Breaking News

ဆားပုလင်း သာပိန် - ရာဇဝတ်အိုးထဲမှာ သာဝကိုထားရစ်ခဲ့ (၅)

ဆားပုလင်း သာပိန် - ရာဇဝတ်အိုးထဲမှာ သာဝကိုထားရစ်ခဲ့ (၅)
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၂၁

“အဘ အဘ၊ ဟယ်လို... ကြားလား... ဟယ်လို”
“ဘာကွ... ပြန်ပြောစမ်း ပြန်ပြောစမ်း၊ သိန်းတစ်ရာကုန်တာ ‘ဝက်သားချဥ် (၃) မျိုး’ ပြန်ရတယ်”

“ဟယ်လို... ဟယ်လို၊ အဘ ကြားလား အဘ”
“ငွေရပေါက် ဒီလောက်ပိတ်နေချိန်မှာ ဝက်သားချဥ် (၃) မျိုးကို သိန်းတစ်ရာဖိုးဝယ်ရအောင် ငါက xxxxx ရူးလား၊  မင်းတို့လစာထဲက အကုန်ပြန်ဖြတ်မယ်၊ မပြည့်ရင် စစ်ကိုင်းပို့ပစ်မယ်၊ ကချင်၊ ကယား၊ ကရင်၊ ချင်း ပို့ပစ်မယ်၊ ပြီးတော့ အသက်အာမခံကြးတွေမပေးပဲ အကုန်ပြန်ယူမယ်”

လိုဏ်ဂူထဲရောက်နေလို့လား၊မိုင်တဲလ်တာဝါတိုင်တွေ ဟိုနေရာပြို၊ဒီနေရာပြိုဖြစ်နေလို့လားမသိ၊ သူ့တပည့် တွေတဖက်ကပြောနေတာ သာဝကောင်းကောင်းမကြားရ၊ နားလည်လိုက်တာက သိန်းတစ်ရာကုန်ပြီး ဝက် သားချဥ်(၃)မျိုး ပြန်ရသလိုလို၊ ဘာလိုလို မသဲမကွဲမို့ သာဝ အကြီးအကျယ်ပေါက်ကွဲနေပါတော့တယ်။ ဒေါသထွက်ထွက်နဲ့ ပြန်လမ်းမရှိတဲ့နေရာတွေပို့ပစ်မယ်လို့ ပြောလိုက်ပြီးမှ တပြည်လုံးနီးပါး ဘယ်နေရာပို့ပို့ အသက်နဲ့ကိုယ် အိုးစားကွဲဖို့ချည့်ဆိုတာ သတိပြုမိလို့ သာဝတစ်ယောက် အတော်ကျောချမ်းသွားပါတယ်။

မဒမ်သာဝက ဝင်လာတဲ့မက်ဆေ့ချ်တွေ ဖတ်ပြီးတော့ သဘောပေါက်သွားလို့၊ သာဝကို အကျိုးအကြောင်းရှင်း ပြလိုက်ပါတယ်။ သိန်းတစ်ရာဖိုး ‘ဝက်သားချဥ် (၃) မျိုး’ ဝယ်တာမဟုတ်ရကြောင်း၊ ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ သိန်းတစ်ရာလှူလို့ အဖြူရောင်မင်းသမီးကြီးက ‘ဝမ်းသာခြင်း (၃) မျိုး’ ဆိုတာကို ပြောလိုက်တာဖြစ်ကြောင်းပေါ့။ ဒါနဲ့သာဝလည်း စိတ်ပြေသွားပြီး၊ ပြည်သူတွေက အဲသလိုလှူတာကို ဖေစ့်ဘွတ်ပေါ်မှာ ဘယ်လောက် ‘လိုက်’ လိုက်ကြသလဲလို့ သိချင်စောနဲ့ မေးပါတယ်။ မဒမ်သာဝက ဘယ်လောက် ‘လိုက်’ သလဲတော့မသိဘူး။ အဖြူရောင်ဆိုဗီယက်ပြန်ကြီးကတော့ ကြော်ညာတွေပေါ်က ပျောက်သွားပြီလို့ ပြန်ပြောတယ်။ ငါ့ကိုဆိုရင် အစိမ်းရောင်ရုရှားပြန်ကြီးလို့ လူတွေက ခေါ်ဝေါ်ကြမလားလို့ သာဝစဥ်းစားလိုက်သေးတယ်။

ပြီးတော့သာဝတစ်ယောက် အတွေးကမ္ဘာဆက်ပတ်မိနေတယ်။ အခုရက်ပိုင်း သူ့အနေအထားကို သူပိုသဘောပေါက်လာတယ်။ မကြာခင်ကပေါ့၊ ခရိုနီ ခရိုစိမ်းတွေကို အလှူငွေ ဘယ်ရွေ့ ဘယ်မျှထည့်ကြ၊ သာဝကို လှူနေတဲ့ပုံ လူစည်ကားတဲ့နေရာတွေမှာ ဘေလ်ဘုတ်တွေနဲ့ ဆိုင်းဘုတ်ထောင်ပေးမယ်ပြောလိုက်တာ ဖြစ်မလာခဲ့ဘူး။ ဖြစ်မလာဘူးဆိုတာ ဘေလ်ဘုတ်ကိစ္စကို ပြောတာပါ။ မလှူတာ မဟုတ်ပါဘူး။ သာဝနဲ့ နှစ်ယောက်တွဲပုံတွေ ဘေလ်ဘုတ်မထောင်လိုက်ဖို့ တိုးလျှိုးတောင်းပန်လွန်းလို့၊  ဘေလ်ဘုတ်မလုပ်တော့ဘူးဆိုလိုက်တော့မှ ပိုပြီးတောင်လှူသွားသေးတယ်။ သာဝနဲ့တွဲအမြင်ခံရမှာများ သူခိုး၊ ဓါးပြ၊ လူလိမ်၊ လူယုတ်မာ၊ လူသတ်ကောင် အော့ကြောလန် ကြိုးစင်တက်ရမယ့် ရာဇဝတ်သားနဲ့ တွဲရိုက်ခံရတယ်လို့များ ထင်နေကြသလားပဲ။ ခက်ကြပုံက။

အဲဒီထက်ပိုခက်တာက ဖမ်းထားတဲ့လူ (၅) ထောင်ကျော်လွှတ်ပေးတော့လည်း ကျေးဇူးမတင်ကြ၊ သာဝနဲ့ သာဝရဲ့အမာခံ (၅) ထောင်ကျော် နေရာလပ်သွားတဲ့ထောင်ထဲ ပြန်ဝင်ပေးမှ နည်းနည်းပါးပါး ဝမ်းသာပေးမတဲ့။ အပြည့်အဝ ဝမ်းမသာပေးတာက ကြိုးမိန့်ကျသင့်သူတွေ မကျသေးပဲ ထောင်ထဲရောပြီး အချုပ်ခံရမှာမို့လို့တဲ့။ တကယ်တမ်းက အမာခံအရေအတွက် အဲ့သလောက်တောင်မကျန်လေတော့၊ အကောင်းဖက်ကတွေးကြည့်ရင်တော့ သာဝတို့ ချောင်ချောင်ချိချိ နေကြရတာပေါ့။ တချိန်မဟုတ် တချိန်ထောင်ထဲဝင်ရမယ်ဆိုတာကိုတော့ သာဝကသိပြီးသား။ ဒါ့ကြောင့်မြေအောက်ရထားလမ်းအကြောင်းပြပြီး မြေအောက်ကနေ ဥမင်တူး ထောင်ဖေါက်ထွက်ပြေးဖို့ အဆင့်မြင့်နည်းပညာတွေ ပြည်သူ့ဘဏ္ဏာနဲ့ ဝယ်ပြီး လေ့လာဖို့ ပြင်နေတာပါ။ ထဲထဲဝင်ဝင် ကျွမ်းကျွမ်းကျင်ကျင် မသိရသေးခင်မှာတော့ အထဲမဝင်ချင်သေးဘူးလို့ ဆက်တွေးနေမိတယ်။
ဒီအတိုင်းနေလို့တော့ မဖြစ်တော့ဘူး၊ ကိုယ့်ပုံရိပ်ကို အတတ်နိုင်ဆုံးပြောင်းဖို့လိုတယ်၊ ပြည်သူတွေကိုလည်း ချော့မော့ဖို့ကြိုးစားရမယ်လို့ သာဝစိတ်ကူးလိုက်တယ်။ သာဝတို့တကျောင်းတည်းထွက် စီနီယာတွေကတော့ မဟုတ်တာအားလုံး အားရပါးရလုပ်ပြီးသကာလ ပင်စင်ယူ၊ ပြီးတော့မှ တလျှောက်လုံး ရိုးရိုးသားသားနဲ့ သမာသမတ်ကျကျ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေး၊ တိုင်းရင်းသားချစ်ကြည်ရေးတွေ လုပ်လာသူခဲ့များအဖြစ် ကိုယ်လုပ်ခဲ့သမျှပြောင်းပြန် စာအုပ်ပြန်ရေးကြပြီး သူတို့ပုံရိပ်ကို ပြောင်းလေ့ရှိကြတယ်။ ဒါ့ကြောင့် ယုံကြတာ မယုံကြတာ အသာထား၊ တခြားနည်းလမ်းကမရှိတော့ သာဝလည်း ကလောင်ကိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီမှာပဲ သာဝတစ်ယောက်အခက်တွေ့ပါတော့တယ်၊ ဘာကစလို့ ဘာကိုရေးရမှန်းမသိလေတော့ တက္ကသီလာမှာ မြန်မာစာပြခဲ့ဖူးတဲ့ မဒမ်သာဝကိုအကူအညီတောင်းရပါတယ်၊ မဒမ်သာဝက စာစမရေးခင် စာများများဖတ်ဖို့လိုကြောင်း၊ ကိုယ်သဘောကျတဲ့ စာရေးဆရာများရဲ့ အရေးအသားကို အတုယူရမှာဖြစ်ကြောင်းတို့ ကိုပြောလာပါတယ်။ ပြီးတော့ နံမည်ကြီးတဲ့ မြန်မာစာရေးဆရာများရဲ့စာအုပ်တွေကို ယူလာပြကာ ဘယ်စာအုပ်ကို ကြိုက်သလဲ၊ ဘယ်စာရေးဆရာကိုသဘောကျသလဲ မေးပါတော့တယ်။

မှန်တာပြောရရင် သာဝအတော်ကြီး စိတ်ဓါတ်ကျသွားပါတယ်။ သာဝရဲ့ အတွေးအခေါ် အမူအကျင့်တွေကို တွေ့မြင်ပြီးတဲ့ မြန်မာပြည်သူများကတော့ သာဝ စာမဖတ်တဲ့အကြောင်း အခုသိရတာ ဘာမှမဆန်းဘူးလို့ ပြောကြမှာပါ။ တစ်အုပ်ပြလည်းမသိ၊ နောက်တစ်အုပ်ပြလည်းမသိ ဖြစ်ဖန်များတော့ လင်မယားချင်းတောင် သာဝ ရှက်ချင်သလိုလို ဖြစ်လာပါတယ်။ ဒါနဲ့ ခပ်တည်တည် မဒမ်သာဝပြလိုက်တဲ့ စာအုပ်တစ်အုပ်ကိုယူပြီး ဒီ စာရေးဆရာ နှစ်ယောက်လုံးသိတယ်” လို့ ပြောလိုက်ပါတယ်။ စိတ်ကုန်စပြုလာတဲ့ မဒမ်သာဝက လေသံမာမာနဲ့ ဘာနှစ်ယောက်လုံးသိတာလဲလို့ ဆိုလိုက်တော့မှ၊ သူစကားမှားသွားတာရိပ်မိသွားတဲ့ သာဝက ကပျာကယာနဲ့ “ဒို့နှစ်ယောက်လုံးသိတဲ့ စာရေးဆရာလို့ပြောတာပါ” လို့ ရောချလိုက်တယ်။

ဖြစ်ပျက်သွားတာကို သိရရင်‌တော့ ဒီလောက်ညံ့ဖျင်းတဲ့ကောင် အုပ်ချုပ်တာမခံချင်လို့ ဆန့်ကျင်တိုက်ပွဲဝင်နေကြတာ မှန်လိုက်လေခြင်းရယ်ဆိုပြီး ကိုယ့်ကိုယ်ကို ပိုချီးမွမ်းလာမိကြမှာပါ။ ဒီလိုပါ စာဖတ်သူများသိကြတဲ့ အတိုင်း သာဝဟာ ဗေဒင်ယတြာတွေ ယုံကြည်လိုက်စားသူဆိုတော့ ဗေဒင်လောကမှာ နာမည်ကြီးခဲ့တဲ့ ဆရာ ဒဂုန်ကိုကြားဖူးပါတယ်၊ဒေါ်စိန်အေးကျောင်းဆင်းဆိုတော့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တာရာကိုလည်း သိတာပေါ့။ ဒါပေမယ့် သူ့စိတ်ထဲဝေခွဲမရဖြစ်သွားတာက ဗေဒင်စာအုပ်တွေရေးတဲ့ ဆရာဒဂုန်နဲ့ အမဲလိုက်မုဆိုးဝတ္ထုတွေနဲ့ နံမည်ကျော်ခဲ့တဲ့ ဗိုလ်တာရာ ဘယ်အချိန်ကများ နှစ်ယောက်တွဲပြီး ဘယ်လိုစာအုပ်မျိုးများရေးခဲ့ကြလေသလဲ ဆိုတာကိုပါ။ မဒမ်သာဝမေးသမျှ မသိဘူး၊ မသိဘူးဖြေလာရတာများလာပြီမို့ ဆရာဒဂုန်တာရာရဲ့စာအုပ်ကိုထိုးအပြ၊ ဝမ်းသာအားရနဲ့ ‘နှစ်ယောက်လုံးသိတယ်’ လို့ ပြောမိတာဖြစ်ပါတယ်။ နောက်တော့မှ မဒမ်သာဝအရိပ်အကဲကို ကြည့်ပြီး သူ့စကားကို အမှားပြန်ပြင်လိုက်တာပါ။ တကယ်တော့ သာဝဆိုတာ ဆရာကြီးဒဂုန်တာရာကိုတောင် မသိရလောက်အောင် ထူနထုံထိုင်းလှသူတစ်ယောက်ပါ။ 

အတိုပြောရရင် ဒီလိုနဲ့ သာဝ ဆရာဒဂုန်တာရာရဲ့ စာအုပ်တွေ ဆက်ဖတ်မိသွားပါတော့တယ်၊ဆရာကြီးရဲ့ အရေးအသားအဖွဲ့အနွဲ့ကို တခဏဖတ်ရှု့မိရုံနဲ့တင် သာဝတယောက် အတော်သဘောကျသွားတာကိုတော့ ရှင်းပြစရာမလိုပေ။ သာဝအကြိုက်ဆုံးက ‘မေ’ ဝတ္ထုရဲ့ အဆုံးသတ် “အကောင်းကိုရှာ၏ အကောင်းကားမရှိတော့” ဆိုတဲ့စာကြောင်းကိုပါ၊ ခဏ ခဏ ပါးစပ်ကလိုက်ရွတ်ရင်း ရေးတတ်လိုက်လေခြင်းပေါ့။ သူ့ဘဝကို ထင်ဟပ်လေတဲ့စာသားလို့တော့ မတွေးတတ်မိခဲ့။ ဒါဟာ သူစာရေးရင် မှီငြမ်းရမယ့် အရေးအသားဆိုပြီး အသေအချာ ကူးထားလိုက်ပြန်ပါတယ်။ ‘ရုပ်ပုံလွှာ’ စာအုပ်ထဲက ခေါင်းစဥ်တစ်ခုကိုလည်း အတော်လေးသဘောကျမိလို့ တစ်ချိန်ကျရင် ထုတ်‌ဝေမယ့် ပြည်သူတွေကို ပြန်ချော့ဖို့စာအုပ်အတွက် ကိုးကားရမယ့်ခေါင်းစဥ်ဆိုပြီး တိတ်တိတ်လေး မှတ်ထားလိုက်ပါသေးတယ်။ မဒမ်သာဝက စာအုပ်စပြီးမရေးနဲ့အုံး၊ ဆောင်းပါး အရင်စရေးကြည့်လို့ ညွှန်ကြားထားတယ်လေ။ ပြီးတော့ခေတ်စံနစ်ကို ထင်ဟပ်တဲ့ စာတွေရေးသားနိုင်ဖို့အတွက်လူထုကြားသွား လာပြီး စနည်းနာရမယ်တဲ့။

သာဝအတွက် ရပ်ထဲရွာထဲ သွားဖို့ဆိုတာက တကယ့်ကိုပြဿနာပါ။ မဒမ်သာဝပြောသလို လိုက်မလုပ်လို့လည်းမဖြစ်ဆိုတော့ ပူတာအိုထက် ပိုပြီးလုံခြုံစိတ်ချရတဲ့ ရွာလေးတရွာကိုရွေးပြီး ကြည်း၊ ရေ၊ လေ အင်အားစုံချကာ သာဝတစ်ယောက် ရုပ်ဖျက်ပြီးသွားပါတော့တယ်။ သာလွန်မင်းကြီးနဲ့အဆက်အစပ်ရှိသလိုလို မြှောက်ပင့်ခံထားရတဲ့သာဝ၊ ညည သူပြန်ဖတ်နေကျ မူလတန်းဖတ်စာအုပ်ထဲက သာလွန်မင်းတရားကြီး တိုင်းခန်း လှည့်လည်ပြီး ထမင်းရည်သွန်တဲ့ကိစ္စ ဆုံးမတာကို ခေါင်းထဲပြန်ပေါ်လာပါတယ်။ သာလွန်မင်းတရားကြီးလိုပဲ ထမင်းရည်သွန်တဲ့သူတွေ့ရင် ပြောမယ်၊ ဆူမယ်၊ ဆုံးမမယ်ပေါ့။ ဖြစ်ချင်တော့ ရွာထဲမှာ ထမင်းရည်သွန်သူ တယောက်တလေမှ ရှာမတွေ့ဘူး။ ဒါနဲ့ သာဝလည်းမနေနိုင်လို့ အိမ်ရှေ့ထွက်ထိုင်ပြီး စကားဝိုင်းဖွဲ့နေတဲ့ ရွာခံအဖိုးအဖွားတွေကို “ဒီရွာမှာ ထမင်းရည်သွန်တဲ့သူများ မတွေ့မိဘူးလား” လို့ မေးလိုက်သတဲ့။ အဲဒီမှာပဲ အားလုံးကဝိုင်းပြီး “ဟိုအကောင် xxxxx ရူးထပြီး အာဏာထသိမ်းကတည်းက ထမင်းရည်သွန်ဖို့ နေနေသာသာ၊ ထမင်းရည်သောက်ဖို့တောင် အနိုင်နိုင်” လို့ အစချီပြီး “မအလ...သခဆ...ကမကလ...ဒဝဒ...ခမသ...သတစ... မအလ” ဆိုကာ အားပါးတရ မိုးမွှန်အောင် ဆဲဆိုကြပါတော့တယ်။သာဝရုပ်ဖျက်ထားလို့ မသိကြတာလား၊  အဖိုးအဖွား လူကြီးအရွယ်များဆိုတော့ နိုးဂရုဆိုပြီး သိသိချည်းနဲ့တမင်ဆဲကြတာလားဆိုတာကတော့ ဘယ် သူမှမပြောနိုင်ပါဘူး။

ခပ်လှမ်းလှမ်းကပါလာကြတဲ့ နောက်တော်ပါများလည်း ဘာလုပ်ရမှန်းမသိ ဖြစ်သွားပေမယ့်၊ သာဝတစ်ယောက်က ထူးထူးခြားခြား မျက်နှာတချက်တောင်မပျက်ပါဘူး။ ဆဲဆိုနေသူတွေကိုတောင် ကျေးဇူးတင်တဲ့အမူအရာနဲ့ ခပ်သုတ်သုတ် ပြန်လာပါတော့တယ်။ လိုဏ်ဂူထဲရောက်တာနဲ့ စားပွဲမှာထိုင်ပြီး စာစရေးဖို့ပြင်ပါတယ်။ ကြည့်စမ်း မဒမ်သာဝပြောတာမှန်လေသားပဲ။ လူထုကြားဆင်းတာနဲ့ ‌ခေတ်စံနစ်ကို ထင်ဟပ်တဲ့ စာပေ ကုန်ကြမ်းတွေ ရတော့တာပဲလို့ ဆိုလိုက်သေးတယ်။ ဒါပေမယ့် အချိန်ကြာကြာထိုင်နေလည်း စာတစ်လုံးတောင် ရေးမချနိုင်ပါဘူး။ ဒီလိုနဲ့ ပြန်ထ လိုဏ်ဂူထဲမှာ အရှေ့ကနေ အနောက်၊ တောင်ကမြောက် လမ်းလျှောက် ရင်း စဥ်းစားနေလေရဲ့။ ပြန်ထိုင်ပြန်ထ၊ပြန်ထပြန်ထိုင်နဲ့ ညစာတောင်လွတ်သွားသတဲ့၊ သန်းခေါင်ကျော်လို့ အိပ် ရာဝင်ခါနီးမှ ခေါင်းထဲခုန်ပေါက်ဝင်လာတဲ့ အိုင်ဒီယာကို အမိအရဖမ်းပြီး ရေးသားခြင်းအမှု့ကို ပြုလေပါတော့တယ်။
သာဝတစ်ယောက် သူရေးလိုက်တဲ့ တစ်ကြောင်းတည်းသောစာသားကို အပြန်ပြန်အလှန်လှန် ဖတ်ကြည့်ကာ အတော်သဘောကျနေပါတယ်။ ဆရာကြီးဒဂုန်တာရာရဲ့အရေးအသားကို မှီငြမ်းထားတဲ့အတွက် စာရေးသားဟန်ကလည်း ပြောစရာမရှိ၊ လူထုထဲ ကွင်းဆင်းရေးသားထားတဲ့အတွက် အချက်အလက်ကလည်း ခေတ်စံနစ်ကို ထင်ဟပ်နေလေရဲ့၊ စာပေပါရမီ ဒီလောက်ရှိတာ အသိနောက်ကျရလေခြင်းပေါ့။ အရင်ကတည်းကများ သိခဲ့ရရင်၊ ဆောင်းပါးတစ်ပုဒ် စာတစ်အုပ်လောက်ရေးပြီး မြို့တော်ခန်းမမှာလုပ်တဲ့ သက်ကြီးစာပေ ပညာရှင် များပူဇော်ပွဲမှာ အကန်တော့ခံဖြစ်ခွင့် ကြုံခဲ့လိုက်ရမှာ၊အင်းလေ အခုလည်းပူဇော်ပွဲကို နေပြည်တော်မှာနေရာ ပြောင်းပြီး  အစိုးရသက်သေအဖြစ် လာထွက်ဆိုတဲ့နေ့နဲ့ တိုက်ဆိုင်ပြီး လုပ်လိုက်ရင်လည်းဖြစ်သားပဲဆိုပြီး တောင်စဥ်ရေမရ ဆက်တွေးနေပါတယ်။ ပြီးတော့ ပါးစပ်ကလည်း ‘အပိုအလို မရှိကွက်တိပါပဲ ”မေ” ဝတ္ထုကို ဆရာကြီးအဆုံးသတ်ထားသလိုမျိုး’ လို့ဆိုကာ၊ နာရီပေါင်းများစွာအချိန်ယူရေးသားထားတဲ့ သူ့လက်ရာကို အသံထွက်ပြီး ပီတိအပြည့်နဲ့ ဖတ်လိုက်တာကတော့ “ထမင်းရည်ကိုရှာ၏ ထမင်းရည်ကားမရှိတော့” ဆိုပါသတဲ့။ ခေတ်စံနစ်ကို ဒီထက်ထင်ဟပ်ပေါ်လွင်အောင် ဘယ်သူများရေးနိုင်မှာလဲလို့လည်းပြောလိုက်ပါသေး တယ်။

သာဝရဲ့ကလောင်စွမ်းကို တွေ့မြင်ရပြီးတဲ့သကာလ နဂိုကတည်းကမှ ဒီခေတ်ဒီကာလမှာ ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေတဲ့ မြန်မာ့စာပေလောကအတွက်၊ ရတက်မအေး ရင်လေးနေကြတဲ့ စာချစ်သူများ မျက်ရည်ရစ်ဝဲစပြုလာပြီလို့ ထင်ပါတယ်။ ဒီလိုဆိုရင်တော့ ထိန်းမနိုင်သိမ်းမရ မျက်ရည်များ  ဒလဟော ထပ်မံကျလာစေဖို့အ တွက် လူထုခေါင်းဆောင်ကို ချစ်ခင်လေးစားကြတဲ့  ပြည်သူအပေါင်းကို ပြန်လည်ချော့မော့ဖို့ ရည်ရွယ်ထားတဲ့။ သာဝရဲ့ ဘယ်အချိန်မှာပြီးဆုံးမယ် မသိနိုင်သော စာအုပ်ခေါင်းစဥ်နဲ့ မိတ်ဆက်ပေးလိုပါတယ်။ ဆရာဒဂုန်တာရာရဲ့ ရုပ်ပုံလွှာထဲက “အောင်ဆန်း (သို့မဟုတ်) အရိုင်း“ ဆိုတဲ့ခေါင်းစဥ်ကို ခပ်တည်တည်နဲ့ မှီးထားပုံက “အမစု (သို့မဟုတ်) အယဥ်” တဲ့။ ကဲ မြန်မာစာပေချစ်သူများ ရွှေရင်ဆို့တက်ပြီး မျက်ရည်ဖြိုင်ဖြိုင်မှ ကျလာပါလေစ။

ဆားပုလင်းသာပိန်


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar