Breaking News

မောင်မောင်စိုး - PRA/BPLA မှတ်စု

မောင်မောင်စိုး - PRA/BPLA မှတ်စု
(မိုးမခ) နို၀င်ဘာ ၂၈၊ ၂၀၂၁

၂၀၂၁ ခုနှစ် လူထုလှုပ်ရှားမှုမှသည် လက်နက်ကိုင်တိုက်ခိုက်သည့် စစ်ပွဲပုံသဏ္ဍာန်သို့ ပြောင်းသွားသည်။ မြို့ပြပြောက်ကျားပုံစံရော ကျေးလက်အခြေပြုသည့် ပြောက်ကျားပုံစံရော နှစ်မျိုးလုံးတွေ့ရသည်။ တပြည်လုံးတွင် ဒေသအလိုက် လက်နက်ကိုင်အဖွဲ့ပုံစံမျိုးစုံတွေ့ရသည်။ တပြည်လုံးတွင် ဒေသအလိုက်အဖွဲ့ပေါင်း ၃၀၀ ကျော်ဟု၎င်း၊ ၄၀၀ ကျော်ဟု၎င်း၊ တည်ရှိနေသည်ဟု သုတေသနပြုနေသောအဖွဲ့များက ဆိုပါသည်။ အဖွဲ့အများစုမှာ PDF များဖြစ်ပြီး NUG နှင့်ပတ်သက်မှုရှိသည်။ အချို့လည်း အမည်အမျိုးမျိုး မှည့်ခေါ်ထားသော်လည်း နိုင်ငံ ရေးအရ NUG/NLD/PDF နှင့်ပတ်သက်သည်ဟု ဆိုနိုင်သည်။ အချို့ပြည်နယ်များတွင်တော့ တိုင်းရင်းသားလူမျိုးအမှတ်လက္ခဏာနှင့် PDF များကို တွေ့ရသည်။
ထိုအဖွဲ့များထဲမှ ထူးခြားသည့် အဖွဲ့အချို့တွင် PRA (ပြည်သူ့တော်လှန်ရေးတပ်မတော်) နှင့် BPLA (ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်) တို့လည်း ပါဝင်သည်။
ပြည်သူ့တော်လှန်ရေးတပ်မတော် PRA ဆိုသည့် အဖွဲ့သည် စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်အနောက်ဖက်ခြမ်းတွင်အဓိကလှုပ်ရှားသည်ကို တွေ့ရသည်။ ၎င်း၏နိုင်ငံရေးလမ်းစဉ်အား "အာဏာရှင်စနစ် အမြစ်ပျက်ချေမူန်းရန်နှင့်စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်စေရန် ရည်ရွယ်ဖွဲစည်းခဲ့သည်" ဟု ဆိုသည်။ PRA အား ၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ကော်မတီဝင် ၁၇ ဦးနှင့် ဖွဲ့စည်းခဲ့သည်ဟု‌ ဆိုသည်။ ၎င်းတို့အဖွဲ့အနေနှင့် မည်သည့်ဆုံးဖြတ်ချက်မဆို အများသဘောတူမှ အတည်ပြုနိုင်မည်။ အာဏာရှင်တိုက်ဖို့ ဖွဲ့ထားသောမည်သည့်အဖွဲ့မဆို ပူးပေါင်းမည်။ နစကနှင့်ပူးပေါင်းသည့် မည်သည့်အဖွဲ့မှလက်မခံဟု ဆိုသည်။ ၎င်းတို့၏ နိုင်ငံရေးအယူအဆကို အကျယ်တဝင့်မတွေ့ရပါ။ ထို့အတူ ခေါင်းဆောင်များအမည်ကို ဖေါ်ပြသည်ကို မတွေ့ရပါ။
သို့သော် PRA သည် နယ်မြေအလိုက်ဖွဲ့စည်းထားသည့် PDF များနှင့် ပူးတွဲလှုပ်ရှားနေသည်ဟု ဆိုသည်။ ထို့ပြင် NUG နှင့် NLD ထောက်ခံသူများ၏ ဘဏ္ဏာရေးအထောက်အပံ့ရရှိကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ PRA ၏လှုပ်ရှားမှုအား စစ်ကိုင်းတိုင်း အနောက်ခြမ်းတွင်သာတွေ့ရသည်။ အမျိုးသမီးအပတ်စဉ် ၂ ခုအပါ စစ်သင်တန်း ၁၁ ကြိမ်ပေးပြီးကြောင်း ထုတ်ပြန်ထားသည်။ ၎င်းတို့ထုတ်ပြန်ချက်များအရ အင်အား တထောင်နီးပါးခန့်အထိ ရှိနိုင်သည်။
NUG နှင့် ဆက်စပ်ပတ်သက်မှုရှိသော်လည်း PDF ဟု မဖွဲ့စည်းဘဲ PRA ဟု သီခြားအမည်ခံခြင်းမှာ သီးခြားနိုင်ငံရေးရည်မှန်းချက်ရှိနေသလော စဉ်းစားဖွယ်ရှိသည်။ မြေပြင်သတင်းများအရ PRA သည် မြန်မာ့နိုင်ငံရေးတွင်တည်ရှိခဲ့ဘူးသည့် အရောင်အသွေးရှိ နိုင်ငံရေးအုပ်စုတခု၏ အဆက်အနွယ် မျိုးဆက်သစ်များဟုဆိုသော်လည်း အတည်ပြု၍မရသေးပါ။
တဖွဲ့မှာ BPLA ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟု ဆိုသည်။ လက်ရှိ လှုပ်ရှားမှုမတွေ့ရသေးပါ။ လေ့ကျင့်နေဆဲဟုဆိုသည်။ သင်တန်းအပတ်စဉ် နှစ်ပတ်ခန့်ရှိပြီး အင်အား ရာဂဏန်းခန့်ရှိနိုင်သည်။ EAO အဖွဲ့တဖွဲ့၏ အခြေခံဒေသတနေရာတွင် လေ့ကျင့်နေပုံရသည်။ BPLA ၏ထုတ်ပြန်ချက်များအရ BPLA အား မတ်လခန့်မှ စတင်ဖွဲ့စည်းခဲ့သည်။ BPLA အား ဗမာလူမျိုးကို ကိုယ်စားပြုသည့်လက်နက်ကိုင်အဖွဲ့အစည်းအဖြစ်ပုံဖေါ်ထားပြီး ကျန်တိုင်းရင်းသားလူမျိုးလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်း၍ ဖက်ဒရယ်တပ်မတော်ထူထောင်ရာတွင်ပါဝင်ရန် ရည်ရွယ်ပုံရသည်။ BPLA သည် အာဏာရှင်စနစ်ကိုသာမက ဗမာလူမျိုးကြီးဝါဒကိုပါဆန့်ကျင်သည်ဟုဖေါ်ပြသည်။ ထို့ပြင် လက်နက်ကိုင်နည်းလမ်းအား ရွေးချယ်ကထဲက ရေရှည်နည်းလမ်းအား ရွေးချယ်ထားပြီးဟုဖေါ်ပြသည်ကိုတွေ့ရသည်။ သီးခြားနိုင်ငံရေးလမ်းစဉ်ဖေါ်ပြခြင်းမျိုးတော့ မတွေ့ရပါ။
BPLA ၏ ခေါင်းဆောင်များအား တရားဝင်ထုတ်ပြန်ထားခြင်းမရှိပါ။ NLD မှသဘောထားကွဲလွဲပြီး နှုတ်ထွက်ခဲ့သော လူငယ်တဦးကတော့ BPLA တွင် တက်ကြွစွာလှုပ်ရှားနေသည်ကို တွေ့ရသည်။ NLD နှင့်မဟာမိတ်ပြု၍ လက်တွဲ၍ရသည်ဟု ဆိုသည်။
ထိုအဖွဲ့များနှင့်ပတ်သက်၍ NUG/PDF များ၏ သီးခြားသဘောထားမတွေ့ရသော်လည်း ဒေသခံ PDF များအနေနှင့် မဟာမိတ်ပြုမည့်အဖွဲ့များနှင့်ပတ်သက်၍ ဗဟိုသဘောထားရယူရန် ညွှန်ကြားထားသည်ကို တွေ့ရသည်။
ထို့ပြင် DPRA အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်၊ ABIA (All Burma Independence Army) စသော အမည်နှင့်အဖွဲ့များကိုလည်း တွေ့ရသည်။ ပါတီစုံနိုင်ငံရေးမှသည် တပ်ဖွဲ့စုံလက်နက်ကိုင်ပုန်ကန်မှုသို့ ပြောင်းလဲလာသည်ဟု ဆိုရမည်။ ဆက်လက်စောင့်ကြည့်ရအုံးမည့် မြန်မာပြည်ပြသနာ၏ အပိုင်းအစများဖြစ်ပေသည်။ Join Us @ MoeMaKa Telegram t.me@moemaka #MoeMaKaMedia #WhatsHappeningInMyanmar