ညိုထွန်းလူ - မိုးရယ် တိမ်ရယ် မြူနှင်းတွေရယ်
(မိုးမခ) နို၀င်ဘာ ၂၁၊ ၂၀၂၁
ဆောင်းရာသီ၏အငွေ့အသက်ကို ခံစားလာရ၏။ မြူနှင်းတွေဝေစပြုနေသည့်နံနက်ခင်းမှာ လမ်းလျှောက်ရင်း စိတ်အာရုံသည်ပျံ့လွင့်နေလျှက်။ ဟိုတစ်နေ့က ရွာချလိုက်သည့်မိုးက ဒီတစ်နှစ် မိုးကာလ၏နောက်ဆုံးပိတ်လား။ ဟုတ်မည်မထင်။ တန်ဆောင်မုန်းမှာ ရွာတတ်သည့်မိုး ကျန်သေးသည်။အဲသည်လိုအချိန်မှာ ကောင်းကင်သည် တိမ်တွေဖြင့်ပြည့်နေပြီး မိုးက တစိမ့်စိမ့်ရွာနေသည်။ မိုး၏စိတ်အလိုကို ခန့်မှန်း၍မရ။ ခွန်နှစ်ရက် ခွန်နှစ်လီ မစဲဘဲ ရွာချင်ရွာတတ်သည်။ ထို့နောက် မိုးပြတ်သွားသည်နှင့် ဆောင်းရာသီထဲရောက်လာခဲ့ပြီ။ မြူနှင်းတွေကိုသယ်ဆောင်လာသည့် မြောက်ဖက်တောင်ကုန်းတောင်တန်းတွေဆီမှ တိုက်ခတ်လာသည့်လေသည် အေးစိမ့်နေ၏။ မိုးကောင်းကင်မှာ တိမ်တွေအုံ့ခဲနေလျှက်။ ရှုခင်းမြင်ကွင်းများသည်နှင်းမြူထုထဲမှာ မပီဝိုးတဝါး။ ကိုကြီးငြိမ်းကတော့ သည်နှယ်ရှုမြင်ကွင်းကို လွှတ်သဘောကျ၏။ မိုးတွေ တိမ်တွေမြူတွေနဲ့ပေါ့ကွာဟု ဆိုသည့် သူ့အသံက ကျွန်တော့်အား လွန်ခဲ့သည့်နှစ်ငါးဆယ်လောက်ဆီကို ခေါ်သွားပါလေတော့သည်။
ကိုကြီးငြိမ်း၏နာမည်က ကိုငြိမ်းအေး။ နဖူးကျယ်ကျယ် ပါးစပ်ပြဲပြဲနှင့် ရုပ်အနည်းငယ်ဆိုးသော်လည်း အနုပညာကိုဝါသနာပါသည်။ အထူးသဖြင့် သူကအင်မတန်မှ ပြဇာတ်ဒါရိုက်တာဖြစ်ချင်ရှာသူ။ ကျွန်တော်မှတ်မိနေသည်။ မုံရွာမှာမြို့တော်သိန်းအောင်ဇာတ်ကပြတော့ ကျွန်တော်တို့ မုံရွာကိုသွားကြည့်ကြသည်။ မြို့တော်သိန်းအောင်၏ဇာတ်က ပြဇာတ်တွေနာမည်ကြီးသည်။ ကျွန်တော်တို့ကြည့်ခဲ့ရသည့်ပြဇာတ်က မိုးလား တိမ်လား မြူလားတဲ့။ ပြဇာတ်ဒါရိုက်တာ ဆရာမောင်ယဥ်အောင်၏ ပြဇာတ်။ သိပ်ကြိုက်ဗျာ။ ပြဇာတ်ထဲကတံတားချိုးသည့်အခန်းကို ရွာပြန်ရောက်သည့်တိုင်မြင်ယောင်နေဆဲ။ အဲဒီနောက်တော့ မုံရွာက ဇာတ်တွေလည်း သူတို့၏ပြဇာတ်တွေမှာ တံတားချိုးချသည့်အခန်းတွေ ထည့်ကုန်ကြသည်။ ဗျောက်ဖောက်သံတွေတဒိုင်းဒိုင်းဖြင့် တိုက်ပွဲတွေဖြစ်နေကြ။ တခဏအကြာ မီးရောင်ကြီးဝင်းလက်သွားပြီး ဝုန်းကနဲ မိုင်းကွဲအသံနှင့်အတူ တံတားကြီးကျိုးကြသွားခဲ့သမို့ ပရိသတ်က သိပ်ကိုသဘောကျသည်။ ပွဲခင်းတစ်ခုလုံး လက်ခုပ်သံတွေသောသောညံနေလျှက်။
ပြဿနာပါပဲ။ မြို့တော်သိန်းအောင်၏ဇာတ်ကိုကြည့်လာပြီးကတည်းက ကိုကြီးငြိမ်းတစ်ယောက် ပြဇာတ်ဒါရိုက်တာဖြစ်ချင်စိတ်တွေ မနေနိုင်မထိုင်လောက်အောင် ရွပိုးထိုး၍နေချေပြီ။ ရွာကထိန်ပွဲမှာ အရပ်ပြဇာတ်ကဖို့ ကြိတ်ပြီးကြံစည်နေ၏။ ပြဇာတ်ကို ကိုယ်တိုင်ရေး၏။ ဒါရိုက်တာလည်း သူ။ ပြဇာတ်မင်းသားလည်း သူပါပဲ။ သူ့အပြင် တစ်ခြားဘယ်သူများရှိဦးမှာတဲ့တုန်း။ တကယ်တော့ အရပ်ပြဇာတ်ကဖို့ဆိုတာ မလွယ်ရေးချမလွယ်။အရေးကြီးတာက ဘယ်မှာလဲပိုက်ဆံ။ မုံရွာကိုသွားပြီး ပြဇာတ်မင်းသမီးငှားဖို့။ ဆိုင်း အသံချဲ့စက်နှင့် ကားလိပ်ဖိုးတွေ။ ကုန်စရာတွေက မနည်းမနော။ သို့ရာတွင် ကိုကြီးငြိမ်းတစ်ယောက် ပြဇာတ်မကရလျှင် သေမတတ်ဖြစ်နေ၍ ဘထွေးလေးဦးမြင့်ဦးခမျာ မနေသာတော့ဘဲ ကုန်ကျမည့်ပိုက်ဆံတွေကို ထုတ်ပေးရှာသည်။
ဘထွေးလေးက ရွာမှာတော့ ဘောစိ။ ချက်ဗလက်ခေါင်းတို ကုန်ကားနှစ်စီးပိုင်သည်။ သူတို့လင်မယားမှာ သားသမီးမရှိ၍ တူတွေ တူမတွေကိုပဲသားသမီးတွေလို ချစ်မြတ်နိုးသည်။ သည်မှာပင် အထောက်အကူဖြင့် စပွန်ဆာရှိလိုက်သည်နှင့် ကိုကြီးငြိမ်းလည်း ပွဲကြမ်းလေပြီ။ သူ့ပြဇာတ်က တော်လှန်ရေးဇာတ်လမ်း။ တိုက်ပွဲတွေနှင့် တံတားချိုးသည့်အခန်းလည်း ပါလိုက်သေး၏။
ပြဇာတ်နာမည်က မိုးရယ် တိမ်ရယ် မြူနှင်းတွေရယ်တဲ့။ ဟင် ခင်ဗျားပြဇာတ်နာမည်ကလည်း မြို့တော်သိန်းအောင်ရဲ့ မိုးလား တိမ်လား မြူလားကို လားနေရာမှာရယ်နဲ့ အစားထိုးပြီးထဲ့ထားတာ မနိပ်ပါဘူး တခြားနာမည်အသစ်ကလေးပေးပါလားဟု ကျွန်တော်ကပြောလိုက်သော်လည်း အေးအေး ဆေးဆေးပင်။
ဇာတ်လမ်းမတူပါဘူးကွ ပြဇာတ်နာမည်ထက် ဇာတ်လမ်းနဲ့သရုပ်ဆောင်တွေကိုကြိုက်ဖို့ပဲ အရေးကြီးတယ်တဲ့။ ကျွန်တော်မပြောသာတော့။ လိုရင်းကိုပဲ အတိုချုံးလိုက်ပါတော့မည်။ ရွာကထိန်မှာ ကပြသည့် သူ့ပြဇာတ်က တကယ့်ကို အောင်မြင်သွား၏။ တစ်ရွာလုံး ဆွေမျိုးတွေချည်းမို့ မအောင် မြင်ဘဲနေပါတော့မလား။ အားပေးကြသည့်ပွဲကြည့်ပရိသတ်နှင့် စင်ပေါ်တက်၍သရုပ်ဆောင်ကြသူတွေက အားလုံးရောထွေးနေ၏။ စင်ပေါ်တက်ပြီးသရုပ်ဆောင်။ ပြီးသည်နှင့် စင်ပေါ်မှဆင်း၍ ပွဲခင်းထဲမှာ ပရိသတ်အဖြစ် ပွဲကိုပြန်ကြည့်။ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်မို့ ဟန်ကျသည် အပြစ်ပြော
မည့်သူလည်းမရှိ။
ကျွန်တော်သည်လည်း ရွာထဲကိုဖက်ဆစ်ဂျပန်တွေဝင်လာ၍ တစ်ရွာလုံးအထုပ်ဆွဲပြီး ထွက်ပြေးရသည့်အခန်းမှာပါဝင်ခဲ့သည်။ တဖန် ဖက်ဆစ်ဂျပန်တွေကိုတိုက်ခိုက်သည့် တော်လှန်ရေးတပ်သားဖြစ်သွားရပြန်သည်။ ထို့နောက် ဖက်ဆစ်ဂျပန်တွေထွက်ပြေးချိန်မှာ လိုက်ဟ ဝိုင်းကြဟဟု ကားလိပ်ကြားထဲမှနေပြီး အော်ရပြန်သေး၏။ မသက်သာလှပေ။ ဘထွေးကလည်းခေသူမဟုတ်။ ရွာကို ဖက်ဆစ်ဂျပန်တွေဝင်လာချိန်မှာ မင်းသမီးကိုလက်ဆွဲပြီးထွက်ပြေးသည့်အခန်းမှာ ပါဝင်သရုပ်ဆောင်၏။ တကယ်တော့ ဇာတ်ညွှန်းထဲမှာ အဲသည်လိုမပါ။ သေနတ်တွေ တဒိုင်းဒိုင်းပစ်ခတ်နေသဖြင့်ကြောက်အားလန့်အား ထွက်ပြေးကုန်ကြရ၍ မင်းသမီးကိုလက်ဆွဲပြီးထွက်ပြေးတာက သဘာဝမကျ။ ကိုကြီးငြိမ်းက သို့ကလို အတွန့်တက်လိုက်သောအခါ သဘာဝကျကျ မကျကျကွာ အဲဒီအခန်းကိုဖြစ်အောင်ထည့်။ ဇာတ်ခုံဟိုဘက်က ဒီဘက်ကိုပြေးတာ တစ်မိနစ်တောင်ကြာတာမဟုတ်ဘူးဟု ပြောလိုက်သည်။ ပိုက်ဆံထုတ်ပေးထား၍ ကိုကြီးငြိမ်းဆက်မပြောရဲတော့ပေ။
မုံရွာကငှားလာသည့်မင်းသမီးကလည်း ဘထွေးအား ကလူ၏သို့ မြူ၏သို့။ အကိုကြီးဟုခေါ်လိုက်သည့်အသံသည် တနွဲ့နွဲ့ဖြင့် ဘထွေးလေး၏နှလုံးသားကို ပွတ်သပ်ကျည်စယ်နေသည့်အလား။ ပြဇာတ်ကကြတော့လည်းတိုက်ပွဲကြောင့်ထွက်ပြေးရသည့်အခါ ခလုပ်တိုက်ပြီးလဲကျဟန်ပြုလိုက်၍ ဆွဲပွေ့ပြီးထူရ၏။ သို့ကလို အညု ခရာတာတာနှင့် အထိအတွေ့တွေကို စုပေါင်းခံစားလိုက်ရသောအခါ ဘထွေးလေး၏ရင်တစ်ခုလုံးဗြောင်းဆန်သွားပြီး လောကကြီးတစ်ခုလုံးကို တခဏမျှမေ့လျော့သွား၏။ အိမ်ကမိန်းမကြီးနဲ့ကွာပါ့ဗျာဟု အသံမထွက်ဘဲပြောမိလိုက်၏။ သို့ရာတွင် စင်အောက်က ကြည့်နေသည့်အရီးလေးက သူ့အကြောကိုသိသဟာကြောင့် ဒေါပွ၍မဆုံးတော့ပြီ။ အပြစ်ဒဏ်အဖြစ် နောက်တစ်ညမှ ဘထွေးလည်း ပြဇာတ်မှာပါဝင်သရုပ်ဆောင်ဖို့ ပါမစ်မရလိုက်တော့။ မည်သို့ပင်ဖြစ်စေ တန်ဆောင်တိုင် ကထိန်ပွဲကြီးလည်း ပျော်ရွှင်စွာဖြင့်ပြီးသွားသည်။ ထို့အတူကျွန်တော်တို့တစ်ရွာလုံးလည်း ရွာပြဇာတ်ကခဲ့ရသည့်အတွေ့အကြုံတွေကို ပြော၍မကုန်နိုင်ဘဲ လွမ်း၍နေကြသည်။
နောက်တစ်နှစ် တန်ဆောင်တိုင်ပွဲနီးလာတော့ ကိုကြီးငြိမ်းက ပြဇာတ်ကချင်သော်လည်း ကုန်ကျစားရိတ်က လူကိုမျော့သွားလုလုဖြစ်သမို့ ဘထွေးက မလှုပ်တော့။ မောင်ငြိမ်းအေးရေ ဒီတစ်ခါပြဇာတ်ကရင်တော့ ရှိတဲ့မော်တော်ကားနှစ်စီးစလုံးပြုတ်သွားပြီး မင့်အရီးလေးက မောင်းချလို့တို့ တူဝရီးနှစ်ယောက် မုံရွာမှာခွက်ဆွဲတောင်းစားရတော့မှာ။ မလုပ်ပါနဲ့တော့ ငါ့တူရယ်ဟု တောင်းတောင်းပန်ပန်ဖြင့် ဘရိတ်အုပ်လိုက်ရသည်။ ကိုကြီးငြိမ်းက ဇွဲမလျော့သေး။ ဒီနှစ်တန်ဆောင်တိုင်မကရရင် နောက်တစ်နှစ်ပေါ့ဟု မျှော်လင့်သည်။
သို့သော်လည်း တန်ဆောင်တိုင်ကထိန်ပွဲတွေ တစ်နှစ်ပြီးတစ်နှစ်ပြီးသွားသလို အသက်အရွယ်တွေကြီးရင့်လာခဲ့သည့်တိုင် ကိုကြီးငြိမ်းခမျာ ရွာပြဇာတ်ကိုနောက်ထပ်ကပြနိုင်ဖို့ အခွင့်အလမ်းတွေမကြုံရရှာ။ မိုးရယ် တိမ်ရယ် နှင်းမြူတွေရယ်။ ပြဇာတ်က ပေါ့သေးသေးတော့မဟုတ်ပေ။ ရွာကထိန်ပွဲမှာ တစ်ခါပဲကပြရပြီး ပြဇာတ်ဒါရိုက်တာကိုကြီးငြိမ်း၏ တစ်ခုတည်းသောပြဇာတ်ဖြစ်သည်။ အနှီပြဇာတ်သည် သူ့ရင်ထဲမှာအမြဲစွဲနေလျှက်။တမြန်မနှစ်က ရွာကိုပြန်ရောက်တော့ လာမယ့်နှစ်ကထိန်မှာ သူ့ပြဇာတ်ကချင်တယ်ဟုရင်ဖွင့်လိုက်၍ အံ့အားသင့်သွားရသည်။
ကိုကြီးငြိမ်းရာ ပြဇာတ်ကရမယ့်အရွယ်လားလို့ ကိုယ့်ကိုယ်လည်းပြန်ကြည့်ပါဦး။ ပြီးတော့ ခင်ဗျားဇာတ်လမ်းကြီးကလည်း ခေတ်မမှီတော့ပါဘူး။ မြန်မာရုပ်ရှင်တွေလည်း ဒီလိုချည်းပဲ။ ဂျပန်ဖက်ဆစ်တော်လှန်ရေးဇာတ်ကားတွေရိုက်ကြတယ်။ လွတ်လပ်ရေးရတာ နှစ်ပေါင်း ၇၀ တောင်ကျော်လာပေမယ့် ရုပ်ရှင်တွေကလည်း အခုထိဖက်ဆစ်ဂျပန်တွေကိုတော်လှန်လို့ကိုမပြီးသေးဘူးဟု သူစိတ်ပျက်အောင်ပြောလိုက်သည်။ ခက်တာက ကျွန်တော့်စကားကိုသူနားမဝင်။ ထိုစဥ် သူ့ဆီက မထင်မှတ်သည့်စကားကိုကြားလိုက်ရ၍ အံ့အားသင့်သွားခဲ့ရသည်။ အိုကွာ ဖက်ဆစ်တွေရှိနေသမျှတော့ တော်လှန်ရေးကရှိနေဦးမှာ။ အဲဒါကြောင့် ငါ့ပြဇာတ်ကို ပြန်ကချင်နေတာ။ သူ့ကိုငေးကြည့်ရင်း ဘာပြောရမှန်းမသိတော့။
တကယ်တော့ အမှန်အတိုင်းဝန်ခံရလျှင် ကျွန်တော်သည်လည်း ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့သည့် သူ့ပြဇာတ်ကိုလွမ်းနေရဆဲ။ နှင်းမြူတွေမှုံနေသည့် ဆောင်းညမှာကခဲ့ရသည့် ရွာပြဇာတ်သည် ကျွန်တော့်ရင်ထဲမှာရှိနေခဲ့ပြီး သီတင်းကျွတ်လကုန်ခါနီးချိန် အဲသည်အလွမ်းတွေက ရင်ထဲမှာ အပွင့်အခက်တွေနှင့် ဝေဝေဆာဆာဖြစ်လာစမြဲ။
ရွာကိုမရောက်တာလည်း နှစ်နှစ်ကျော်သွားပြီ။ မည်သို့ပင်ဖြစ်စေ ကထိန်ရာသီရောက်လာပြီဆိုမှဖြင့် ကိုကြီးငြိမ်းတစ်ယောက် သူ့ပြဇာတ်ကိုကပြဖို့ စိတ်ကူးယဥ်နေမှာတော့ သေချာသည်။ သည်လိုအချိန်မှာ မိုးအုံ့နေပြီးမိုးဖွဲလေးတွေ ရွာတတ်သည်။မြူနှင်းတွေကလည်း အုပ်ဆိုင်းနေလျှက်။ စိတ်အာရုံစွဲလွန်းနေသည်လား မပြောတတ်ပါ။ ဖက်ဆစ်ဂျပန်တွေနှင့် တိုက်ပွဲဖြစ်ပွားနေသည့်ပြဇာတ်ခန်းထဲက သေနတ်ပစ်ခတ်သံတွေ မိုင်းဗုံးပေါက်ကွဲသံတွေကိုကြားနေမိသလိုလို။ သြော် ... ကျွန်တော်တို့အညာ ကျွန်တော်တို့ရွာမှာဖြင့် မိုးရယ် တိမ်ရယ် မြူနှင်းတွေရယ် ...။
ညိုထွန်းလူ
(သူ့ဖေ့ဘုတ်ခ်မှ ကူးယူသည်)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar