Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၂၁ ရက်မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၂၁ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၂၁

တဖက်မှာလွှတ်နေရင်းနဲ့ တဖက်မှာ ဖမ်းနေတဲ့စစ်ကောင်စီရဲ့ ဗျူဟာ

၁၈ ရက်နေ့ နိုင်ငံရေးသဘောထားကွဲလွဲမှု၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြသူတွေကို ပြစ်ဒဏ်ကျပြီးသူရော မကျသေးတဲ့သူပါ ၅ ထောင်ကျော် လွှတ်မယ်လို့ အမိန့်စာနဲ့ ထုတ်ပြန်ကြေညာ ခဲ့ပေမယ့် အမှန်တကယ် အောက်တိုဘာ ၂၀ ရက်ထိ လွှတ်ပေးခဲ့တဲ့ အရေအတွက်က ၂၆၀၀ ဝန်းကျင်သာရှိသေးတယ်လို့ သတင်းတပုဒ်က ဆိုပါတယ်။

တဖက်မှာလည်း လွှတ်မယ်လို့ ထောင်ထဲက စာရင်းနဲ့ ခေါ်ထုတ်လာပြီး ထောင်ဝရောက်မှ ပြန်ဖမ်းသူတွေ၊ အိမ်ရောက်ပြီးမှ ပြန်ဖမ်းသူတွေ ၁၀၀ ကျော်ရှိနေတယ်လို့ အေအေပီပီက စာရင်းကောက်ယူထုတ်ပြန်ထားပါတယ်။ အခုလို ရှေ့နောက်မညီတဲ့ ကြေညာချက်နဲ့ လက်တွေ့ ကွဲလွဲနေတာ ဆန့်ကျင်နေတာဟာ စစ်ကောင်စီထဲမှာ အစိုးရတရပ်ဆိုတဲ့ ဖွဲ့စည်းမှုမျိုး ပျက်ပြားနေပြီလား၊ သို့မဟုတ် ခေါင်းဆောင်ပိုင်းမှာပဲ အယူအဆ လုပ်ပုံကိုင်နည်း သဘောထားကွဲလွဲမှုတွေကို အခုအဖြစ်အပျက်က သက်သေပြသလို ဖြစ်နေသလား လို့ တွေးစရာပါ။

ဒီလွှတ်ပေးမယ့် အစီအစဥ်ကို နေ့ချင်းညချင်း လုပ်တာမျိုးမဟုတ်ပဲ စက်တင်ဘာလကတည်းက ပြည်ထဲရေးဌာနလက်အောက်က အကျဥ်းဦးစီးက ကောက်ယူပြုစုနေနှင့်ပြီး ဖြစ်တယ်လို့ လွတ်လာတဲ့ သူတချို့ပြောဆိုချက် အရ သိရပါတယ်။
အဲဒီလို စာရင်းတွေပြုစုပြီးနောက် စစ်ကောင်စီ ခေါင်းဆောင်က သီတင်းကျွတ် နဲ့အချိန်ကိုက်လွှတ်မယ့် အရေအတွက်ကို ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ သတင်းတပ်ဖွဲ့တွေ ရဲတွေက နောက်တွဲမယ့် အမှုရှိမရှိ၊ နောက်တိုးစွဲဆိုမယ့် အမှုရှိခဲ့ရင် လွှတ်မယ့် စာရင်းထဲက ဆိုင်းငံ့ထားတာ၊ လွှတ်လိုက်ပြီးမှ ပြန်ဖမ်းတာတွေ လုပ်နေတာကိုကြည့်ရင် စစ်ကောင်စီ ရဲ့ ဗျူဟာတွေ နည်းပရိယာယ်တွေက ကသောင်းကနင်း ဖြစ်နေတာကို ထင်ရှားစွာ မြင်နိုင်ပါတယ်။

တဖက်မှာလည်း အခုလို ဖောက်ခွဲမှု ၊ လူသတ်မှု၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုနဲ့ မငြိစွန်းရင် အားလုံးလွှတ်ပေးမယ်လို့ဆိုခြင်းဟာ စစ်ကောင်စီက နိုင်ငံရေးအရ ထိန်းနိုင်လာပြီလို့ ယူဆတာကြောင့် အခုလို လွှတ်ပေးတာလားလို့ ထင်မြင်ယူဆကောင်း ယူဆနိုင်ပေမယ့် တကယ်လက်တွေ့မှာတော့ ဖမ်းဆီးမှုတွေက အရင်လတွေ၊ သီတင်းပတ်တွေလိုပဲ နေ့စဥ် သတင်းတွေထဲ မြင်နေရဆဲဖြစ်ပါတယ်။ မန္တလေးမှာ ဆန္ဒပြတဲ့လူငယ်တွေကို ၁၀ ယောက်ကျော် ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းလည်း ဒီနေ့ပဲ ဖတ်ရှုရပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်သူမှန်သမျှ ဖမ်းဆီး ရိုက်နှက် စစ်ဆေး၊ အမှုဆင်အမှုဖွင့် စတာတွေက တဖက်မှာ လုပ်နေမြဲလုပ်နေမှာ သံသယဖြစ်စရာမလိုပါဘူး။

နိုင်ငံရေးနဲ့ဆက်နွယ်တဲ့ ပြစ်ဒဏ်ကျပြီးနဲ့ စစ်ဆေးဆဲ ထိန်းသိမ်းခံနေရသူတွေကို လွှတ်ခြင်းဟာ နိုင်ငံရေးအရ တည်ငြိမ်လာတဲ့ အနေအထားကြောင့် လွှတ်ခြင်းဆိုတာထက် အာဆီယံနဲ့ နိုင်ငံတကာကို ဖိအားလျော့ပါးသွားအောင် လုပ်ပြတဲ့ ဇတ်လမ်းဇတ်ကွက် ဖြစ်နေတာပါ။ အာဆီယံရဲ့ ဖိအားပေးမှုက စစ်ကောင်စီတွေ အပေါ် အတိုင်းအတာတခုထိ သက်ရောက်မှု ရှိတာမှန်ပေမယ့် ဒီလို ပြင်ပဖိအားတွေ ကြောင့်တော့ စစ်ကောင်စီတွေ နောက်ဆုတ်မယ့် အရိပ်အရောင် မမြင်ရပါဘူး။ အရင့်အရင် အာဏာသိမ်း စစ်အစိုးရတွေနည်းတူ နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုကို ဂရုမစိုက်ပဲ ကုန်သွယ်လို့ရတဲ့ နိုင်ငံနဲ့ ကုန်သွယ်လို့ရတဲ့ ပုံစံနဲ့ ကုန်သွယ်မယ်လို့ စဥ်းစားထားမယ့်သဘော ရှိပါတယ်။ အရင် စစ်အစိုးရခေတ် တလျှောက်လုံး တရုတ်၊ စင်္ကာပူ၊ ဗြိတိန်၊ ထိုင်း စတဲ့နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လုပ်ခဲ့ပြီး အဓိကဝင်ငွေကိုတော့ သယံဇာတရောင်းချတဲ့ ဆီကနေ ရယူအသက်ရှင်တာဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအရ ဖမ်းဆီးထားသူတွေ လွှတ်ပေးတယ်ဆိုတာ အတိုက်အခံလုပ်မယ့် ပါတီ၊ အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေကို လွှတ်မပေးပဲ အလယ်အလတ် အဆင့်ရှိသူ နိုင်ငံရေးသမားတွေထဲက တချို့နဲ့ နိုင်ငံရေးလှုပ်ရှားမှုထဲ ပါဝင်လာတဲ့ အရပ်သား အများစုကို လွှတ်ပေးတာ ဖြစ်ပါတယ်။

ဘယ်လိုပင်ဖြစ်စေ ရန်သူရဲ့ နည်းဗျူဟာ ၊ နည်းပရိယာယ် စတာတွေကို နားလည်အောင်ကြိုးစားပြီး မိမိတို့ ရဲ့ စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေး ဖက်ဒရယ်စနစ်ထူထောင်ရေး ဒီမိုကရေစီအရေး အောင်ပွဲရဖို့ အတွက် ဆက်လက်ရပ်တည်သွားကြဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။ လွှတ်ခြင်း ဖမ်းခြင်း စတဲ့အရာတွေက အခုရည်မှန်းထားတဲ့ ပန်းတိုင်သို့ ဦးတည်ရာမှာ တကြိမ်မက ကြုံတွေ့နိုင်ရဦးမယ်လို့ ယူဆမိပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar