ တိုက်စစ် (Offensive mission) များကို လိုအပ်လျှင် တိုးချဲ့ပေးသင့်သည်။

ဤကဲ့သို့ တဆင့်ချင်း စနစ်တကျ လုပ်ဆောင်ပါက PMC များသည် တော်လှန်ရေးအတွက် တဖက်တလမ်းမှ ထိရောက်သော အကူအညီပေးနိုင်မည်ဟု စာရေးသူ ယုံကြည်ပါသည်။

Credit: U Zin

#R2PMW

#R2PMyanmarWay

Further reading:

https://www.trtworld.com/.../are-private-military...

https://intpolicydigest.org/is-the-world-ready-to.../

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar