ဘိုးညီတင့် - အပြောသူတော်ကောင်းများ
(မိုးမခ) နို၀င်ဘာ ၂၇၊ ၂၀၂၁
ခေတ်ကြီးက နေ့မြင် ညပျောက်ခေတ်ကြီး။ လိုင်းပေါ်မှမီးစိမ်းကလေးများ နေ့စဉ်ပျောက်နေတတ်တယ်။ ဘိုးညီတင့်တယောက်လည်း မီးမစိမ်းတာကြာပြီ။ ကပ်ရောဂါထဲပါသွားသလား။ တလောက တရွာလုံးထွက်ပြေးရတယ်ကြားတယ်။ ခုချိန်မြို့ကမှ အေးသလိုလိုရှိသေး။ မြို့ကြီးသား ဇကလေးခမျာ ဘိုးညီတင့်ကိုစိတ်ပူပြီး ဖုန်းဆက်ရပါတော့တယ်။
ဇကလေး ။ ။ ဟလို ဘိုးညီတင့်ရှိသလား။
ဘိုးညီတင့် ။ ။ရှိပါ့ မောင်ဇကလေးရေ။
ဇကလေး ။ ။ ဘိုးညီတင့်အသံကြားရတာ ဝမ်းသာလိုက်တာ။ နေမှကောင်းရဲ့လားလို့။
ဘိုးညီတင့် ။ ။ ကောင်းပါသဗျာ။ ဒေါင်ဒေါင်မြည်ပါဘဲ။
ဇကလေး ။ ။ဆရာလေး မြင့်ထူးတို့ မောင်တင်ဇော်ထွန်းတို့ရော။
ဘိုးညီတင့် ။ ။ ငါတို့တရွာလုံးနေကောင်းကြပါတယ်ကွာ။ မင်းတို့ဆီသာ ကိုဗစ်ဖြစ်တာ။ ငါတို့ဆီမဖြစ်ပေါင်။ အဲ အဖျားကြီး အသက်ရှူကြပ်သေသူတွေတော့ရှိသပေါ့ကွာ။ ကိုဗစ်စစ်စရာမရှိ၊ ဆေးကုပေးသူလည်းမရှိတော့ ကိုဗစ်လို့ တထစ်ချမပြောနိုင်ဘူးလေ။ ရာသီတုပ်ကွေးဖြစ်တယ်လို့ဘဲ မှတ်လိုက်ကြရတယ်။
ဇကလေး ။ ။ စားဝတ်နေရေးအခြေအနေကရော။ ပြေလည်ကြရဲ့လား။
ဘိုးညီတင့် ။ ။ ပြေလည်သပမောင်။ ငါတို့က ခေါင်းဆောင်ကြီးလမ်းမညွှန်ခင်ကတည်းက ဆန်းလျှော့၊ ဆီလျှော့စားနေကြရတာ။ ငှက်ပျောသီးလည်းနေ့တိုင်းစားရပါတယ်ဗျာ။ ပွဲစားလာမခုတ်တော့ ကိုယ့်ဖာသာဝေမျှစားနေကြရတာ။
ဇကလေး ။ ။ လိုင်းပေါ်မှာ ဘိုးညီတင့်စာရေးတာမတွေ့လို့ ကျုပ်စိတ်ပူနေတာဗျ။
ဘိုးညီတင့် ။ ။ ငါ့စာတွေနဲ့ ဗမာပြည်သူတွေမတန်ဘူးထင်လို့ စာမရေးတော့တာကွ။ လိုင်းပေါ်မှာငါရေးတဲ့စာတွေ ဘယ်လောက်ကောင်းတုန်း။ တသက်တာစာပေဆုမက တသံသရာစာပေဆုတောင် ရထိုက်တယ်မဟုတ်လား။
ဇကလေး ။ ။ လူတွေခက်ပါတယ်ဗျာ။ စာရေးဆရာနဲ့ သူ့အနုပညာ ခွဲခြားမမြင်ကြဘူး။ စာရေးဆရာ ဘယ်လိုနေနေ။ အနုပညာမြောက်ဖို့ အဓိကမဟုတ်လား။ မှော်ဝန်းခင်ညွန့်တို့။ နှစ်လေးဆယ်စစ်တပ်အတွေ့အကြုံရေးတဲ့ ဗိုလ်ချုပ်ကြီးတို့ တသက်တာစာပေဆုရသင့်တာပေါ့ဗျာ။ ဟိုနှစ်တွေက တိမ်မြုပ်နေတဲ့ ဂဠုန်ဦးစောစာအုပ်ထုတ်တယ်။ ဝယ်သူမရှိလို့ စာကြည့်တိုက်တွေလိုက်လှူရတယ်ဆိုဘဲ။
ဘိုးညီတင့် ။ ။ ဒေဝဒတ်ဟောကြားတဲ့တရားဒေသနာတွေလည်း ထုတ်ဖော်သင့်သကွ။ သူ့ထဲမှာလည်း ကောင်းတာတွေအများကြီးရှိမှာပါ။ ဒေါက်တာဘွဲ့ရဆတော်ကြီးတွေ တာဝန်ပေါ့ကွာ။ ဒါနဲ့စကားမစပ် မင်းတို့ဆီမှာ နိုင်ငံခြားကသံတမန်တွေ လာလှချည်လား။ လူသားချင်းစာနာမှုအကူအညီပေးချင်ကြလို့ဆို။ ငါတို့မီးလောင်ခံရတဲ့အိမ်တွေ ပြန်ဆောက်ပေးတော့မယ်ပေါ့။ ငါတို့ရွာလေးတွေအတွက် ဆေးဝါးရိက္ခာတွေလည်းရတော့မယ်ပေါ့။
ဇကလေး ။ ။ ဘိုးညီတင့်ကလည်းဗျာ။ ၈၈ ကစောက်ချိုးတွေပါ။ ၈၈ တုန်းကလည်း ကျနော်တို့ ဘာအကူအညီရခဲ့လို့တုန်း။ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးတွေ တွင်တွင်ပြောနေကြတဲ့ အပြောသူတော်ကောင်းတွေပါဗျာ။
ဘိုးညီတင့် ။ ။ နိုင်ငံခြားသံတမန်တွေက စေ့စပ်ဆွေးနွေးရေးပြောလိုက်တာနဲ့ ပြည်တွင်းက ပလေတိုးသာလိကာတွေကလည်း မြည်လိုက်ကြတာ။ စောစောတုန်းကတော့ ဘာသံမှမထွက်ကြဘူး။ ဟို ၈၈ ပွင့်လံကနေခွဲထွက်ပြီ းပါတီထောင်တဲ့ပုတ်ဂိုကလည်း ပြည်သူတွေဘဝမလုံခြုံတော့ဘူးလို့ ပြောရှာသတဲ့။
ဇကလေး ။ ။ သူတို့ပြောတာလည်း ဟုတ်သဗျ။ ဟိုလေလှိုင်းအစိုးရဆိုသဟာက အကြမ်းဖက်အဖွဲ့အစည်းဘဲ။ဘပြောင်လက်ထက်ကတည်းက နိုင်ငံတော်ငြိမ်းချမ်းရေးကို အားသွန်စိုက်လုပ်စား အဲလေလုပ်ကိုင်နေတဲ့ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ကို သတ်မိန့်ပေးထားသတဲ့။
ဘိုးညီတင့် ။ ။ ဟုတ်လား တော်တော်အကြံပက်စက်တဲ့ လေလှိုင်းအစိုးရပါလား။ ဒီငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေခမျာ ကိုယ်ကျိုးစွန့် ဒေါ်လာစားပြီး အကျိုးဆောင်နေကြရှာတာပါကွာ။ နှစ်တိုင်းတောင် ငြိမ်းချမ်းရေးနိုဗယ်ဆုပေးသင့်တယ်။ နိုဗယ်ဆုကောမတီက မျက်နှာလိုက်လို့ သူတို့ခမျာ ဆုမရကြရှာတာ။
ဇကလေး ။ ။ ဟုတ်သဗျို့။ ဗမာပြည်မှာ ငြိမ်းချမ်းရေးနိုဗယ်ဆုရသင့်တဲ့လူတွေ အများကြီးပဲ။
ဘိုးညီတင့် ။ ။ ငါလည်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းဆုတောင်းသလို တောင်းလိုက်ချင်သကွာ။ ငါမသေခင် ငြိမ်းချမ်းရေးအကျိုးဆောင်တွေ ငြိမ်းချမ်းရေးကို အရင်လိုစွမ်းစွမ်းတမံ ပြန်လည်ဆောင်ရွက်နေတာ မြင်သွားချင်ပါသကွာ။
ဇကလေး ။ ။ ဘိုးညီတင့်က အဲသလိုဆန္ဒပြုတော့ ကျနော်လည်းဆုတောင်းလေး တောင်းလိုက်ချင်တယ်။စေ့ စပ်ဆွေးနွေးလမ်းကြောင်းပေးကြတဲ့ နိုင်ငံတကာသံတမန်များနဲ့တကွ၊ ပြည်တွင်းပြည်ပ ပလေးတိုး ဂန္ထဝင်သာလိကာများ၊ အပြောသူတော်ကောင်းများ အေးငြိမ်းချမ်းသာကြပါစေ။ အေးငြိမ်းချမ်းကြပါစေ။ အေးငြိမ်းချမ်းသာကြပါစေ။
ဘိုးညီတင့် ။ ။သာဓု၊ သာဓု၊ သာဓု။
ဘိုးညီတင့်
အမျိုးသားနေ့အကြို
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar