Breaking News

မစ္စတာဟွန်ဒါ - '' မကသ သို့မဟုတ် အပြာရောင် ကကတစ် ''


'' မကသ သို့မဟုတ် အပြာရောင် ကကတစ် ''
(သိုင်းကျူးမစ္စတာဘုရှ် အိုင်လပ်ဖ်ယူ သရီးဒေး)
မစ္စတာဟွန်ဒါ
အောက်တိုဘာ ၂၂၊ ၂၀၂၁

ဂျော့Wဘုရှ် ပြောတာသတိရတယ် 
"ကျနော်တို့ဟာ ကမ္ဘာကြီးပေါ်မှာ နေထိုင်ရတာမှာ ငါးတွေနဲ့အတူနေထိုင်ရတာ အဆင်ပြေပါတယ်" တဲ့  
ဒီမှာကျနော်စဉ်းစားတယ် ...
ဒါပြောတုန်းက 9/11 ပြီးခါစ။ ဆိုတော့ တာရားရစ်စ် ကိစ္စပဲ။ ပြောချင်တာက ငါးတွေက သူတို့ကိုသေနတ်နဲ့မပစ်ဘူး။ စူပါမားကက်မှာ ဗုံးမထောင်ဘူး။ အနုမြူဗုံးမထွင်ဘူး၊ ခြတွေလို သူတို့အိမ်တွေကိုမစားဘူး၊ ခြင်တွေလိုမကိုက်ဘူး။ ကျားတွေလိုလဲ ခင်ဗျားကိုမခုန်အုပ်ဘူး။ ပြီးတော့ ခင်ဗျားက သူတို့ကို အလှမွေးကန်ထဲထည့် အာသာဖြေတယ်။ ဘော်လုံးကလေးကိုနူတ်သီးနဲ့ တော့ခိုင်းတယ်၊ ခင်ဗျားငါးမျှားချိတ်မှာ သူတို့ပါးဟက်ကြီးချိတ်ပြီးပါလာရင် ခင်ဗျားပျော်တယ်။ တချို့ဆိုသူတို့မျှားလို့မိတဲ့ငါးနဲ့ ဆယ်လဖီရိုက်ပြီး လိူင်းပေါ်တင်တယ်။ ငါးတွေဟာ များသောအားဖြင့် ခံဘက်ကချည်းပဲ။ မိုးပေါ်ကငှက်တွေကလဲ သူတို့ကိုစားတယ်။ ကြံ့တွေ မြွေတွေ ဗျိုင်းတွေကလဲ သူတို့ကိုစားတယ်။ ဒါပေမဲ့ သူတို့ဒါကို ဘာမှကွန်ပလိန်းမတက်ဘူး။ ငါးတွေအားလုံး စုပြီး ဗျိုင်းတွေကိုတော်လှန်မယ်ဘာမယ် မလုပ်ဘူး။ ဗျိုင်းတွေကို ချောင်းရိုက်ဘို့လဲမစဉ်းစားဘူး။  အန်ဒီဝါးဟိုးပြောသလို အနုပညာပစ္စည်းတွေလုပ်ဖို့ စဉ်းစားမနေပါနဲ့တဲ့။ လုပ်သာလုပ်ပစ်လိုက်ပါ တဲ့။ သူတို့ကြိုက်တယ်မကြိုက်ဘူး။ ကောင်းတယ်မကောင်းဘူး သူတို့ဘာသာသူတို့ ဆုံးဖြတ်ကြလိမ့်မယ်။  အေးအဲဒီလို ဆုံးဖြတ်နေတုန်း ကိုယ်က နောက်ထပ်အနုပညာတွေထပ်လုပ်လိုက်ပါတဲ့ ငါးတွေက အစုလိုက်အပြုံလိုက် အမြဲမွေးနေတာပဲ ဘာမှဂရုစိုက်မနေဘူး။ အနစ်နာခံတယ်ဘာညာလဲတွေးမနေဘူး။ ကုသိုလ်ရတာပေါ့ဆိုပြီးလဲ သောက်ပိုတွေနဲ့ ဖြေသိမ့်မနေဘူး။ ငါးတွေဟာ လူတွေနဲ့တင်မဟုတ်ဘူး တခြား ဘယ်အကောင်ကိုမှပြဿနာသိပ်မရှာဘူး။ ဘယ်နှစ်ခါ ငါးတွေက ခင်ဗျားကြက်ကိုခိုးပြီးချက်စားတယ်ကြားဖူးလို့လဲ။ ဘယ်မြင်းကို ဘယ်နွားကို ရန်လုပ်ဖူးလဲ။  
လူတွေကတော့ ငါးကိုကမ္ဘာဦးကတည်းက စားလာကြတာ ဘယ်သူမှ "အတူတကွ နေထိုင်ခြင်း အကောင်းဆုံးဆုရ ငါးများ" "လူသားအကျိုးအပြုဆုံးအကောင် " ဘာညာ ဘယ်နှစ်ခါ ပြောဖူးလဲ။ ငါးကြီးဆီ၊ ငါးလေးအိုးကပ်၊ ငါးသံပုရာပေါင်း၊ ငါးကြင်းမြှီးသုံးရောင်ခြယ်၊ ငါးညံ့အူ၊ ကကတစ်ခေါင်း၊ တူနာဆလပ်၊ ငါးသေတ္တာသုပ်၊ ငါးမန်းတောင်ဟင်းချို၊ ကာဗီးယားငါးဥ၊ ငါးသလောက်ဆီပြန်၊  ဂျက်ငသလဲထိုး ... အစုံပါပဲ။ တနေ့တနေ့ ဘယ်လိုငါးရမလဲ ဒါပဲစဉ်းစားနေကြတာရှိသေးတယ်။ လူတွေဟာ ငါးတွေသတ်ရင် တခြား နွားတွေဆိတ်တွေသတ်သလို အကုသိုလ်မဖြစ်ဖူးတောင်ထင်ကြတယ်။ ခုတ်ရတာလဲလွယ်တယ်လေ။
ကမ္ဘာကြီးပေါ်မှာ ငါးတွေနဲ့အတူနေထိုင်ရတာ ပျော်ပါတယ်တဲ့။ သူတို့က တနင်္ဂနွေလိုပိတ်ရက်မနက်ခင်းတွေမှာလဲ ခင်ဗျားနားငြီးအောင် လော်စပီကာနဲ့ မအော်ဘူး။ အုတ်နီခဲလောက်ရှိတဲ့ပိုက်စံအိပ်ကြီးတွေချိုင်းကြားညပ်ပြီး လက်ကြီးတကားကားနဲ့ စားသောက်ဆိုင်ထဲမှာ ခင်ဗျား မျက်စိနောက်အောင်မလုပ်ဘူး။ 
ဟိုလူ့ကို ရှုတ်ချတာ၊ ဒီလူ့ကိုလျှာနဲ့ယက်တာမလုပ်ဘူး။ သူများတွေစားနေသောက်နေတုန်း လူကြားသူကြား သလိပ်မခတ်ဘူး။ လူများမင်္ဂလာပွဲမှာ ချောင်းတဟွတ်ဟွတ် လာဆိုးမနေဘူး။ ငါးတွေဟာ အများသိစာရေးဆရာလုပ်ပြီး ခြောက်တန်းကျောင်းသားပို့စ်တွေတင်သလိုလဲ ငါးတွေကမတင်တတ်ဖူးဘူး။ ငါးတွေက Like မရလဲ ခေါ်တဲ့နေရာလိုက်တာပဲ။ 
ငါးတွေဟာ တကယ့်ရာဇဝင်ထဲက အဓိကဇာတ်ကောင်တွေဖြစ်တယ်။ ကြက်မစား ဝက်မစား  အမဲမစားတွေအတွက် ငါးဟာ ဘုံထုတ်ထားတဲ့ စည်းဝိုင်းပဲ။ "ဒါက ငါးလေ " လို့ပြောလိုက်ရင်ပဲ ဘာမှဆက်ပြောစရာမလိုအောင် ငါးတွေရဲ့သမိုင်းကြီးမားခဲ့တယ်။
ငါးတွေဟာ ဘာဝါဒညာဝါဒမရှိဘူး။ စော်ပြဿနာ ဘဲပြဿနာ၊ အရက်တုပြဿနာ၊ ပိုက်ဆံမရှိတဲ့ပြဿနာ၊ အာဏာလိုချင်တဲ့ပြဿနာ ဘာမှမရှိဘူး။ နားလဲမငြီးဘူး။ သူတို့ကြောင့်လဲကမ္ဘာကြီးပိုပူမလာဘူး။ 
ငါးမျှားရင်းမိတ်ဆွေတွေဖြစ်သွားကြတာပဲကြားဖူးတယ်။ ငါးမျှားရင်းတယောက်နဲ့တယောက် ရိုက်ကြလို့ကြားဖူးလို့လား။ 
အိုင်ဒီယာတွေဟာ ငါးတွေနဲ့တူသတဲ့၊ ရေတိမ်တိမ်မှာ ငါးသေးသေးလေတွေပဲရှိသတဲ့၊ တကယ့် ကြီးမားလှပလေးနက်တဲ့ငါးတွေက ရေနက်နက်ထဲမှာပဲရှိသတဲ့။
လူတွေဟာလေ သူတို့စားတဲ့အကောင်တွေကိုသူတို့ချိတ်ချိတ်ထားကြသလို ငါးတွေရဲ့အနေအထိုင်ကိုလဲ ဘဝထဲညှပ်ညှပ်သုံးကြပြန်သေးတယ်။ ဘင်ဂျမင်ဖရင်ကလင်ကဘာပြောသလဲသိလား " ဧည့်သည်ဆိုတာ ငါးလိုပဲတဲ့ ၃ ရက်လောက်ကြာရင် အနံ့ထွက်လာရောဆိုပဲ" ဒါသမ္မတတစ်ယောက်ရဲ့ မှတ်ချက်ပေါ့ ဗျာ။ 
ကျနော်အိပ်မက်ထဲမှာ ငါးတွေထမ်းပြန်လာတဲ့အကြောင်းပြောဖူးတယ်။ တကယ်တော့ ငါးတွေကအိပ်မက်တွေထမ်းလာတာနေမှာပါ။
ငါးတွေရဲ့အမြင်မှာတော့လူတွေအားလုံးဟာအတူတူပါပဲ။ ဆင်းရဲတယ်ချမ်းသာတယ်၊ ချောတယ် လှတယ်၊ ကျော်ကြားတယ် ဘုသီးကြီးတယ်။ ခြေထောက်လှတယ်။ သွားပေါက်ပုံ ညံ့တယ် ဘာတယ်ညာတယ်မရှိပါဘူး။ အားလုံးသူတို့ကိုစားမှာပါပဲ။
ရေကန်ထဲချော်ကျတာကိုကံဆိုးတယ်လို့မထင်ပါနဲ့တဲ့။ ခင်ဗျားဘောင်းဘီအိပ်ကိုစမ်းကြည့်လိုက်တဲ့အခါ ငါးတစ်ကောင်မိနေတာတွေရမှာဖြစ်ပါတယ် တဲ့။
ဂလိုရီယာစတိန်မန် ပြောတာသွားသတိရတယ် " ယောက်ကျားမရှိတဲ့မိန်းမတယောက်ဟာ စက်ဘီးမရှိတဲ့ငါးတကောင်လိုပဲ" တဲ့ ဒါဟာ သူမိသွားတဲ့ငါးတစ်ကောင်ပေါ့။
ငါးတွေဟာ လျပ်စစ်မီးမလိုဘူး 
ခေါင်မိုးတွေ နံရံတွေလဲမထွင်ဘူး
ခင်ဗျားစားကောင်းအောင် သူတို့အသားတွေကိုအမြဲမပြတ် ကူးခတ်နေတယ်။
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar