Breaking News

မိုးမခအမှတ်တရပုံရိပ်လွှာများ - ဝင်းမင်းခိုင် "မောင်သင်းခိုင်ယုံကြည်တဲ့ လက်နက်ကိုင်တော်လှန်ရေး"

Photo- Crd

မိုးမခအမှတ်တရပုံရိပ်လွှာများ
စက်တင်ဘာ ၉၊ ၂၀၂၁
မောင်သင်းခိုင်ယုံကြည်တဲ့ လက်နက်ကိုင်တော်လှန်ရေး
ဝင်းမင်းခိုင်

နိုင်ငံရေးမှာစေ့စပ်အပေးအယူလုပ်ပြီဆိုရင် နိုင်ငံတနိုင်ငံ စနစ်တခုကို စိတ်တိုင်းကျလွတ်လွတ်လပ်လပ်တည် ဆောက်လို့မရဘူး ငါ့ညီရ။
ငါတို့ပြောပြောနေတဲ့ သမိုင်းကိုသိအောင်လုပ်ရမယ်ဆိုတာ အဲတာတွေကြောင့်ပြောတာ။

ဒို့ ဗမာပြည်လွတ်လပ်ရေးသမိုင်းကိုကြည့်အင်္ဂလိပ်ဆီက တိုက်ယူမှရမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ လက်နက်နဲ့စစ်ပညာအကူညီရအောင်ပညာတတ်လူငယ်တွေ ဦးဆောင်ကြိုးစားခဲ့ကြတယ်။
ပထမဆုံး နိုင်ငံခြားအကူညီရရယူဖို့ကျိုးစားခဲ့တဲ့သူတွေက ဆရာဒဂုန်တာရာနဲ့သခင်ဗဟိန်းတို့ ၂ ယောက်ပဲ။
တရုတ်ပြည်တော်လှန်ရေးမှာ အောင်ပွဲတွေရနေတဲ့ တရုတ်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ မော်စီတုန်းနဲ့တွေ့ဖို့သွားကြတာ။
မြောက်ပိုင်းရှမ်းပြည်အရောက်မှာ တောင်တန်းဒေသဥပဒေနဲ့ နယ်နှင်ဒဏ်ပေးလိုက်လို့ တရုတ်ပြည်ထဲဝင်ခွင့်မရခဲ့ကြဘူး။
မင်း မီနာမီကီကန် စာအုပ်ဖတ်ပြီးပြီပဲ အဲဒီအထဲကအတိုင်းပေါ့ကွာ။

ဂျပန်သတင်းထောက်ယောင်ဆောင်ပြီး ဗမာပြည်ရောက်နေတဲ့သူနဲ့ ဒေါက်တာဘမော်တို့တွေ့ပြီး ဂျပန်ကစစ်ကော်မရှင်နဲ့ချိတ်ဆက်မိသွားတာလေ။
အင်္ဂလိပ်အစိုးရက သူတို့ကိုဗမာတွေကပြန်တော်လှန်မယ်ဆိုတာရိပ်စားမိတယ်၊ အဲဒီတော့ သခင်စိုးအပါဝင်လူငယ်တော်လှန်ရေးသမားတွေကိုထောင်ချထားလိုက်ပြီး မမိသေးတဲ့လူတွေကိုပိုက်စိတ်တိုက်ရှာ လိုက်ဖမ်းနေတယ်။
အင်္ဂလိပ်အစိုးရကဖမ်းဝရမ်းထုတ်ထား‌တော့ သခင်အောင်ဆန်းလဲ မြေလျှိူးရှောင်တိမ်းနေရတာပေါ့။

အဲဒီအချိန်မှာဆရာကြီးသခင်ကိုယ်တော်မှိုင်းဦးဆောင်တဲ့ ဒို့ဗမာအစည်းရုံးကြီးက အားကောင်းနေပါပြီ။
ဒေါက်တာဘမော်တို့က သခင်အောင်ဆန်းကို စစ်ပညာသင်သွားဖို့ ဆက်သွယ်ရတယ်။
နောက်ပိုင်းမှာ ကိုဌေးမြိုင်ရေ ... ကျနော့်ကို ဂျပန်တွေကဖမ်းခေါ်သွားတာဗျ.. လို့ပြောဖူးတဲ့အကြောင်း ဆရာဒဂုန်တာရာက ပြန်ပြောဖူးတယ်ကွ။

လူငယ်အယောက် ၃၀ ကို ဂျပန်ကစစ်သင်တန်းပေးမယ်၊ ဂျပန်တပ်တွေနဲ့အတူ အင်္ဂလိပ်ကိုတိုက်လာရင်း မော်လမြိုင်ကိုရောက်ရင် ဗမာပြည်လွတ်လပ်ရေးကိုကြေညာပေးမယ်လို့ကတိပေးခဲ့ကြတယ်။

မင်းသိတဲ့အတိုင်းပဲ မော်လမြိုင်ရောက်တော့ဂျပန်က လွတ်လပ်‌ရေး ကြေညာမပေးနိုင်ကြောင်း ဆူဇူကီးက ဗိုလ်ချုပ်အောင်ဆန်းကို အသိပေးခဲ့တယ်။
ဒီလိုနဲ့ဂျပန်နဲ့တွဲပြီး တိုက်ကြတော့အင်္ဂလိပ်တွေ အရေးနိမ့်ပြီးအင်ဖာ၊ တမူးကတဆင့် အိန္ဒိယကိုဆုတ်ပြေးရတယ်။

၁၉၄၀ ခုနှစ်ကနေ ၁၉၄၅ အထိ ဂျပန်‌တွေကဖက်ဆစ်စနစ်နဲ ့သတ်ဖြတ် ညှဉ်းဆဲ မုဒိမ်းကျင့် လုယက်နေတော့ ဗမာပြည်သူလူထုနဲ့ ခေါင်းဆောင်တွေက ပြန်တိုက်ထုတ်ဖို့ကြိုးစားရပြန်တယ်။

အင်္ဂလိပ်အပါဝင် မဟာမိတ်တွေနဲ့ဆက်သွယ်ပူးပေါင်းပြီး ၁၉၄၅ ခုမတ်လ၂၇ ရက်ကစပြီးဖက်ဆစ်ကိုတော်လှန်ခဲ့ကြတယ်။
ဗိုလ်မှုးဗထူးက အဲဒီရက်ထက်စောပြီးတော်လှန်ခဲ့တာကွ။

ဖက်ဆစ်တော်လှန်ရေးဟာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဗမာပြည်သူတရပ်လုံး တော်လှန်တဲ့ ပြည်သူ့တော်လှန်ရေးကွ ။
ပြည်သူလူထုတရပ်လုံးက မခံမရပ်နိုင်လွန်းလို့ သူတို့ကိုယ်တိုင်ပူး‌ပေါင်းတော်လှန်ခဲ့ကြတာကို ဗိုလ်နေဝင်းက တပ်မတော်နေ့လုပ်ပြီး သမိုင်းဝင်နေ့တနေ့ကို လုယူခဲ့တာလဲ မင်းအသိပဲလေကွာ။

၁၉၄၅ ခုနှစ် ဂျပန်တော်လှန်ရေးပြီးတော့ အင်္ဂလိပ်ကပြန်အုပ်ချုပ်တယ်၊ ဗမာပြည်လွတ်လပ်ရေးအတွက် တတိယအကြိမ်မြောက်ကြိုးစားရပြန်တယ်။
ဒီတခါ လွတ်လပ်ရေးကြိုးပမ်းကြတော့ ခေါင်းဆောင်တွေကြားမှာ သဘောထား ၂ ခု ကွဲထွက်လာတယ်။

၁။ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲပြီး ကိုယ့်တိုင်းပြည်ရဲ့ကံကြမ္မာကို ကိုယ့်ဘာသာကိုယ်ဖန်တီးရေး။
၂။ အင်္ဂလိပ်အစိုးရနဲ့ စေ့စပ်ညှိနှိုင်း၊ အပေးအယူလုပ် ပြီးလွတ်လပ်ရေးကိုရယူဖို့ ဖြစ်တယ်။

နံပါတ် ၁ အဖွဲ့ကဗမာပြည်သူလူထုနဲ့ လက်နက်ကိုင်ရဲဘော်တွေမှာ ဂျပန်စစ်တပ်နဲ့တွဲပြီး အင်္ဂလိပ်ကိုတိုက်ခဲ့တဲ့ တိုက်ပွဲအတွေ့အကြုံ။
နောက်တခါ အင်္ဂလိပ်အပါဝင် မဟာမိတ်အဖွဲ့နဲ့ပူးပေါင်းပြီး ဂျပန်ကိုတော်လှန်တဲ့ စစ်ရေးအတွေ့အကြုံ၊၊

စစ်ပညာနဲ့အဆင်သင့်ရှိနေတဲ့ လက်နက်ခဲယမ်း၊ ပြည်သူလူထုရဲ့မြင့်တက်နေတဲ့ နိုင်ငံရေးရေချိန် နဲ့ညီညွတ်ရေးတွေကိုအသုံးချပြီး တိုင်းရင်းသားညီအကို‌မောင်နှမ‌တွေအားလုံးလက်တွဲ၊ အင်္ဂလိပ်ကိုအပြီးအပြတ် တော်လှန်မောင်းထုတ်ဖို့ဖြစ်တယ်။

နံပါတ် ၂ အဖွဲ့က တိုင်းပြည်နဲ့ပြည်သူလူထုမနာအောင် အင်္ဂလိပ်အစိုးရနဲ့စေ့စပ်ညှိနှိုင်း အပေးအယူအလျော့အတင်းလုပ်ပြီး လွတ်လပ်ရေးယူဖို့ဖြစ်တယ်။
အားလုံးသိတဲ့အတိုင်းပေါ့ကွာ၊ စေ့စပ်ညှိနှိုင်းအပေးအယူလုပ်ပြီးလွတ်လပ်ရေးယူဖြစ်ခဲ့ကြတယ်။

ဗြိတိသျှလူမျိုး စီးပွားရေးသမားတွေ ဗမာပြည်မှာဆက်လက်ပြီး လက်ဝါးကြီးအုပ်ခွင့်ရသွားတယ်။
အင်္ဂလိပ်အစိုးရကို စစ်လျော်ကြေးပေးရတယ်၊ နိုင်ငံတကာနဲ့လွတ်လပ်တဲ့ကူးလူးဆက်ဆံရေးမရခဲ့ဘူး။

နောက်ဆုံး ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းတွေကိုဖျက်သိမ်းသင့်ဖျက်သိမ်းရလိမ့်မယ်လို့ ရာဇသံပေးလိုက်တော့ ဗိုလ်ချုပ်ကိုလုပ်ကြံဖို့အထိ စီမံကိန်းချလာကြတော့တာပေါ့။

တကယ်လို့သာ လက်နက်ကိုင်တော်လှန်ရေးနဲ့ အပြတ်တိုက်ထုတ်ခဲ့ရင် ကိုယ်ကြိုက်တဲ့နိုင်ငံရေးစနစ်ကို ထူထောင်၊ ကိုယ့်အမျိုးသားအကျိုးစီးပွားကိုမြှင့်တင်၊လွတ်လပ်တဲ့နိုင်ငံခြားရေးမူဝါဒတွေချမှတ် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရခဲ့မှာပေါ့။

ဒါကြောင့် ကိုယ့်ပြည်သူကို ကိုယ်စားမပြုတဲ့ ပြည်သူလူထုရဲ့အကျိုးစီးပွားကိုလျစ်လျူရှုပြီး လူတစုအတွက်ထူထောင်တဲ့ အုပ်ချုပ်ရေးယန္တယားမှန်သမျှကို
မစေ့စပ်စတမ်း လက်နက်ကိုင်တော်လှန်တာအကောင်းဆုံးလို့ ငါယူဆတယ်ကွ။
မှ တပါး .. အခြား မရှိပြီပဲ ဟေ့။

ချစ်တဲ့
ဝင်းမင်းခိုင်
၈.၉.၂၁
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar