Breaking News

အောင်ကျော် - ကျွန်တော်ရဲ့ နွေဦးနေ့ရက်များ


အောင်ကျော် - ကျွန်တော်ရဲ့ နွေဦးနေ့ရက်များ
(မိုးမခ) နို၀င်ဘာ ၂၇၊ ၂၀၂၁

မြိတ်မြို့က ပြည်သူတွေဟာ စစ်တပ်အာဏာသိမ်းပြီး ၇ ရက်မြောက်တဲ့နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ကနေစပြီး အခြားဒေသတွေလို ငြိမ်းချမ်းစွာနဲ့ စည်းကမ်းရှိရှိ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်။ အဲဒီလိုအခြေအနေတွေမှာ ကျွန်တော်တို့ သတင်းသမားတွေအနေနဲ့လဲ ဒီအာဏာရှင်စနစ်ဆန့်ကျင်ရေးမှာ ဘယ်လိုဆောင်ရွက်ရမယ် လူထုဘက်ကနေ ဘယ်လိုရပ်တည်ပြီး ဆောင်ရွက်ရမယ်ဆိုတာကို ဒေသတွင်းသတင်းသမားတွေနဲ့ တိုင်ပင်ခဲ့ကြတယ်။ ဒေသတွင်းမှာရှိတဲ့ တစ်ချို့သတင်းမားတွေကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စိုးရိမ်စိတ်တွေကြောင့် သတင်းအလုပ်ကို ဆက်မလုပ်ကြတော့သလို တစ်ချို့ကျတော့ စစ်တပ်ကိုထိခိုက်စေမယ့်စကားလုံးတွေကိုရှောင်ရှားပြီး ရေးသားလာတာတွေ့ရတယ်။ ဒီအတွက်လဲ သူတို့ကို အပြစ်သွားပြောလို့မရပါဘူး ကျွန်တော်တို့သတင်းလောကမှာ စကားတစ်ခုရှိပါတယ် မိမိအသက်ထက်အရေးကြီးတဲ့သတင်း ဘာတစ်ခုမှမရှိဘူးဆိုတာကိုလဲ အမြဲအမှတ်ရနေပါတယ်။ ဒါပေမယ့် ဒီလိုအချိန်မှာ ပြည်သူတွေအတွက် ကျွန်တော်တို့ သတင်းသမားတွေရဲ့အခန်းကဏ္ဍဟာ အရေးတကြီးလိုအပ်နေပြီး ကျွန်တော်တို့ ဒေသမှာ ဘာတွေဖြစ်နေတယ် လူထုတွေရဲ့ လိုလားတောင်းဆိုမှုတွေက ဘာတွေလဲဆိုတာကို အားလုံးသိအောင်လုပ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်လို့ ခံယူထားတယ်။ 

ဒါကြောင့် ကျွန်တော့်အနေနဲ့ အားလုံးနဲ့တိုင်ပင်ပြီး ကြွေးကြော်သံတစ်ခု တင်လိုက်တယ်။ အဲဒီကြွေးကြော်သံကတော့ “I’m Journalist” “သင်တို့ရဲ့ လှုပ်ရှားမှုတွေကို ကမ္ဘာကြီးကို ပြန်ပြောပြဖို့ ကျွန်တော်တို့ အမြဲရှိနေမယ်” ဆိုတဲ့ ကြွေးကြော်သံတစ်ခုကို ကျွန်တော်ရေးသားလိုက်ပြီး အဲဒီစာသားပါ အင်္ကျီတွေကိုရိုက်နှိပ်လို့ ဒေသတွင်းမှာ အလုပ်ဆက်လက်လုပ်နေကြတဲ့ သတင်းထောက်တွေကို ဝေငှခဲ့တယ်။ ရည်ရွယ်ချက်ကတော့ ဘယ်သူ့စေခိုင်းချက်အရ လုပ်တာမျိုးမဟုတ်ပဲ မိမိအသိစိတ်နဲ့ ကျွန်တော်တို့ပတ်ဝန်းကျင် ကျွန်တော်တို့ဒေသ ကျွန်တော်တို့တိုင်းပြည်မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို ကမ္ဘာကြီးကိုသိအောင် ပြန်ပြောပြဖို့ ကျွန်တော်တို့မှာတာဝန်ရှိတယ်လို့ခံယူထားပြီး ဒီလိုသတင်းတွေကြောင့် ပြည်သူတွေရဲ့အသံကို ကမ္ဘာကြီးက ပိုမိုသိရှိပြီး လက်ရှိဖြစ်ပျက်နေတဲ့ပြဿနာတွေကို အမြန်ဆုံးပြေလည်သွားမယ်လို့ ယုံကြည်ထားလို့ပဲဖြစ်တယ်။ နောက်တစ်ခုက ကျွန်တော်တို့ ဒီကနေ့ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေဟာ နောင်တစ်ချိန်မှာ သမိုင်းမှတ်တမ်းတစ်ခုခုအနေနဲ့ ကျန်ရှိခဲ့မှာဖြစ်ပြီး နောင်အနာဂတ် မျိုးဆက်တွေလက်ထက်အထိ အာဏာရှင်စနစ်ဟာ ဘယ်လောက်ထိ ဆိုးဝါးခဲ့တယ် ရက်စက်ခဲ့တယ် ကြမ်းကြုတ်ခဲ့တယ်ဆိုတာကို သိရှိမှသာ အနာဂတ်မှာအာဏာရှင် မျိုးဆက်တွေ အမြစ်ပြတ်နိုင်မှာဖြစ်တယ်လို့ ယုံကြည်ချက်နဲ့ သတင်းသမား အခန်းကဏ္ဍကနေ အလုပ်တွေဆက်လုပ်ဖြစ်ခဲ့တယ်။ သတင်းထောက်တွေအတွက် အခြားလိုအပ်တဲ့ Press ဦးထုတ်တွေ အကာအကွယ်မျက်မှန်တွေကိုတော့ သတင်းမီဒီယာအဖွဲ့တစ်ချို့က ကျွန်တော်တို့ကိုကူညီပေးခဲ့လို့ ကျွန်တော်တို့ ကျေးဇူးတင်ခဲ့ရပါတယ်။

ကျွန်တော်ဟာ ညီမလေးတစ်ယောက် အကူအညီရယူပြီး နှစ်ယောက်သား စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နေ့စဉ်ဆိုသလို ဒေသတွင်းမှာ ဖြစ်ပျက်နေတဲ့အကြောင်းရာတွေကို ရုပ်သံတိုက်ရိုက်ထုတ်လွှင့်တာ သတင်းတွေရေးသားတာတွေကို ပြုလုပ်ခဲ့ကြတယ်။ ကျွန်တော်က သတင်းတင်ဆက်သူဖြစ်ပြီး ညီမလေးဖြစ်သူကတော့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေတဲ့အချိန် ကင်မရာရိုက်ကူးပေးသူအနေနဲ့ သတင်းတွေကို ရယူခဲ့ကြတယ်။ ဖေဖော်ဝါရီလ ၇ ရက်နေ့ကနေ စတင်ပြီး မြိတ်ခရိုင်အတွင်းမှာရှိတဲ့ ပြည်သူတွေဟာ နည်းလမ်းမျိုးစုံနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ရွေး ကောက်ပွဲနည်းလမ်းအရ သူတို့ရွေးချယ်တင်မြှောက်ထားတဲ့အစိုးရကို အာဏာပြန်လည်အပ်နှင်းပေးဖို့အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ပြန်လည်လွှတ်ပေးဖို့ကို ငြိမ်းချမ်းစွာနဲ့တောင်းဆိုခဲ့ကြတယ်။ 

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ညပိုင်းကနေစပြီး မြိတ်မြို့က လူထုလှုပ်ရှားမှုဦးဆောင်နေတဲ့ ခေါင်းဆောင်တစ်ချို့ရဲ့နေအိမ်တွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ညအချိန်မတော် အင်အားသုံးပြီး အတင်းအဓမ္မ ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုတွေပြုလုပ်လာခဲ့ကြတယ်။ ဒါပေမယ့် သူတို့ရှာဖွေနေတဲ့ လူထုဦးဆောင်သူတွေကို နေအိမ်တွေမှာ မတွေ့တဲ့အခါမှာတော့ နေအိမ်မှာရှိတဲ့ အသက်မပြည့်သေးတဲ့ သားသမီးငယ်တွေကို ဖမ်းဆီးခေါ်ဆောင်မှုတွေ ပြုလုပ်သွားကြတယ်။ သူတို့ရဲ့လုပ်ရပ်တွေကိုကြည့်မယ်ဆိုရင် အစောပိုင်းကာလကတည်းက အကြမ်းဖက်သမားတွေရဲ့ လုပ်နည်း လုပ်ဟန်အတိုင်း ပြည်သူတွေအပေါ်မှာ ပြုမူဆောင်ရွက်နေတယ်ဆိုတာကို တွေ့မြင်ရမှာပဲဖြစ်တယ် ။ အကြမ်းဖက်စစ်အုပ်စု လက်ပါးစေတွေဟာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေစပြီး မြိတ်မြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ပြည်သူတွေကို သတိပေး လူစုခွဲခိုင်းတာမျိုးအဆင့်ဆင့်မဆောင်ရွက်ပဲ အကြမ်းဖက်နည်းလမ်းတွေတိုက် ရိုက်သုံးပြီး နှိမ်နှင်းမှုတွေ ပြုလုပ်လာခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတော့ သေနတ်သုံးပစ်ခတ်ပြီး နှိမ်နှင်းခဲ့ကြသလို အဲဒီနေ့မှာပဲ လူပေါင်း ၂၀ ဝန်းကျင်လောက် ဖမ်းဆီးခံခဲ့ရပြီး အယောက် ၃၀ ထက်မနည်း ခဲကျည်တွေနဲ့ပစ်ခတ်တာကိုခံခဲ့ရလို့ ဆေးရုံတွေမှာ ခွဲစိတ်ကုသမှုတွေခံခဲ့ရပါတယ်။ 

အဲဒီလို အကြမ်းဖက်နည်းလမ်းအသုံးပြုပြီး နှိမ်နှင်းလာတဲ့အတွက် မတ်လ ၁ ရက်နေ့မှာတော့ ပြည်သူတွေဟာ လမ်းပေါ်ထွက် အင်အားပြတဲ့နည်းလမ်းမျိုးအသုံးမပြုတော့ပဲ  ပြောက်ကျားနည်းလမ်းအသုံးပြုပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အဆိုပါနေ့ မနက်ပိုင်းမှာတော့ ကျွန်တော်ဟာ သတင်းရယူနိုင်ဖို့အတွက် ညီမလေး ဖြစ်သူနဲ့အတူ မြိတ်မြို့နယ်အတွင်းမှာ ကားတစ်စီးနဲ့လိုက်လံလှည့်ပတ်ကြည့်ရှု့ရင်း မြိတ်မြို့ မြို့သစ်ဈေးနား အရောက်မှာ စစ်ကားအများအပြားကင်းလှည့်လာတာကို တွေ့ခဲ့ရပါတယ်။ အဲဒီစစ်ကားယာဉ်တန်း မြို့တစ်ပတ် ပတ်မောင်းခဲ့ပြီး အဲဒီယာဉ်တန်း မလှမ်းမကမ်းကနေ ကျွန်တော့်ကားက တောက်လျောက်လိုက်လာခဲ့တယ်။ သတင်းသမားရဲ့ အတွေ့အကြုံအရရော မသိစိတ်အရရော မကြာခင်တစ်ခုခုဖြစ်တော့မယ်ဆိုတာကိုလဲ ကြိုတင်သိရှိနေခဲ့ပြီး ဘေးမှာလိုက်ပါလာတဲ့ ညီမလေးဖြစ်သူကိုတောင် ကြည့်နေ မကြာခင် တစ်ခုခုထူးလိမ့်မယ်လို့ ပြောပြဖြစ်ခဲ့တယ်။

အဲဒီစစ်ကားယာဉ်တန်းဟာ မြိတ်မြို့ အင်းလေးမြိုင်မီးပွိုင့်လမ်းဆုံအရောက်မှာ ပြောက်ကျားဆန္ဒပြသူတွေနဲ့ထိပ်တိုင်ရင်ဆိုင်ခဲ့ရပြီး ပဋိပက္ခတွေဖြစ်ပွားခဲ့ပါတယ်။ ရပ်ကွက်နေပြည်သူတွေဟာ စစ်ကားတွေ ပြန်ထွက်လို့မရအောင် လမ်းတွေကို နီးစပ်ရာ ပစ္စည်းတွေယူဆောင်ကာ ပိတ်ဆို့ထားခဲ့ပြီး စစ်ကားပေါ်မှာပါတဲ့ စစ်သားတွေကတော့ ရပ်ကွက်နေပြည်သူတွေ ပိတ်ဆို့ထားတဲ့ လမ်းပိတ်ထားတဲ့ အတားအဆီးတွေကို ဖယ်ရှားမှုတွေပြု လုပ်ခဲ့ပါတယ်။ ရပ်ကွက်နေပြည်သူတွေက လမ်းတွေကို အဆင့်ဆင့်ပိတ်ဆို့ထားတဲ့အတွက် စစ်ကားတွေက ပြန်လည်ထွက်ခွာလို့မရတဲ့အခါမှာတော့ ရပ်ကွက်အတွင်းမှာရှိတဲ့ နေအိမ်တွေအတွင်းကို တပ်ဖွဲ့ဝင်တွေက အင်အားသုံးပြီး ဝင်ရောက် ဖျက်ဆီးတာ ရပ်ကွက်နေပြည်သူတွေကို ဖမ်းဆီးတာ ခဲကျည်အသုံးပြုပြီး ပစ်ခတ်ခဲ့တာတွေကို ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလို စစ်တပ်ယူနီဖောင်းနဲ့ ရဲတပ်ဖွဲ့ ယူနီဖောင်းဝတ်ဆင်ထားတဲ့ သူတွေက ရပ်ကွက်အတွင်း ဝင်ရောက်အကြမ်းဖက်နေမှုအခြေအနေနဲ့ပတ်သက်လို့ ကျွန်တော်က ညီမလေးဖြစ်သူနဲ့အတူ  သတင်းတိုက်ရိုက် ထုတ်လွှင့်မှုတွေ ပြုလုပ်ခဲ့တယ်။ အဲဒီလို တိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်ခဲ့တဲ့အချိန် တပ်ဖွဲ့ဝင်တွေက နေအိမ်တစ်ခုအတွင်းမှာရှိနေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ မောင်ဖြစ်သူကို ရိုက်နှက်ပြီး ဖမ်းဆီးသွားခဲ့ပြီးတဲ့နောက် ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်တဲ့အတွက် စစ်ကားပေါ်ကိုမခေါ်ဆောင်ပဲ ပြန်လည် လွှတ်ပေးခဲ့ပါတယ်။  အဲဒီလို အဆိုပါ အမျိုးသမီးရဲ့နေအိမ်ကို တပ်ဖွဲ့ဝင်တွေဝင်ရောက်ခဲ့ပြီးတဲ့နောက်မှာတော့ အဲဒီနေအိမ်အတွင်းမှာ ရှိတဲ့ ပိုက်ဆံလေးသိန်းအပါအဝင် ဘဏ်ကဒ်တွေထည့်ထားတဲ့ ပိုက်ဆံအိတ် ပျောက်ဆုံးမှုဖြစ်ပေါ်ခဲ့တဲ့ အခြေအနေကို ကာယကံရှင်အမျိုးသမီးကိုမေးမြန်းပြီး တိုက်ရိုက်သတင်းထုတ်လွှင့်တင်ဆက်ခဲ့ပါတယ်။ အဲဒီလို မေးမြန်းတင်ဆက်ပြီးတဲ့နောက် စစ်ကားတွေလဲ ရပ်ကွက်အတွင်းက ထွက်ခွာသွားပြီဖြစ်တဲ့အတွက် မိမိတို့ သတင်းရိုက်ကူးမှုအစီအစဉ်ကိုရပ်နားပြီး နေအိမ်ကိုပြန်လာခဲ့ကာ ဒီနေ့ဖြစ်ပျက်ခဲ့သမျှအခြေအနေတွေကို ခြုံငုံပြီး သတင်းတွေထပ်မံ ထုတ်လွှင့်ခဲ့ပါတယ်။ 

မတ်လ ၁ ရက်နေ့ နေ့လည်ပိုင်းကထုတ်လွှင့်ခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကိုတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ခဲ့တာ ပိုက်ဆံ လေးသိန်းယူသွားတာ စတဲ့အကြောင်းအရာဟာ အွန်လိုင်းမှာ ကြည့်ရှု့သူအရမ်းကို များပြားနေတဲ့အတွက် သတင်းသွားရောက် ရိုက်ကူးခဲ့တဲ့ မိမိရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီး သတင်းကြည့် ပရိသတ်တွေအပြင် မိတ်ဆွေတစ်ချို့ကပါ ဆက်သွယ်ပြီးသတိပေးလာကြပါတယ်။ အဲဒီအချိန်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအနေနဲ့ ဆန္ဒပြ အင်အားစုတွေကို ဖြိုခွင်းတဲ့နေရာမှာ ငွေကြေးယူဆောင်သွားတယ်ဆိုတဲ့သတင်းက သိပ်ပြီးမရှိသေးတဲ့အတွက် မိမိသတင်းကအဲဒီအချိန်ကာလက သတင်းဦးဖြစ်တာကြောင့် အားလုံးကလဲ စိတ်ဝင်စားကြတာလဲဖြစ်ပါတယ်။ ဒီနေ့လို အချိန်ကာလမျိုးဆိုရင်တော့ မိမိသတင်းဟာ အဲဒီအချိန်ကလောက် စိတ်ဝင်စားမှုရှိကြတော့မှာမဟုတ်ပါဘူး။ အဲဒီလို ဝိုင်းဝန်းသတိပေးခဲ့ကြပေမယ့် မိမိအနေနဲ့ အခြားနေရာကို မရှောင်တိမ်းပဲ နေအိမ်မှာပဲ ပုံမှန်အတိုင်းနေခဲ့ပါတယ်။ အခုလိုနေခဲ့တာကလည်း အချက်နှစ်ခုကြောင့်ဖြစ်ပါတယ်။ တစ်အချက်က မိမိအနေနဲ့ ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ထားတာမရှိတဲ့အပြင် သတင်းသမားအလုပ်ကို သတင်းသမားတစ်ယောက်အနေနဲ့ ကျင့်ဝတ်နဲ့အညီ ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ မိမိလုပ်ရပ်တွေအတွက် မိမိကိုယ်မိမိတာဝန်ယူ တာဝန်ခံနိုင်ပြီး ဖြစ်လာသမျှအခြေအနေတွေကို ရဲရဲရင်ဆိုင်မယ်လို ဆုံးဖြတ်ပြီးမှသာ အခုလို သတင်းတွေကို တင်ဆက်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဒုတိယတစ်ချက်က နေအိမ်မှာရှိတဲ့ မိသားစုဝင်တွေရဲ့ ကိစ္စဖြစ်ပါတယ်။ သူတို့လာရောက်ဖမ်းဆီးတဲ့အချိန်ကျွန်တော့်ကို မတွေ့ရင် ကျွန်တော့်မိသားစုဝင်တွေဖြစ်တဲ့ ၂ နှစ်မပြည့်သေးတဲ့ သမီးငယ်ဖြစ်သူ ဇနီးဖြစ်သူနဲ့ အတူနေထိုင်တဲ့ညီမဖြစ်သူတို့ကို ဘယ်လိုတွေများ ဒုက္ခပေးကြမလဲဆိုတဲ့ စိုးရိမ်စိတ်က ရှိနေပြန်ပါသေးတယ်။ သေချာတာတစ်ခုကတော့ အရှေ့ပိုင်းမှာ သူတို့ပြုမူနေကျအတိုင်းဖြစ်တဲ့ အဖေမရှိရင် သမီးဖြစ်သူဖမ်း သားဖြစ်သူကိုဖမ်းဆိုတဲ့ ကိစ္စကလည်း လက်တွေ့မှာရှိနေတော့ မိမိအနေနဲ့ အရာအားလုံးကို ရင်ဆိုင်ဖို့ ဘယ်မှမရှောင်တိမ်းပဲ နေအိမ်မှာသာရှိနေခဲ့ပါတယ်။ တကယ်လို့များ မိမိကိုလာရောက်ဖမ်းဆီးခဲ့ရင် ဘယ်လိုတွေ ဖြေရှင်းဆောင်ရွက်မလဲဆိုတာကို ခေါင်းထဲမှာလဲ တန်းစီပြီး အဖြေထုတ်ထားပြီးသားဖြစ်ပါတယ်။ 

မတ်လ ၁ ရက်နေ့ ညပိုင်း ၁၀ နာရီဝန်းကျင်လောက်ရောက်တဲ့အခါမှာတော့ အခြေအနေတွေက ခါတိုင်းနဲ့ မတူပဲ ထူးခြားနေတာကိုတွေ့ရပါတယ်။ အဲဒီကာလက ည ၈ နာရီကျော်ရင် ညမထွက်ရအမိန့်ထုတ်ထားတာ ကြောင့် လမ်းပေါ်မှာ လူသူကင်းမဲ့နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကလဲ တိတ်ဆိတ်နေပါတယ်။ အရင်ညတွေက အခုလိုအချိန်ဆိုရင် ကျွန်တော့်အိမ်ရှေ့ လမ်းမကြီးပေါ်ကနေ စစ်ကားယာဉ်တန်းတွေ အများအပြား ကင်းလှည့်ပြီး သွားတာကို တွေ့မြင်ရရင် ကျွန်တော်အပါအဝင် အနီးပတ်ဝန်းကျင်အိမ်တွေက ထွက်ချောင်းကြသလို ကျွန်တော်ကလည်း သတင်းမှာ အသုံးပြုလို့ရနိုင်အောင်လို့ နေအိမ်အပေါ်ထပ် ဝရန်တာကနေ မှတ်တမ်း မူဗွီတွေကို ထွက်ပြီး ခိုးရိုက်တတ်ပါတယ်။ အဲဒီနေ့ညမှာတော့ တီအီး စစ်ကားတစ်စီးထဲသာ နေအိမ်ရှေ့ကနေ ဖြတ်သွားတာကိုတွေ့ရပြီး အဲဒီကားပေါ်မှာတော့ စစ်သားတွေအပြည့် ဘေးခုံတန်းကိုခေါက်တင်ထားပြီး အထဲမှာ စစ်သားတွေ အပြည့်ထိုင်လိုက်သွားတာကိုတွေ့လိုက်ရတော့ စိတ်ထဲတစ်ခုခုတော့ထူးပြီဆိုပြီး သိလိုက်ရတယ်။ နောက်မှသိရတာက အဲဒီကားပေါ်မှာပါတဲ့ စစ်သားတွေက ကျွန်တော်အိမ်ကို ဝင်မစီးခင်အချိန်မှာ ကျွန်တော်နေတဲ့အိမ် အနီးနားမှာရှိတဲ့ ရပ်ကွက်မီးသတ်စခန်းတွေကို ကြိုတင်သွားဝိုင်းထားပြီး ကျွန်တော့်ကို လာဖမ်းချိန် လာမကူနိုင်အောင် သေနတ်နဲ့ချိန်ထားတယ်လို့ပြန်လည်သိရတယ်။ 

အဲဒီလို စစ်ကားတစ်စီးဖြတ်သွားပြီးလို့ နောက်ထပ် ၁၅ မိနစ်လောက်ကြာတော့ တိတ်ဆိတ်နေတဲ့လမ်းပေါ်မှာ ကားသံတွေ ထပ်မံကြားလိုက်ရတယ်။ ကျွန်တော်လဲ အပေါ်ထပ်ကနေ လှမ်းကြည့်တော့ စစ်သားတွေတင် ဆောင်လာတဲ့ တီအီးကား ၄-၅ စီးလောက်နဲ့ ရဲကား ၄ စီးလောက်ကို နေအိမ်အပေါ်ထပ်ကနေ လှမ်းမြင်လိုက်ရတယ်။ အဲဒီယာဉ်တန်းက ကျွန်တော့် အိမ်ရှေ့မှာ ကားတွေအားလုံး ထိုးရပ်လိုက်ပြီး ကားပေါ်ကနေ စစ်တပ်ဝတ်စုံအပြင် ရဲဝတ်စုံဝတ်ဆင်ထားတဲ့သူတွေ အများအပြားဆင်းလာတာကိုတွေ့ရရချင်းပဲ ကျွန်တော် သိလိုက်ပြီ ကျွန်တော့်ကို လာခေါ်ပြီဆိုတာကို။ အဲဒီအချိန်မှာပဲ ကျွန်တော်က နေအိမ်အခန်းထဲမှာရှိတဲ့ ကျွန်တော့်ဇနီးဖြစ်သူကို အိပ်ခန်းထဲမှာရှိတဲ့ ကျွန်တော့်ဖုန်းယူလာခဲ့ဖို့ပြောရင်း အပြင်မထွက်နဲ့ သမီးလေးအနားမှာနေဆိုပြီး လှမ်းမှာလိုက်တယ်။ သမီးလေးက အခုမှ ၂ နှစ်တောင် မပြည့်သေးဘူးလေ သူ့ကိုထိခိုက်သွားလို့မဖြစ်ဘူး ပြီးတော့ သူက အဲဒီလိုဖြစ်တဲ့အချိန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာ အပြင်ကပဋိပက္ခတွေကြောင့် သမီးလေး လန့်ပြီးနိုးသွားမှာလဲ စိုးရိမ်နေမိတယ်။ တစ်အိမ်လုံးမှာမှ ယောက်ျားလေးဆိုလို့ ကျွန်တော်တစ်ယောက်တည်း ဒါကြောင့် ဒီလူတွေ ဘာမှမဖြစ်အောင် ကာကွယ်ရမှာလဲ ကျွန်တော့်တာဝန်ပဲဖြစ်တယ်။ကျွန်တော် ကြိုတွေးထားတဲ့အတိုင်း မခေါ်ပဲရောက်လာတဲ့ ဧည့်သည်တွေကတော့ ကျွန်တော့်အိမ်ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါပြီ။

အောက်တိုဘာလ ၁၈ ရက်နေ့က မြိတ်အကျဉ်းထောင်ကနေ ပြန်လွတ်တယ်။ လွတ်လွတ်ချင်းပဲ သတင်းမီဒီယာတွေ မိတ်ဆွေတွေက ၈ လတာကာလအတွင်းလုံးဝ အဆက်အသွယ်ပြတ်ခဲ့တဲ့အတွက် အဲဒီကာလတွေမှာဖြစ်ပျက်ခဲ့တဲ့ သူတို့သိချင်တာတွေကို မေးမြန်းလာခဲ့လို့ ကျွန်တော်ကျန်းမာရေးမကောင်းတဲ့ကြားထဲက နေအိမ်မှာ နေထိုင်ရင်းပဲ အင်တာဗျူးတွေဖြေပေးခဲ့တယ်။ ထောင်ကထွက်လာပြီးပေမယ့်လဲ နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီက စောင့်ကြည့်နေသလို ကျွန်တော်ကိုယ်တိုင်ကလဲ ဒီသတင်းအလုပ်တွေကို ဆက်လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် မိသားစုကြားထဲမှာ ပြဿနာတွေကို ဖြေရှင်းဖို့လိုလာခဲ့တယ်။ သတင်းထောက်ဖြစ်တဲ့ကျွန်တော့်အလုပ်ကိုဆက်ရွေးချယ်မလား ဒါမှမဟုတ် ဇနီးဖြစ်သူ။ မိသားစုလုပ်ငန်းမှာပဲ ဝင်ကူရင်းအေးအေး ဆေးဆေး နေထိုင်မလားဆိုတာကိုပေါ့။ 

စစ်ကြောရေးမှာ စခ တွေကပြောတာက မင်းတို့သတင်းထောက်တွေက ဒေါ်လာစားတွေ တိုင်းပြည်သစ္စာ ဖောက်တွေ xxxxx ဘလာ ဘလာ ဘလာတွေပေါ့ဗျာ။ ပြောချင်တာက ငွေကြေးမက်ပြီး တိုင်းပြည်ချောက်ထဲကျအောင် သတင်းအမှားတွေကို အနောက်နိုင်ငံတွေအလိုအကျ သတင်းပေးပို့နေတဲ့သူတွေတဲ့။ ရယ်ချင်တာ က ကျွန်တော်တစ်လလုံးလုပ်တဲ့လစာက ကျွန်တော့်ဇနီးမိသားစုလုပ်ငန်းရဲ့ တစ်နေ့ဝင်ငွေရဲ့ အစိတ်အပိုင်းတစ်ခုလောက်ပဲရှိတယ်ဆိုတာပဲ။ 

အပေါ်ကစကားကိုပြန်ဆက်ရမယ်ဆိုရင် ကျွန်တော့် ယုံကြည်ချက် ရပ်တည်ချက်ကို လုံးဝမစွန့်လွှတ်နိုင်ဘူး။ အိမ်ထောင်ကျလို့ ကျွန်တော် မြိတ်ကိုပြောင်းလာတည်းက အဲဒီကိစ္စက အကျေအလည်ဆွေးနွေးထားပြီးသား။ ကျွန်တော့် သတင်းထောက်အလုပ်ကိစ္စကို ဇနီးဖြစ်သူရဲ့မိသားစုက ဝင်မပတ်သက်ဘူး။ သြဇာမလွှမ်းဘူးဆိုတာကို။ ဒါကြောင့်လဲ မြိတ်မှာနေခဲ့တဲ့ကာလတွေမှာ ကျွန်တော့်အလုပ်နဲ့ပတ်သက်ပြီး မိသားစုက ဘာတစ်ခုမှ မစပ်စုခဲ့သလို သြဇာမလွှမ်းခဲ့ဘူး။ ဒီလိုပဲ သူတို့အလုပ်ကိုလဲ ကျွန်တော်ဘာတစ်ခုမှ မစပ်စုသလို ဝင်လဲမကူညီဖြစ်ခဲ့ဘူး။
ပထမပုံ
(ပုံ - ၁)

နောက်ဆုံး ထောင်ကထွက်ပြီး အခြေအနေတွေက အရင်လိုမဟုတ်တော့တဲ့အတွက် ဇနီးဖြစ်သူမိသားစုကတော့ ကျွန်တော် သူတို့အိမ်မှာဆက်နေမယ်ဆိုရင် ဒီအလုပ်တွေဆက်လုပ်လို့မရဘူး။ ဆက်လုပ်မယ်ဆိုရင်လဲ သူတို့အိမ်မှာမနေတော့ဖို့အတွက်ကို စကားပြောခဲ့ကြတယ်။ နောက်ဆုံးမှာတော့ ကျွန်တော့်ဇနီးဖြစ်သူကလဲ သူ့မိသားစုအပါအဝင် အရာအားလုံးစွန့်လွှတ်ပြီး ကျွန်တော်နဲ့အတူတူ အမှန်တရားဘက်ကလိုက်ခဲ့ဖို့ အသင့်ရှိနေခဲ့တယ်။ အဲဒီလိုမဆုံးဖြတ်ခင်မှာလဲ သူ့ကို ဒီခရီးက ဘယ်လောက်ကြမ်းမယ်ဆိုတာကို သေသေချာချာရှင်းပြခဲ့တယ်။ ဒါပေမယ့် သူက ကျွန်တော့်ဘက်ကရပ်တည်ခဲ့တယ်။  ဒီအတွက်လဲ သူ့ကိုကျေးဇူးတင်ရပါတယ်။

(ပုံ-၂)

ကျွန်တော် အိမ်ကနေမိသားစုနဲ့အတူထွက်လာပြီးနောက်ပိုင်းမှာလဲ အကြမ်းဖက် စစ်ကောင်စီအမြစ်ပြတ်ရေးအတွက် တောက်လျောက်ဆက်လုပ်နေခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ကြားရသလောက် မြိတ်မှာကျန်ခဲ့တဲ့ ဇနီးဖြစ်သူရဲ့မိသားစုဝင်တွေကို စခတွေကခေါ်ယူ ခြိမ်းခြောက်တာတွေလုပ်ခဲ့သလို ရန်ကုန်က ကျွန်တော့်နေ အိမ်မှာလဲ ကျွန်တော် ရှိ/မရှိ လာရောက်ရှာဖွေတာတွေပြုလုပ်ခဲ့တယ်လို့ သိရတယ်။

နောက်ဆုံးမှာတော့ အောက်က သတင်းစာဖြတ်ပိုင်းလေးကို မိတ်ဆွေတွေက ပေးပို့လို့ သိခဲ့ရတယ်။ 
(ပုံ -၁) ကတော့ မြိတ်မှာ မင်္ဂလာဆောင်တုန်းက ရိုက်ထားတဲ့ပုံလေး ဇနီးဖြစ်သူလက်ကိုဆွဲပြီး ထွက်ပြေးခဲ့တာလေးပေါ့။ ကြိုတင်နိမိတ်လားလို့ ပြောရမလားပဲ။ အခုလဲ အဲဒီလိုပြေးလာခဲ့ရတာပဲ။  (ပုံ -၂) သတင်းစာဖြတ်ပိုင်းလေးကတော့ အကောင်းဆုံးဖြစ်လာဖို့အတွက်ပေးဆပ်ခဲ့ရတယ်လို့ပဲ သတ်မှတ်ထားပါတယ်။ ကိုယ်က အရင်တွေ့ပေမယ့် သူစိတ်မကောင်းဖြစ်နေမှာစိုးလို့ မပြဘူးဆိုပြီးသိမ်းထားခဲ့တာ သူကလဲ ကိုယ်စိတ်မကောင်းမှာစိုးလို့ ကျွန်တော့်ကိုမပြပဲ ထားထားတာတဲ့။ ဘာပဲဖြစ်ဖြစ်ပါ အရာအားလုံးကောင်းဖို့အတွက် ဖြစ်လာတယ်လို့ပဲသတ်မှတ်ရင်း နှစ်ယောက်အတူတူ ရှေ့ဆက်ဖို့အတွက် ခွန်အားတွေယူကြတာပေါ့။ 


(ကိုအောင်ကျော်သည် မြိတ်အခြေစိုက် သတင်းထောက်တဦးဖြစ်ပြီး ၂၀၂၁ ဖေဖော်၀ါရီ (၁) ရက်နေ့ စစ်တပ်မှ အာဏာသိမ်းပြီးချိန် သတင်းထောက်အလုပ်ကို လုပ်ကိုင်နေစဉ် ၂၀၂၁ မတ်လ ၁ ရက်နေ့ ည ၁၀ နာရီကျော်၀န်းကျင်အချိန်တွင် စစ်တပ်မှ အင်အားသုံးကာ နေအိမ်တွင် ဖမ်းဆီခံခဲ့ရခြင်းဖြစ်သည်။ အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီးခံရပြီး ၈ လအကြာ အောက်တိုဘာ ၁၈ ရက်နေ့တွင် မြိတ်အကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာခဲ့သည်။)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar