Breaking News

ဆောင်းယွန်းလ - မီးလောင်မြိုက်နေတဲ့စနက်တံပေါ်က တေးသီချင်း

ဆောင်းယွန်းလ - မီးလောင်မြိုက်နေတဲ့စနက်တံပေါ်က တေးသီချင်း
(မိုးမခ) နို၀င်ဘာ ၁၄၊ ၂၀၂၁

ဘဝမဟုတ်တာတွေကို ချန်ထားခဲ့ရင်း
ဒီစာမျက်နှာဟာ ကျဥ်းမြောင်းလာခဲ့တယ်
လက်တွေ့ဘဝထဲမှာ
မိမိကိုယ်ကိုသာ ကယ်တင်ရာ၏ဆိုတဲ့ စကားလုံးဟာ
အဖိုးအတန်ဆုံးပါဘဲ။

တွေးတောဆင်ခြင်ခြင်း နာရီလက်တံတွေအောက်မှာနေထိုင်ရင်း
ရေးမိရေးရာ တွေးမိတွေးရာ
ဖတ်မိဖတ်ရာတွေနဲ့ တဖြေးဖြေးဝေးလာခဲ့သလို
အပိုစကားချပ်တွေကိုလည်း 
လက်ပြနှုတ်ဆက်တတ်လာခဲ့ပါပြီ။

ဘောလုံးပွဲမှာ နာကျင်အချိန်ပိုရှိသလိုမျိုး
လူ့ဘဝထဲမှာ အချိန်ပိုမရှိခဲ့ဘူး
အာဖဂန်မှာ တာလီဘန်တွေ အာဏာသိမ်းလိုက်လို့
နေရင်းထိုင်ရင်း
ကိုယ့်မှာဝန်ထုပ်ကြီး ပိသွားရပုံက
အလိုလိုနေရင်း ကြားက ငထွား ခါးနာရတယ်ဆိုသလိုမျိုးဘဲ
ပစ်ကွင်းထဲဝင်လာသမျှအရာရာဟာ
လက်နဲ့မပြတ်တဲ့ အလုပ်တွေချည့်ပါဘဲ။

တစ်တောင့်ချင်းပစ်ရင်ကောင်းမလား
အတွဲလိုက်အော်တိုဖြုတ်ရရင်ကောင်းမလား
မီးတောက်နေတဲ့စနက်တံပေါ်မှာ
ကိုယ့်ကိုကိုယ်တင်ပြီး
အခုဆိုနေတဲ့တေးတစ်ပုဒ်ကို  ညည်းမိပါတယ်။

ဆောင်းယွန်းလ

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar