Breaking News

ဒိုရီဂို - အနာဂတ်အရေး အတွေးတချို့



ဒိုရီဂို - အနာဂတ်အရေး အတွေးတချို့
(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၂၁

“မကြာမီမှာရောက်ရှိလာတော့မယ့် အနာဂတ်ပြန်လည်ထူထောင်ရေးကာလအတွက် ဘာတွေ,ဘယ်လိုလုပ်ဆောင်သင့်ပါသလဲ”၊ “ပညာရေးကို ဦးစား ပေးသင့်သလား?၊ ကျန်းမာရေးကို ဦးစားပေးသင့်လား? ဒါမှမဟုတ် တခြားဘယ်လိုအကြောင်းအရာကို ဦးစားပေးသင့်တယ်ဆိုတာ ဆွေးနွေးပေးပါ” လို့ ဂျာနယ်လစ်တစ်ဦးက မေးလာပါတယ်။

“အင်မတန်ကောင်းမွန်တဲ့မေးခွန်းဖြစ်သလို အလေးအနက်စဉ်းစားလုပ်ဆောင်ရမယ့်အချက်တွေလည်းဖြစ်နေတဲ့အပြင် တထိုင်တည်းပြောလို့ မပြည်စုံနိုင်တဲ့မေးခွန်းပါပဲ။ အဲဒီကျယ်ပြန့်တဲ့အကြောင်းကိုမဆွေးနွေးခင် ပထမဆုံး စတင်စဉ်းစားရမှာက...‘ပြန်လည်ထူထောင်ရေးဆိုတာ ဘယ်သူတွေအတွက် ရည်ရွယ်သလဲ’ ဆိုတာက စ ရပါမယ်။ တိုင်းပြည်အတွက်,နိုင်ငံအတွက်,ပြည်သူတွေအတွက်ဆိုပြီး မရေမရာဆိုရင် လိုရင်းကိုမရောက်ဘဲ ဖြစ်နေနိုင်ပါတယ်။ ဒီတော့.. ဘယ်သူတွေအတွက်လဲ? ရှင်းပါတယ်...၊ ‘အနာဂတ်လူငယ်မျိုးဆက်တွေအတွက်’။ နွေဦးရဲ့ခမ်းနား, အားကောင်းတဲ့အသံတွေထဲမှာ ဒီအချက်ကိုအသေအချာတွေ့နိုင်တယ်မဟုတ်လား။ အနာဂတ်မှာ အခုအသက်ရှင်နေတဲ့အသက်ကြီးသူတွေက အားလုံးကိုချန်ရစ်ခဲ့ ထားရစ်ခဲ့ရမှာပါ။ အဲဒါကို ဆက် ခံရမယ့်သူတွေက နောက်တက်လာမယ့်မျိုးဆက်သစ် ဂျန်အယ်လ်ဖာတွေနဲ့ သူတို့ရဲ့နောက်ကမျိုးဆက်တွေအလှည့်ပဲ။ ကောင်းပြီ...ဒါဆို သူတို့အတွက်ဦးစားပေးပြီး စီစဉ်လုပ်ဆောင်သင့်တယ်လို့ ယူဆပါတယ်”

“ဟုတ်ကဲ့...၊ ဘာတွေဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတာ ဆွေးနွေးပေးပါဦး”

“ဒီမြေ,ဒီရေ,ဒီလေ,ဒီတော,ဒီတောင်တွေကို မျိုးဆက်သစ်တွေက လက်ဆင့်ကမ်းလက်ခံယူရမှာဆိုတာ Overview (လွှမ်းခြုံအမြင်)အရ အထင် အရှားသိနိုင်ပါတယ်။ အရေးအကြီးဆုံးက သဘာဝပတ်ဝန်းကျင်အခြေခံကောင်းတခုကို ထားရစ်,ပေးနိုင်မှသာ သူတို့ရဲ့လူမှုဘဝတွေ ရှင်သန်လှပနိုင်မှာ ဖြစ်သလို၊ တဖက်ကလည်း ပိုပြီးတိုးတက်ကောင်းမွန်တဲ့အခြေအနေကောင်းကို ဖန်တီးယူနိုင်မှာလည်း ဖြစ်ပါတယ်။ တကယ်လို့သာ သစ်သီး,သစ်ပင်, တောတောင်တွေမရှိတော့တဲ့ကမ္ဘာကြီးကို မျိုးဆက်သစ်တွေလက်ခံယူရတော့မယ်ဆိုရင် သူတို့ရဲ့ရှင်သန်ရပ်တည်ရေးအတွက် ခက်ခဲပင်ပန်းစွာ ဖြတ်သန်းရတော့မယ့် အနေအထားပါ။ လူသားရဲ့ ရှင်သန်, ရပ်တည်မှုမှာ သစ်ပင်နဲ့တိရစ္ဆာန်တွေဟာ အရေးအကြီးဆုံးဖြစ်လို့ ညီညွတ်မျှတတဲ့ ‘အညမည’ သဘောတရား အတိုင်း ရှင်သန်နိုင်ရေးကို ဦးတည်တဲ့ အသိအမြင်နဲ့ ခံယူချက်တွေရှိလာအောင် လမ်းသွယ်ပေးဖို့ အရေးကြီးလာပြီ၊ သဘာဝ ပတ်ဝန်းကျင်အရေးကို အလေးထားတတ်တဲ့ အမူအကျင့်နဲ့ ပြည့်စုံတဲ့ မျိုးဆက်မျိုး ဖြစ်ဖို့ အရေးကြီးလာပြီ လို့ ဆိုရမယ်”

“ဒါဆိုရင်... နိုင်ငံရေးတို့၊ ဘာသာရေးတို့၊ ပညာရေးတို့ကိုရော... ဘယ်အဆင့်မှာ ထားမလဲ”

“ဒီနေရာမှာ နိုင်ငံရေးနဲ့ ဘာသာရေး အကြောင်း နည်းနည်းပြောချင်တယ်။ တကယ်တော့ ‘နိုင်ငံရေး’ ဆိုတာ ‘ပြည်သူ့အရေး’ ဖြစ်တယ်၊ ပြည်သူတစ်ဦးချင်းစီရဲ့ ‘အရေး’ ဖြစ်တယ်။ ဒီ ပြည်သူ့အရေး, ပြည်သူ့လိုလားမှုကို မျက်နှာမူပြီး ဖြည့်ဆည်း, စီမံ, လုပ်ဆောင်ပေးရမှာက အုပ်ချုပ်သူ အစိုးရတွေရဲ့ တာဝန်ဖြစ်တယ်။ သို့ပေမဲ့လည်း ပြည်သူတွေရဲ့ အသိအမြင်ကျယ်လာမှုနဲ့ အတူ မျှော်လင့်လိုလား, လိုအပ်တာတွေ ပြောင်းလာတယ်၊ ခေတ်ကာလရဲ့ တောင်းဆိုမှုတွေ ပြောင်းလဲလာတယ်၊ ဒီအပေါ် မူတည်ပြီး ‘နိုင်ငံရေး’ ဆိုတာ ပြောင်းလဲ နေရတာ၊ မူဝါဒတွေပြောင်းလာရတာပါပဲ။ ဆိုတော့... အချိန်ကာလနဲ့ နေရာဒေသလိုက်ပြီး ‘နိုင်ငံရေး’ဆိုတာ ပြောင်း လဲနေတယ်၊ ထာဝရတည်နေတာမျိုးမဟုတ်တဲ့ ‘ကမ်းနားသစ်ပင်’ သဘောပဲ။ မတည်မြဲဘူး။ လူသားနဲ့ သဘာဝဝန်းကျင်က ထာဝရ ဒွန်တွဲ, ယှက်စပ်နေတယ်။ ဒါကြောင့် နိုင်ငံရေး ဆိုတာထက် အရေးကြီးတဲ့ မိမိတို့တိုင်းပြည်ရဲ့ နယ်ပယ်၊ ရေ, မြေ, တော,တောင် သဘာဝဝန်းကျင်ကို ပိုမိုတန်ဖိုး ထားဖို့နဲ့ ထိန်းသိမ်းဖို့ ဆိုတဲ့ အသိအမြင်, အခြေခံက စ,ရမယ်လို့ ဆွေးနွေးတာပါ။ တနည်းအားဖြင့် အသိတရားနဲ့ ဉာဏ်ပညာကို အခြေခံတဲ့ ‘ပညာရေး’ က စ,တင်ဖို့ ပါပဲ”

“ဘာသာရေးနဲ့ စပ်လျဉ်းပြီးတော့လည်း ဆွေးနွေးပေးပါဦး။ ဘာသာရေးက လူ့ကျင့်ဝတ်စံနှုန်းတွေကို မြင့်မား, မြှင့်တင်ပေးတယ် လို့ ပြောကြတာတွေလည်း ရှိတယ် မဟုတ်လား”

“ဘာသာရေး’ ဆိုတာနဲ့ ‘ဘာသာစကား’ ကို မကွဲပြားကြဘဲ ဖြစ်နေတာတွေ တွေ့ဖူးပါတယ်။ ဒီနေရာမှာ အရေးတကြီး ပြောချင်တာက တစ်ဦး တစ်ယောက် တစ်သင်း တစ်ဖွဲ့ တစ်အုပ်စုရဲ့ ယုံကြည်ချက်၊ ခံယူချက်တွေကို ထိပါးလိုစိတ် လုံးဝ (လုံးဝ) မရှိဘဲ ‘အမျိုး၊ ဘာသာ၊ သာသနာ’ ကိစ္စကို ပြောချင်ပါတယ်။ ငယ်စဉ်က ကျနော့်ရဲ့ ဘကြီးဘုန်းကြီး ဆုံးမ, သွန်သင်တာက  ‘အမျိုး၊ ဘာသာ’ ကို စောင့်ရှောက်ရမယ်လို့ပဲ ဖြစ်ပါတယ်။ ၁၉၇၀ ပြည့်လောက်အထိ ‘သာသနာ’ ကိစ္စ မပါခဲ့သလို အခုလို လှုံ့ဆော်တာမျိုးလည်း မတွေ့ခဲ့ရဘူး။ ‘ကိုယ့်လူမျိုး, အဆွေခင်ပွန်းနဲ့ ကိုယ့်ရဲ့ လူ့အဖွဲ့အစည်းကို စောင့်ရှောက်ရမယ်’ လို့ တိတိကျကျ သွန်သင်ပါတယ်။ နောက်ပြီး ‘ကိုယ့်ဘာသာစကား’ ကို အလေးထား စောင့်ရှောက် ရမယ်’၊ ‘ဘာသာစကား ဆိုတာ သုံးစွဲနေတဲ့ လူ့အဖွဲ့အစည်းအတွက် အသက်သွေးကြောပမာ အရေးပါတဲ့အရာ ဖြစ်တယ်’ လို့လည်း  လို့ လမ်းညွှန်ဆုံးမ, ပါတယ်။ ကိုးကွယ်ယုံကြည်မှုနဲ့ ဆက်စပ်တဲ့ ‘ဘာသာရေး’ ကို ရည်ညွှန်းတာမျိုး မရှိခဲ့ပါ။

တကယ်တော့ လူတဦးတယောက်ရဲ့ ဘာသာရေးကိုးကွယ်ယုံကြည်မှုဟာ သူ့ရဲ့ ပုဂ္ဂလရေး ပြဋ္ဌာန်းချက်သာ ဖြစ်ပြီး ကိုးကွယ်ရာ ဘာသာတခုကနေ တခြားတခုကို ကူးပြောင်းနိုင်ပါတယ်။ ဒါပေမဲ့ လူမျိုး (Identity) နဲ့ ဘာသာ စကား (Language) က အခြားတခုကို ကူးပြောင်းသွားဖို့ ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဘာသာစကားဟာ ပုဂ္ဂလအရေး (Individual Case) မဟုတ်ဘဲ အများ ပြည်သူအရေး (Community Case) ဖြစ်တယ်ဆိုတာပါပဲ”

“ဒါဆိုရင် ‘သာသနာ’ ဆိုတာကရော....”

“ဒီ ‘သာသနာ’ ရေးကိစ္စက ပေါ်လာ ကြားလာရတာမကြာသေးဘူး။ ‘သာသနာ’ရေးကိစ္စနဲ့ ပတ်သက်ပြီး ‘သိပ္ပံ နည်းကျဗုဒ္ဓအဘိဓမ္မာ’ စာအုပ်ကိုရေးသားပြုစုခဲ့သူ သိပ္ပမ်မျိုး ခေါ် ဘ,ဘုန်းကြီး ‘ဦးပညာဝရသိဒ္ဓိ’ အား မေ းမြန်းလျှောက်ထားဖူး ပါတယ်။ ဘ,ဘုန်းက အောက်ပါအတိုင်း ရှင်းပြတယ် - 

‘သာသနာ’ ကို စောင့်ရှောက်ရမှာက လူတွေရဲ့ အရေးကိစ္စ မဟုတ်ဘူး၊ ဘုရားရဲ့ သားတော်လို့ ခံယူထားတဲ့ ရဟန်း, သံဃာတွေရဲ့ အရေးကိစ္စ ဖြစ်တယ်။ သာသနာပိုင် ဆိုတာ လူတွေ မဟုတ်ကြပါ။ လူတွေနဲ့ ရဟန်း, သံဃာပေါင်းပြီး သာသနာတော်ကို စောင့်ရှောက်မယ် ဆိုတော့ သာမန်လွယ်လွယ်ပြောရရင် - လူတွေက ‘လောကီရေး’ ကိုဦးတည်တာ ဖြစ်ပြီး ရဟန်းသံဃာတွေက ‘လောကုတ္တရာရေး’ ဖြစ်တယ်မဟုတ်လား။ ဒီမတူညီတဲ့ ကိစ္စကို အတူပူးပေါင်း လုပ်ဆောင်မယ် ဆိုတော့ ပြဒါးတစ်လမ်း, သံတစ်လမ်း ဖြစ်နေတယ်။

၂၂၇ သွယ်သော သိက္ခာပုဒ်တွေကို ခိုင်ကျည်,မြဲမြံတဲ့ သန္နိဋ္ဌာန်နဲ့ ကျင့်ဆောင်တဲ့ မည်သည့် ရဟန်း, သံဃာမဆို အခြွေအရံ, အသင်းအပင်းနဲ့ မင်းဆရာတော် ဖြစ်ချင်တာမျိုး မရှိ၊ လာဘ်လာဘမျှော်ကိုးပြီး ‘တရား’ ပြရမယ့် အစား ‘မတရား’ တွေ ဟောပြော, လှုံ့ဆော်တာမျိုး မရှိဘူး။ အဲဒီလို တရားပြရမယ့်ပုဂ္ဂိုလ်က မတရားတာတွေ ဟောညွှန်လာပြီဆိုရင် ဒီပုဂ္ဂိုလ်ဟာ သူ့ရဲ့ ပြဋ္ဌာန်းချက်ကို သူကိုယ်တိုင်က သစ္စာဖောက်ဖျက်လိုက်တာပဲ။ ကိုယ်ကျင့် သိက္ခာမဲ့ပြီး ရပ်တည်ချက် မခိုင်မာသူသာ ဖြစ်တယ်။

ညောင်ရမ်းခေတ်က တောင်ဖီလာဆရာတော်နဲ့ ရွှေဥမင်ဆရာတော် နှစ်ပါး တွေ့ဆုံခန်းကို ကြည့်ပါ။ တောင်ဖီလာဆရာတော်ဆိုတာ အနောက်ဖက်လွန်မင်း ပြည်မြို့ကိုလုပ်ကြံတော့  ရှင်တစ်ဆူ လူတစ်ယောက်သာ ရသည်လို့ကြွေးကြော်ရတဲ့ ကျမ်းတတ်အကျော် မင်းဆရာတော်ပေါ့။ မင်းဆရာတော်ဆိုတော့ မင်းစိုးရာဇာတွေ၊ အခြံအရံတွေနဲ့ သွားလေရာမှာ ရုတ်ရုတ်သဲသဲပေါ့။

တခါတော့ ရွှေစက်တော်ကအပြန်, ပခန်းကြီးကိုဝင်ရာက တောအရပ်မှာသတင်းသုံးနေတဲ့ ရွှေဥမင်ဆရာတော်ဆီ ဝင်ရောက်ဖူးမျှော်တယ်။ ရွှေဥမင်ဆရာတော်ဆိုတာက တောအရပ်မှာသတင်းသုံးနေတဲ့ရဟန်းပီပီ အဆောင်အယောင် အခြံအရံမရှိ၊ ဖိုးသူတော်တပါးနဲ့ ဖတ်စရာ လေ့လာစရာ ပေပုရပိုဒ်တွေပဲ ရှိတယ်။ ဒီအခြေ အနေကို မြင်တော့ တောင်ဖီလာ ဆရာတော်က မေးတယ်။ “ပရိသတ် အခြွေအရံ နည်းလှသည်၊ ကြောက်တော် မမူလော” တဲ့။

ရွှေဥမင်ဆရာတော်ကြီးက ပြန်လျှောက်တယ်...၊ “ကြောက်၍ ပရိတ်သတ်အနည်းငယ်နှင့်နေပါသည်” တဲ့။ ဘယ်လောက်ပညာသားပါလဲ။ အဲဒီမှာ တောင်ဖီလာဆရာတော်လည်း သူ့ကိုသတိပေးလိုက်မှန်းသိသွားပြီး စစ်ကိုင်း အင်းဝပြန်ရောက်ပေမယ့် ဘုရင်လှူထားတဲ့လေးထပ်ကျောင်းကို မဝင်တော့ဘဲ မင်းဝံတောင်ရိုးကချောင်မှာ တရားအားထုတ်တော်မူပါတော့သတဲ့။ အခြွေအရံ, အသင်းအပင်းနဲ့မင်းဆရာတော်ဖြစ်ချင်တာက ရဟန်း သံဃာတွေရဲ့ အန္တိမရည်မှန်းရာမဟုတ်ဘူး။

“ဆွေးနွေးခဲ့တာကိုပြန်ချုပ်ရရင် ‘နိုင်ငံရေး’ထက် သဘာဝဝန်းကျင်ကိုတန်ဖိုးထားထိန်းသိမ်းဖို့ဆိုတဲ့အသိအမြင် အခြေခံက စရမယ်၊ ဒုတိယအချက်က ပုဂ္ဂလအရေးဖြစ်တဲ့ဘာသာရေးထက် ဘာသာစကားကို အသိတရားနဲ့ ဉာဏ်ပညာအခြေခံတဲ့ ‘ပညာရေး’ က စတင်ရမယ်ဆိုတဲ့အချက် ၂ ချက်ကိုတွေ့ရတယ်။ ”

“ဆရာဇော်ဂျီရဲ့ ‘သင်သေသွားသော်’ ဆိုတဲ့ ကဗျာကို ကြည့်ပါ။ “သင် သင်သေသွားသော်..., သင်ဖွားသောမြေ၊ သင်တို့မြေသည်၊ အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။ သင်၏မျိုးသား၊ စာစကားလည်း၊ ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။ သင်ဦးချ၍ အမျှဝေရာ၊ စေတီသာနှင့်၊ သစ္စာအရောင်၊ ဉာဏ်တန်ဆောင်လည်း၊ ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း” လို့ ဆိုတယ်မဟုတ်လား။ ကိုးကွယ်ရာ ဘာသာရေးက တတိယ နေရာမှာ မဟုတ်လား။ အလျဉ်းသင့်ရင် နောက်ထပ် ဆွေးနွေးပါဦးမယ်”

[‘ဦးပညာဝရသိဒ္ဓိ’ ခေါ် ‘သိပ္ပမ်မျိုး’ {B. Sc. (Rgn), M.A. (Cornell)} မှာ ‘ဆိပ်ကမ်းသာ’ စာပေဖြန့်ချိရေးလုပ် ကိုင်နေသည့်ကဗျာဆရာ (ကို)‘ခိုင်မျိုး’၏ဖခင်ဖြစ်ပြီး The Scientific Buddhism (A Scientific Synthesis of The Absolute Philosophy of Absolute Mind and Relative Ideology of Absolute Matter) “သိပ္ပံနည်းကျ ဗုဒ္ဓအဘိဓမ္မာ)အပါအဝင် ဘာသာရေးဆောင်းပါးများ၊ စာတမ်းများ ရေးသားခဲ့ပါသည်။ ၂၀၁၉ ဒီဇင်ဘာ ၂၉ ရက်နေ့က ပုဇွန်တောင်မြို့နယ်၊ တောင်လုံးပြန်ရပ်တွင် ‘ရေထုံကူး’ပြီးမြောက်သွားခဲ့တယ်လို့ယူဆရပါတယ်။]

ဒိုရီဂို
စက်တင်ဘာ ၈၊ ၂၀၂၁


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar