Breaking News

မိုးမခအမှတ်တရပုံရိပ်လွှာများ - ဝင်းမင်းခိုင် " မောင်သင်းခိုင်နဲ့မုန်တိုင်းထဲက လင်းယုန်ကြီး "

Photos - Crd

မိုးမခအမှတ်တရပုံရိပ်လွှာများ
စက်တင်ဘာ ၁၆၊ ၂၀၂၁

" မောင်သင်းခိုင်နဲ့မုန်တိုင်းထဲက လင်းယုန်ကြီး "
ဝင်းမင်းခိုင်



ဆရာဗန်းမော်တင်အောင်က သူယုံကြည်တဲ့အယူအဆကိုစွဲကိုင်ပြီး နောက်ဆုံးအချိန်ထိ မစေ့စပ်တမ်းတိုက်ပွဲဝင်ခဲ့တာကွ။

ကျနော်ကလေးဘဝသာသာကထဲက အကိုကြီးမောင်သင်းခိုင်ဆီကိုလာတဲ့ ဆရာဗန်းမော်တင်အောင်နဲ ့ဆရာဒဂုန်တာရာတို့ကို တွေ့ဖူးမြင်ဖူးခဲ့ရတယ်။
အကိုကြီးမောင်သင်းခိုင်၊ ကိုဇော်ဝင်းကို၊ မောင်လေးမွန်၊ ကိုဝင်းမောင်ထိုက်၊ ဇော်(ပျဉ်းမနား)တို့နဲ့စကားပြောဆိုနေတာကို ခပ်လှမ်းလှမ်းကတွေ့ရမြင်ရတာပါ။
အကိုကြီးမောင်သင်းခိုင်ရဲ့စာအုပ်တွေထဲကျနော်‌ခြေချမိတော့ ကျနော်ရဲ့အတွေးအခေါ်နဲ့အနုပညာသစ်ပင်အတွက် လိုအပ်တဲ့အာဟာရတွေကို ဆရာဗန်းမော်တင်အောင်နဲ့ ဆရာဒဂုန်တာရာတို့ရဲ့စာအုပ်တွေဆီက စုတ်မြိုကြီးထွားခွင့်ရခဲ့ပါတယ်။
ပြည်တော်သာခင်ခင်ဦး၊ အညတြ၊ အမေ၊ ဖုန်းမောင်တယောက်ထဲ၊ ဒေါက်တာလွမ်းဝေ၊ မမကြီး၊ မြိုင်၊ မြစ်ဧရာပေါ်ဝယ် ...အစရှိတဲ့နိုင်ငံရေးသဘောတရားနဲ့ သမိုင်းနောက်ခံပါတဲ့ဝတ္ထုတွေအရင်ဖတ်ပြီးမှ ဆိုရှယ်လစ်ဋီကာ၊ သဘာဝသိပ္ပံ၊ ရုပ်ကမ္ဘာ၊ လူ၊ မြန်မာနိုင်ငံသမိုင်း၊ ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း၊အိုင်းစတိုင်းနဲ့နှိုင်းရဓမ္မတရား စတဲ့စာအုပ်တွေကို ဆက်ဖတ်ရပါတယ်။

နေ့လည်စာစားပြီးတာနဲ့ အကိုကြီးမောင်သင်းခိုင်ရဲ့မီးဖိုဆောင်ထဲမှာဖတ်ပြီးတဲ့စာအုပ်ထဲကကျ‌နော်မသိ‌သေးတဲ့ အယူအဆပိုင်းဆိုင်ရာ‌တွေနဲ့၊ သမိုင်းကြောင်းတွေကို ဆွေးနွေးမေးမြန်းရပါတယ်။
ဆရာဗန်းမော်တင်အောင်က ဆရာဒဂုန်တာရာဆီငွေတွေယူလာပြီး ဒီငွေတွေကိုခင်ဗျားလိုတဲ့နေရာမှာသုံးဗျာလို့ ပြောတာကစပြီး ဘတ်စ်ကားပေါ်မှာသူ့အိပ်ကပ်ထဲက ပိုက်ဆံနှိုက်ယူနေတဲ့ခါးပိုက်နှိုက်ကို မသိချင်ယောင်ဆောင်တဲ့အပြင် အလွယ်တကူယူနိုင်အောင်လုပ်ပေးတဲ့အကြောင်းတွေပါ ပြောပြပါတယ်။

ဗမာပြည်မှာပုဒ်မ ၅ နဲ့ပထမဆုံးအဖမ်းခံရတဲ့နိုင်ငံရေးသမားက ဆရာဗန်းမော်တင်အောင်ပဲကွ။
ဆရာတော်ရှင်ဥက္ကဋ္ဌ နဲ့ ဆရာဗမော်တင်အောင်နဲ့ အင်းစိန်ထောင်မှာအတူကျတုန်းကအကြောင်း ပြောရအုံးမယ်ကွ။
ဆရာတော်က ကိုတင်အောင်ရေ ..ကျုပ်ကဖုန်းကြီးဆိုတော့ ကျုပ်သေသွားရင် မျိုးဆက်ကလေးတောင်မထားခဲ့နိုင်ဘူး... လို့ ပြောသတဲ့။
ကိုယ်တော် ရှင်ဥက္ကဋ္ဌကမွေးလို့ ရှင်ဥက္ကဋ္ဌလေးဖြစ်မှာမဟုတ်ဘူး။ တင်အောင်ကမွေးတဲ့သားကလည်း တင်အောင်လိုထပ်တူဖြစ်ဖို့ မလွယ်ဘူး။
အခုရှိနေတဲ့လူငယ်တွေကို တပည့်တော်တို့ ကိုယ်တော်တို့က အစွမ်းကုန်မြေတောင်မြှောက်ပေးဖို့ပဲလိုတာပါ...လို့ ဆရာဗန်းမော်တင်အောင်ကပြန်ပြောသတဲ့ကွ။

တလက်စထဲ ဆရာတော်ရှင်ဥက္ကဋ္ဌနဲ့ သခင်စိုးကြီးအကြောင်းပြောရအုံးမယ်။
သခင်စိုးက အရှင်ဘုရား ခြွင်းချက်ဆိုတာရှိလားလို့ ဆရာတော်ကိုမေးသတဲ့။

"ဒကာကြီး ကိုယ့်နှမကိုယ်ပြန်ယူလို့ရသလား"

"မရဘူးဘုရား"

"အဲဒါခြွင်းချက်ပေါ့ဗျ...မိန်းမတော့ မိန်းမပဲ နှမတို့၊ အမေတို့ကခြွင်းချက်ပေါ့"

စကားကြွယ်လှတဲ့သခင်စိုးကြီးငြိမ်ကျသွားတယ်လို့ ကြားဖူးတယ်ကွ.. ဟား ဟား ဟားဟား။

ငါပြောသလိုလုပ်၊ ငါလုပ်တဲ့အတိုင်းတော့ လိုက်မလုပ်နဲ့ဆိုတဲ့အထဲမှာ ဆရာဗန်းမော်တင်အောင်မပါဘူး။
သူပြောသလို သူရေးသလို သူ့ဘဝကိုဖြတ်သန်းသွားတာ။

လူတယောက်ရဲ့တန်ဘိုးဟာ သူဖြတ်သန်းနေတဲ့ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့သမိုင်းတာဝန်တွေကို ဘယ်လောက်အထိ‌ကျေပွန်‌အောင်ထမ်းဆောင်သလဲဆိုတဲ့အချက်နဲ့ တိုင်းတာရမယ်လို့ ပြောခဲ့တာ မင်းလဲအသိပဲ။

သူရေးသလို သူနေသွားခဲ့တာ အားလုံးတွေ့မှာပါ။
ဒါကြောင့် သူကွယ်လွန်တော့ သူ့ဈာပနကို အလုပ်သမား၊ လယ်သမား၊ ဆိုက်ကားသမား၊ ဟင်းရွက်ဗျတ်ထိုးဈေးသည်တွေ၊ ပညာတတ်တွေအားလုံးက ရင်ဘတ်မှာနှင်းဆီပန်းတွေထိုးပြီး ငိုယိုလိုက်ပို့ကြတာ ဗမာပြည်ရဲ့အစည်ကားဆုံးအသုဘတွေထဲမှာ တခုပါတယ်ကွ။
ဈာပနကိုလိုက်ပို့တဲ့လူတွေကိုကြည့်ပြီး ဆရာဗန်းမော်တင်အောင်ရဲ့အမျိုးသမီး ဒေါ်တင်ဦးက "ကိုတင်အောင်ရေ.. ရှင်မသေခင်တုန်းက မိသားစုအတွက် ဆန်တအိတ်၊ ဆီတပုံးရှာမပေးခဲ့ဘူး... အခုမှ ရှင့်ကို ကျမနားလည်သွားတယ်.. လို့ပြောပြီး ငိုရှာသတဲ့။

ချမ်းသာနိုင်တဲ့အောင်မြင်တဲ့သစ်ကုန်သည်လုပ်ငန်းကိုကျောခိုင်းပြီး ကွယ်လွန်တဲ့အထိ မတရားဖိနှိပ်တဲ့စနစ်ကို လူကိုယ်တိုင်‌ကော၊ စာ‌ပေနဲ့‌ကော၊ တော်လှန်ခဲ့တယ်။
အာဏာပိုင်တွေကအကြိမ်ကြိမ်ထောင်ချ ဖမ်းဆီးနှိပ်စက်တာကိုကြံ့ကြံ့ခံပြီး လင်းယုန်ငှက်ဟာ မုန်တိုင်းကိုရင်ဆိုင်ရှင်သန်သလို ရှင်သန်သွားခဲ့တယ်။
ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာဒဂုန်တာရာ၊ ဗိုလ်ချုပ်ကျော်ဇောတို့နဲ့လက်တွဲပြီး လုပ်ခဲ့တယ်။

ကုလားစကားကို ကုလားတယောက်လိုပြောနိုင်သလို ဗမာလူမျိုးထဲကအင်္ဂလိပ်လိုပြောကြတဲ့အထဲမှာ ဆရာဗန်းမော်တင်အောင်ကိုအကြိုက်ဆုံးလို့ မောင်သာနိုးက ရေးဖူးတယ်ကွ။
၁၉၇၈ ခုနှစ်ဆရာဗမော်တင်အောင်ကွယ်လွန်တော့ မောင်သင်းခိုင်က ထောင်ထဲမှာပါ။
ဆရာဗန်မော်တင်အောင်ရဲ့ရုပ်ကလပ်ကို ဂါရဝမပြုနှိုင်ခဲ့ပါဘူး။
ဆရာဗန်းမော်တင်အောင်ကတော့ ပခုံးပေါ်ကသမိုင်းပေးတာဝန်ကို‌ကျေပွန်‌အောင်ထမ်းနေတာကိုက သူ့ကိုဂါရဝပြုတာပဲလို့ဆိုပြီ း‌ကြေနပ်ပြုံးပြုံးနေမလားမသိပါဘူး။

ချစ်တဲ့
ဝင်းမင်းခိုင်
၁၅.၉.၂၁


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar