Breaking News

မိုးမခကဗျာ - ထွန်းဝင်းငြိမ်း " မိုင်တိုင် ၅၉ "

မိုးမခကဗျာ
စက်တင်ဘာ ၁၆၊ ၂၀၂၁

" မိုင်တိုင် ၅၉ "
ထွန်းဝင်းငြိမ်း

ဒီမွေးနေ့က
နိုင်ငံတကာဒီမိုကရေစီနေ့ ဆိုပါလား။

သောက်လက်စရေတောင်
သီးတော့မလို ဖြစ်သွားတယ်။

တွေးမိနေတာက
အောင်ပွဲနဲ့ အခက်အခဲဆိုတာ
အမွှာညီနောင် ဆိုတဲ့
သခင်သန်းထွန်းရဲ့
အဆိုအမိန့်ပါ။

အောင်ပွဲကနီးလာတော့
အခက်အခဲက ပိုပြီးကြီးမှာပေါ့။

လူ့အခွင့်အရေးဆိုတာ ဘယ်လို
ဒီမိုကရေစီဆိုတာ ဘယ်ဝှာနဲ့
စံနှုန်းတွေ တကမ္ဘာလုံး ပြောနေကြတယ်
အဲဒါတွေကို ဖျက်ဆီးသူတွေ
ကျူးလွန်သူတွေကတော့
ကင်းလွတ်ခွင့်ရနေတာ
အသွင်ကူးပြောင်းရေးကာလရဲ့
တရားမျှတမှုဆိုတာကြီးလား။

လွတ်မြောက်ရေးအတွက်
ကြွေတဲ့ကြယ်တွေလောက်
ရသမြောက်တဲ့ မော်ကွန်းဆိုတာ
တုနှိုင်းစရာ မရှိဘူး။

တောမီးကို လှန်မီးနဲ့
ရှို့နေရတဲ့ကာလမို့
မိတ်ဆွေတို့ပို့သသော
မေတာ များနဲ့သာ
အသက်ဝဝ ရှူရပါတယ်။

အော်
လူသားဝါဒတဲ့လား
ဒီမှာက အသွားအလာတွေ ကြပ်တယ်
ဘုရားသခင်ရှိရာ အရပ်မှာသာ
ထွန်းကားပါစေသတည်း။

၁၅၊ ၉၊ ၂၀၂၁

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar