Breaking News

သီအိုဇော်- စစ်မဟာမိတ်အုပ်စုများ၏ အင်ဒို-ပစ္စိဖိတ်‌ဒေသတွင်း အခင်းအကျင်းများ (၃)

သီအိုဇော်- စစ်မဟာမိတ်အုပ်စုများ၏ အင်ဒို-ပစ္စိဖိတ်‌ဒေသတွင်း အခင်းအကျင်းများ (၃)
(မိုးမခ) နို၀◌င်ဘာ ၁၄၊ ၂၀၂၁

• စစ်ပွဲများနဲ့ မဟာမိတ်နိုင်ငံများ၏အာသီသ 
စစ်မဟာမိတ်အုပ်စုဝင်ဖြစ်တာကတော့ ဟုတ်ပါပြီ။ စစ်တိုက်ဖို့ အာသီသ ရှိ /မရှိ၊ စစ်တိုက်ဖို့ အသင့် ရှိ/မရှိဆိုတာကလည်း အရေးကြီးတဲ့မေးခွန်းဖြစ်တဲ့အတွက် အဖွဲ့ဝင်နိုင်ငံတချို့ရဲ့အနေအထားကို ဆန်းစစ်ကြည့်သင့်တယ်ထင်ပါတယ်။ ဒါကြောင့် ဒီတစ်ကြိမ်မှာ QUAD အဖွဲ့ဝင် ဂျပန်နိုင်ငံနဲ့၊ အိန္ဒိယနိုင်ငံတို့အကြောင်း စူးစမ်းကြည့်ပါမယ်။ ဆောင်းပါးရဲ့ကဏ္ဏအတော်များများမှာ ဆက်နွှယ်ပါဝင်နေမှာဖြစ်လို့ အမေရိကန်နဲ့ ဩစတြေးလျတို့အကြောင်း ခေါင်းစဥ်သီးသန့်ထားပြီး မရေးတော့ပါ။

• အိန္ဒိယ
ဒီနေ့ဒီအချိန်မှာ ကမ္ဘာ့လူဦးရေ ဒုတိယအများဆုံးနိုင်ငံဟာ ၂၀၅၀ ခုနှစ်ထက်နောက်မကျပဲ တရုတ်နိုင်ငံကိုဖြတ်ကျော်ကာ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ ကုလသမဂ္ဂရဲ့ လူဦးရေဌာနခွဲကတော့ ၂၀၂၇ ခုနှစ်ပတ်ဝန်းကျင်မှာပဲ ကျော်တက်သွားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့  ၂၀၂၀ ခုနှစ် လူတစ်ဦးချင်းစီရဲ့ ဂျီဒီပီကိန်းဂဏန်းအရ အိန္ဒိယဟာ အာရှတိုက်ရဲ့ အဆင်းရဲဆုံး (၁၃) နိုင်ငံထဲမှာ ဆက်ရှိနေပါသေးတယ်။ ဒီလိုစီးပွားရေး၊ လူမှုရေး အခြေခံအကြောင်းတရားတွေရှိတဲ့ အိန္ဒိယနိုင်ငံအတွက် စစ်ကို အတတ်နိုင်ဆုံးရှောင်ကြဥ်လိုမယ်ဆိုတာ တွက်ဆကြည့်နိုင်ပါတယ်။ ကက်ရှ်မီးယားပြဿနာလို သမိုင်းနဲ့ချီတဲ့ အချုပ်အခြာပိုင်ဆိုင်မှုအရေးကတော့ ခြွင်းချက်လို့ ပြောရမယ်ထင်ပါတယ်။ တရုတ်နိုင်ငံနဲ့ကြားမှာလည်း မပြီးပြတ်တဲ့ နယ်နမိတ်အငြင်းပွားမှုတွေ ဆက်ရှိနေပြီး ၂၀၂၀ ခုနှစ် ဇွန်လက အိန္ဒိယစစ်သား (၂၀) ခန့် သေဆုံးခဲ့ရတဲ့ Galwan ချိုင့်ဝှမ်း တရုတ်နဲ့ပြဿနာကိုတောင် ဆက်မကျယ်ပြန့်အောင် ကြိုးစားထိန်းသိမ်းခဲ့တာတွေ့ ရပါတယ်။



QUAD အဖွဲ့ဝင်တစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယဟာ အဖွဲ့ဝင် (၈) နိုင်ငံပါတဲ့ ရှန်ဟိုင်းကော်ပိုရေးရှင်းအဖွဲ့ကြီး (SCO) မှာလည်း တရုတ်၊ ရုရှားတို့နဲ့အတူ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကကျင်းပတဲ့ SCO ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အိန္ဒိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီပင်ရာဝပ်ကိုယ်တိုင်တက် ရောက်ခဲ့ပါတယ်။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကနိုင်ငံတို့ပါဝင်တဲ့ BRICS အဖွဲ့ဟာ ၂၀၅၀ ခုနှစ် မှာ ကမ္ဘာ့ဂျီဒီပီရဲ့ (၅၀) ရာခိုင်နှုန်းခန့်ရှိလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။ ဒီအဝန်း အဝိုင်းထဲမှာ အဆင်ပြေပြေနေချင်ပုံပေါက်နေတဲ့ ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံကြီးဟာ QUAD အဖွဲ့ရဲ့ စစ်ရေးစစ်ရာအကြောင်းမဆိုထားနဲ့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံချိန်စံနှုန်းများအကြောင်းကိုတောင် ဒီဒေသတွင်းမှာ လေသံမာမာပြောချင်စိတ်ရှိပါရဲ့လားလို့ ထင်ရမလိုပါ။ မတ်လ (၂၇) ရက်နေ့က နိုင်ငံတကာက ကာကွယ်ရေးဦးစီးချုပ် (၁၂) ဦး စစ်ကောင်စီရဲ့အကြမ်းဖက်မှုကို ကန့်ကွက်ရာမှာ အိန္ဒိယနိုင်ငံမှလွဲ၍ ကျန် QUAD အဖွဲ့ရဲ့ ကာကွယ်ရေးဦးစီးချုပ်များက လက်မှတ်ရေးထိုးခဲ့တာကို တွေ့ရပါတယ်။

• ဂျပန်
ဒုတိယကမ္ဘာစစ်အပြီး ရေးဆွဲဖြစ်ပေါ်ခဲ့ရတဲ့ ဂျပန်နိုင်ငံရဲ့ ၁၉၄၇ ခုနှစ် အခြေခံဥပဒေဟာ ဂျပန်ဧကရာဇ်ရဲ့ အခွင့်အာဏာနဲ့ နိုင်ငံရဲ့စစ်အင်အားတို့ကို ကန့်သတ်လိုက်ရုံသာမက၊ နိုင်ငံတကာအငြင်းပွားမှုများကို စစ်အင်အားသုံးဖြေရှင်းမှုမပြုလုပ်နိုင်ဖို့ ဟန့်တားထားပါတယ်။ ဒီအခြေခံဥပဒေရဲ့ အပိုဒ် (၉) ဟာ ဂျပန်စစ်တပ်ကို နိုင်ငံ တကာစစ်တပ်များနဲ့တန်းတူ စစ်အင်အားတိုးချဲ့မှု့၊ စစ်ရေးလှုပ်ရှားမှု့များ လုပ်ခွင့်မရှိအောင် ထိန်းချုပ်ထားပါတယ်။ တကယ်တော့ ဒီအခြေခံဥပဒေဟာ ‘မက်အာသာရဲ့ဂျပန်နိုင်ငံ အခြေခံဥပဒေ’ လို့တောင် အမည်တွင်ခဲ့ရလေအောင် မဟာမိတ်တပ်ပေါင်းစုရဲ့သေနာပတိ ဗိုလ်ချုပ်ကြီးမက်အာသာ ဦးစီးပြီး စစ်ရှုံးဂျပန်နိုင်ငံရဲ့ အနာ ဂတ်စစ်အင်အားကို ကန့်သတ်ဖို့ရည်ရွယ်ချက်နဲ့ ရေးဆွဲခဲ့တာပါ။ စစ်ဝါဒီများ ပြန်ခေါင်းထောင်မလာနိုင်အောင် အမြဲတမ်း စစ်တပ်မဖွဲ့စည်းနိုင်အောင် တားဆီးထားခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ လုံခြုံရေးအတွက်ကိုတော့ အမေရိကန်နိုင်ငံက နှစ်နိုင်ငံကာကွယ်ရေးစာချုပ်ချုပ်ဆိုပြီး အပြည့်အဝအကာအကွယ်ပေးထားပါတယ်။ ဂျပန် နိုင်ငံကိုတိုက်ခိုက်ရင် အမေရိကန်ကိုတိုက်ခိုက်တာနဲ့ အတူတူပဲလို့ ဆိုထားပါတယ်။ အမေရိကန်နိုင်ငံပြင်ပမှာ အမေရိကန်တပ်ဖွဲ့ အများဆုံး စစ်စခန်းချထားရှိတာ ဂျပန်နိုင်ငံမှာပဲ ဖြစ်ပါတယ်။

၁၉၅၀ ခုနှစ် ကိုရီးယားကျွန်းဆွယ်စစ်ပွဲဖြစ်လာခဲ့တော့မှ လိုအပ်ချက်အရ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့ခွင့်ပြုခဲ့ပါတယ်။ အခြေခံဥပဒေကခွင့်မပြုလို့ အခုအချိန်အထိ စစ်တပ်အဆင့်မရှိသေးပါ။ အခြေခံဥပဒေပြင် ဆင်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပေမယ့် ဆန့်ကျင်ကန့်ကွက်မှုများရှိနေဆဲဖြစ်ပါတယ်။ ဂျပန်ဝန်ကြီးချုပ် အ စဥ်အဆက်မှာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးလောက် ပြင်ဆင်နိုင်ရေး ကြိုးပမ်းခဲ့သူ မရှိသေးဘူးလို့ ဆိုကြပါတယ်။ ပြင်ဆင်ခြင်းမလုပ်နိုင်ခဲ့ပေမယ့် အနက်အဓိပ္ပါယ်ပြောင်းလဲဖွင့်ဆိုပေးနိုင်မယ့် ဥပဒေတစ်ခု သူ့လက်ထက်မှာ ပါလီမန်က ပြဌာန်းပေးနိုင်ခဲ့ပါတယ်။

အဲဒီကာလမှာ ကျိုဒိုသတင်းက ကောက်ခံခဲ့တဲ့စစ်တမ်းတစ်ခုအရ ရှင်ဇိုအာဘေးရဲ့ အားထုတ်မှု့ကို စစ်တမ်း မှာပါဝင်သူ ဂျပန်လူမျိုး ၅၅.၄ရာခိုင်နှုန်းက ဆန့်ကျင်ခဲ့ကြပါတယ်။ တစုတစည်း ကာကွယ်ခုခံပိုင်ခွင့်နဲ့ ဂျပန် နိုင်ငံရဲ့ မဟာမိတ်တွေကို ပိုကူညီနိုင်ခွင့်တွေရရှိအောင် ပြောင်းလဲခဲ့ပေမယ့် ‘ရှင်ဇိုအာဘေး’ကိုယ်တိုင်က အာ ဖဂန်နစ္စတန်နဲ့ အီရတ်လိုစစ်ပွဲမျိုး ထပ်မံကြုံကြိုက်ခဲ့ရရင်တောင် ဂျပန်ကာကွယ်ရေးတပ်ဖွဲ့တွေကို စေလွှတ်မှာမဟုတ်ဘူးလို့ အာမခံပြောကြားခဲ့ပါတယ်။ ဒီဥပဒေဟာ ၂၀၁၆ခုနှစ် မတ်လ (၂၉) ရက်နေ့မှာ စတင်အသက်ဝင်ခဲ့ပါတယ်။ 

ပြောင်းလဲလာတဲ့ ကမ္ဘာ့အခင်းအကျင်းနဲ့ လိုက်လျောညီထွေမှုရှိအောင် စစ်အင်အားတိုးချဲ့ဖို့အတွက် အခြေ ခံဥပဒေကိုပြင်ဆင်ဖို့ ကြိုးစားကြတာကိုတောင် ဆန့်ကျင်မှုများကြုံနေရတဲ့အထိ ဂျပန်လူမျိုးများဟာ စစ်ဆို တဲ့ အရာနဲ့ပတ်သက်ရင်  တွန့်ဆုတ်နေကြဆဲဆိုတာကို တွေ့မြင်နိုင်ပါတယ်။ အခြေခံဥပဒေ မပြင်ဆင်နိုင်သေး သရွေ့ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဟာ မိမိအချုပ်အခြာအာဏာပိုင်နက်ကို ကာကွယ်ပေးဖို့အတွက်ပဲ ဖြစ်နေပါလိမ့်မယ်။ ဒီအခြေအနေမျိုးမှာ အရှေ့တရုတ်ပင်လယ် (East China Sea) က ဂျပန်နဲ့ တရုတ်အကြား သူပိုင်ကိုယ်ပိုင် အငြင်းပွားမှုဖြစ်နေတဲ့ ဂျပန်အခေါ် Senkakuကျွန်း၊ တရုတ်အခေါ်  Diaoyu ကျွန်းပြဿနာ၊ မြောက်ကိုရီးယားက ဂျပန်ပိုင်နက်တဝိုက် ‌ဒုံးကျည်တွေပစ်လွှတ်နေမှုတို့က ဂျပန်နိုင်ငံအတွက် အခြားဒေသ တွင်းအရေးများထက် ပိုဦးစားပေးစရာ လုံခြုံရေးစိန်ခေါ်မှုလို့ သတ်မှတ်ထားနိုင်ပါတယ်။

တကယ်တော့ QUAD အဖွဲ့ဝင်နိုင်ငံအားလုံးအတွက် တရုတ်နိုင်ငံဟာ အရေးကြီးတဲ့ ကုန်သွယ်ဖက်နိုင်ငံဖြစ်ပါ တယ်။ ၂၀၁၉ခုနှစ် ကမ္ဘာ့ဘဏ်ရဲ့ ကုန်သွယ်မှုစာရင်းဇယားအရ ဒီ (၄) နိုင်ငံလုံးအတွက် အကြီးဆုံးသွင်းကုန်နိုင်ငံ ဟာ တရုတ်ဖြစ်ပြီး ပို့ကုန်အတွက်ဆိုရင်လည်း ထိပ်ဆုံး (၃) နိုင်ငံထဲမှာ သူကပါဝင်ပါတယ်။ ဒါတွေဟာ ဒီနိုင်ငံ တွေအတွက် တရုတ်နဲ့ ဆက်ဆံရေးမူဝါဒအတွက် ထည့်သွင်းစဥ်းစားစရာတွေ ဖြစ်ပါတယ်။ ဩစတြေးလျနိုင်ငံ အတွက် တရုတ်နိုင်ငံဟာ သွင်းကုန်ရောပို့ကုန်အတွက်ပါ အကြီးဆုံးကုန်သွယ်ဖက်ပါ၊ ကိုဗစ် (၁၉) ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဒီဗိုင်းရပ်စ်ရဲ့ မူလအစကို လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ ဩစတြေးလျဝန်ကြီးချုပ်က တောင်းဆိုခဲ့ပြီးတဲ့နောက်၊ တရုတ်နိုင်ငံက ဩစတြေးလျနိုင်ငံရဲ့ပို့ကုန်တွေအပေါ် အခွန်နှုန်းထားပြောင်းလဲခဲ့တာမျိုးကအစ ကုန်သွယ်ရေးခက်ခဲမှုတွေ ကြုံတွေ့အောင် တုန့်ပြန်ဆောင်ရွက်ခဲ့တာကိုလည်း နိုင်ငံတကာက ဂရုပြုမိကြတဲ့အတွက် နမူနာယူပြီး သတိထားဆက်ဆံနိုင်ပါတယ်။

နောက်ထပ်ဩစတြေးလျနိုင်ငံ အကြောင်းဖြည့်စွက်ပြောရမယ်ဆိုရင် အတိအကျမကြေညာသေးပေမယ့် ၂၀၂၂ ခုနှစ် ပထမ (၆) လအတွင်းမှာ ရွေးကောက်ပွဲ ပြုလုပ်ဖို့ရှိပါတယ်။ AUKUSဖွဲ့စည်းရေး၊ နျူကလီးယားရေ ငုပ်သ‌င်္ဘောတည်ဆောက်ရေးကိစ္စတို့မှာ ဦးဆောင်ခဲ့တဲ့ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်ရဲ့ ပါတီဟာ  ထွက်ပေါ် ခဲ့တဲ့ စစ်တမ်းများမှာ အတိုက်အခံပါတီရဲ့ နောက်က လိုက်နေပါတယ်။ ဒီအချိန်မှာ ဒီရလဒ်တွေကိုကြည့်ပြီး ကံသေကံမမှန်းဆလို့ မရနိုင်ပေမယ့် လက်ရှိအာဏာရပါတီ သဘောတွေ့တဲ့ ကိန်းဂဏန်းတွေမဟုတ်တာတော့ သေချာပါတယ်။ ဒီအတွက် မိမိရဲ့ မဲဆန္ဒရှင်များအရေးနဲ့ ပြည်တွင်းရေးကို အာရုံစိုက်တဲ့ မူဝါဒများချမှတ်ခြင်း၊လုပ်ငန်းစဥ်များ ဖေါ် ဆောင်ခြင်းတို့ကိုသာ ဒီအတောအတွင်း ဖိဖိစီးစီး လုပ်လာပါလိမ့်မယ်။ နိုင်ငံခြားရေး စစ်ရေးပေါ်လစီ အပြောင်းအလဲတွေ ရုတ်ချည်းတွေ့မြင်ရဖို့တော့ မဖြစ်နိုင်သေးဘူးလို့ ယူဆမိပါတယ်။
ဆောင်းပါးအစမှ ယခုအထိ ဖေါ်ပြပြီးသမျှ ခြုံပြီးပြန်စဥ်းစားကြည့်ရင် QUAD အဖွဲ့ဝင်နိုင်ငံတွေဟာ တကယ် လို့များ ဒီရက်ပိုင်း၊ လပိုင်းမှာ မြန်မာနိုင်ငံအရေးအသာထားလို့၊ သူတို့အစဥ်သတိနဲ့ စောင့်ကြည့်နေတဲ့ တောင် တရုတ်ပင်လယ်အရေး၊ တိုင်ဝမ်အရေးကြောင့် နဖူးတွေ့ ဒူးတွေ့ စစ်ထဲဝင်ကြရဖို့ အကြောင်းဖန်လာခဲ့ရင် တောင်မှ QUAD မဟာမိတ်အဖွဲ့အနေနဲ့ တစ်စည်းတစ်လုံးပါဝင်ဖြစ်ဖို့ အခွင့်အရေးအတော်နည်းလိမ့်မယ်ထင်ပါတယ်။ အဆင်သင့်မဖြစ်၊ အာသီသနည်းပါးနေတဲ့ကာလလို့ပဲ ဆိုရအုံးမှာပါ။

• တောင်တရုတ်ပင်လယ်နှင့် အနီးတဝိုက်ကိုဗဟိုပြု၍ 
အန္တရာယ်ပေးနိုင်တဲ့ မုန်တိုင်းရွေ့လျားရာလမ်းကြောင်းနဲ့ ရာသီဥတုအပြောင်းအလဲ ထူးကဲဖြစ်စဥ်တို့ အတွက် မုန်တိုင်းဗဟိုချက်မအကြောင်း အာရုံစူးစိုက်ပြောဆိုလေ့ရှိကြပါတယ်။ အင်ဒို-ပစ္စိဖိတ်‌ဒေသတွင်းက စစ်မဟာမိတ်အဖွဲ့တွေနဲ့ ဒေသတွင်းရှိ သက်ဆိုင်ရာနိုင်ငံများရော၊ အခြားအင်အားကြီးနိုင်ငံများကပါ ကမ္ဘာ့စစ်ရေး နိုင်ငံရေး အခင်းအကျင်း ကို မုန်တိုင်းထန်သွားစေနိုင်တဲ့ နေရာတစ်ခုအနေနဲ့ မျက်ခြေမပြတ် စောင့်ကြည့်အကဲခတ်နေကြတာက တောင်တရုတ်ပင်လယ်နဲ့ အနီးတဝိုက်က တိုင်ဝမ်ကျွန်း ဖြစ်တယ်ဆိုတာ ဖုံးကွယ်လို့ ရနိုင်မယ်မထင်ပါ။‌အင်ဒို-ပစ္စိဖိတ်‌ဒေသမှာ မြောက်ကိုရီးယားနိုင်ငံလို၊ တရုတ်နဲ့ ဂျပန်၊ တရုတ်နဲ့တောင်ကိုရီးယား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ အရှေ့တရုတ်ပင်လယ် (East China Sea) လို ပြဿနာများလည်းရှိနေပေမယ့် တောင်တရုတ်ပင်လယ်နဲ့ တိုင်ဝမ်အရေးလောက် အကဲဆတ်တာ၊ စစ်ရိပ် စစ်ငွေ့သန်းတာ မရှိလို့ပြောရပါလိမ့်မယ်။



• တောင်တရုတ်ပင်လယ် 
ပထဝီဝင်အနေအထား အရေးပါမှု၊ ကုန်သွယ်ရေးအချက်အချာကျမှု စတဲ့ဖွင့်ဆိုချက်တွေနဲ့ အစမပြုတော့ပဲ အိန္ဒိယသမုဒ္ဒရာဆိုတိုင်း အိန္ဒိယနိုင်ငံကပိုင်ဆိုင်တာမဟုတ်၊ တောင်တရုတ်ပင်လယ်ဆိုတိုင်း တရုတ်နိုင်ငံက ပိုင်ဆိုင်တာမဟုတ်ဆိုခြင်းနဲ့သာ စလိုက်ချင်ပါတယ်။ ကုန်းနယ်နမိတ်များတောင် အငြင်းပွားမှုများစွာနဲ့ ခက် ခက်ခဲခဲ သတ်မှတ်ကြရတဲ့နောက် ရေပြင်နယ်နမိတ်ကို လွယ်လွယ်ကူကူ မသတ်မှတ်နိုင်တာ အဆန်းတကြယ် တော့မဟုတ်ပါ။ တစ်နေရာတည်း၊တစ်နိုင်ငံတည်းနဲ့ အငြင်းပွားနေတာမျိုးမဟုတ်တဲ့အတွက် ပါဝင်ပတ်သက် တဲ့အမျိုးအမည်စုံ ကျွန်းစုတွေ၊ ကျောက်ဆောင်တွေ၊ သောင်ပြင်တွေအကြောင်း အသေးစိတ်ရေးသားတော့မှာ မဟုတ်ပဲ ယေဘုယျဆန်တဲ့ စူးစမ်းမှုသာပြုပါမယ်။

၁၉၈၂ ခုနှစ်ကအစပြုခဲ့တဲ့ The United Nations Convention on the Law of the Sea (UNCLOS) ဆိုတဲ့ ပင် လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂသဘောတူညီချက်က စီးပွားရေးသီးသန့်ဇုန် (Exclusive Economic Zone-EEZ) သတ်မှတ်ခြင်း၊ ပင်လယ်ပြင်ရဲ့အရင်းအမြစ်တွေ ခွဲဝေအသုံးပြုခြင်း၊ ပင်လယ်ရေပိုင်နက် နယ်နမိတ် သတ်မှတ်ခြင်း အစရှိတာတွေဆောင်ရွက်ပေးပြီး တောင်တရုတ်ပင်လယ်အငြင်းပွားမှုတွေကိုလည်း ထို သဘောတူညီသတ်မှတ်ချက်များအရ ဆန်းစစ်ကြားနာဆုံးဖြတ်ပေးပါတယ်။

အာဆီယံနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းတို့နဲ့ တရုတ်နိုင်ငံအကြား တောင်တရုတ် ပင်လယ် ရေပိုင်နက်အငြင်းပွားမှုတွေကလည်း ပြီးပြတ်နိုင်ဖို့ အလားအလာနည်းပါးတယ်လို့မြင်ပါတယ်။ ဥပမာအားဖြင့် တရုတ်နဲ့ဖိလစ်ပိုင်နိုင်ငံရဲ့ Scarborough Shoal အငြင်းပွားမှုမှာ နယ်သာလန်နိုင်ငံ ‘သည်ဟိဂ်’ မြို့၊ PCA ခုံသမာဓိရုံးက တရုတ်ရဲ့ပိုင်ဆိုင်မှုလျှောက်ထားချက်ကို ပယ်ချလိုက်ပေမယ့် တရုတ်ကလက်မခံခဲ့ တာ တွေ့ရှိရပါတယ်။ မလေးရှားနဲ့ ရေမိုင် (၅၀) ခန့်သာဝေးပြီး တရုတ်နဲ့ ရေမိုင် (၁၀၀၀) လောက်ဝေးတဲ့ James Shoal ကိုလည်း တရုတ်နိုင်ငံကပိုင်ဆိုင်တယ်လို့ ပြောထားပြန်ပါတယ်။ အမေရိကန်နိုင်ငံကလည်း တောင်တရုတ်ပင်လယ် အငြင်းပွားမှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ပွတ်တိုက်မှုတွေဖြစ်လာနေတော့ ဒီအရေးဟာ မအေးနိုင်ဘူးလို့ပဲ ထင်မိပါတယ်။ 

ဗီတိုပိုင်ရှင် အင်အားကြီး (၂) နိုင်ငံက ပြဿနာတွေလျော့နည်းစေဖို့ ဦးဆောင်လမ်းပြ ဖြစ်သင့်ပါတယ်။ အမေရိ ကန်နိုင်ငံက UNCLOS သဘောတူညီချက်ကို အတည်ပြုမထားသလို၊ အတည်ပြုထားတဲ့ တရုတ်နိုင်ငံက လည်း ဆုံးဖြတ်ချက်တွေမလိုက်နာလေတော့ ကမ္ဘာကြီးအတွက် စံနမူနာကောင်း ရှာရခက်ခဲနေအုံးမယ် ထင်ပါတယ်။

တရုတ်နိုင်ငံနဲ့ တောင်တရုတ်ပင်လယ်နယ်နိမိတ် သူပိုင် ကိုယ်ပိုင် ထိပ်တိုက်ပဋိက္ခဖြစ်နေကြတဲ့ အာဆီယံနိုင်ငံ တွေအနေနဲ့ သူတို့ရေပိုင်နက်လို့ သတ်မှတ်ထားတဲ့နေရာကို တရုတ်က အင်အားသုံးဝင်ရောက်မလာဖို့ဆိုရင် ရွေးစရာလမ်းက တရုတ်နဲ့အပြိုင် စစ်အင်အားချဲ့ထွင်ပြီး မိမိဖါသာကာကွယ်ကြမလား၊ ဒါမှမဟုတ် စစ်အင် အားကြီးနိုင်ငံများနဲ့ မဟာမိတ်ပြုပြီး အင်အားချိန်ခွင် ပြန်ထိန်းညှိမလားဆိုတာကို စဥ်းစားနေကြမယ်ဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။ ကမ္ဘာ့ဒုတိယအသုံးဖြုန်းဆုံး စစ်ရေးဘတ်ဂျက်ပိုင်ရှင် တရုတ်နဲ့အပြိုင်လိုက်ပြီး စစ်အင်အားလည်း မချဲ့နိုင်၊ ကိုယ့်နယ်နိမိတ်လည်း အပါမခံနိုင်ရင်တော့ စစ်မဟာမိတ်အုပ်စုတွေထဲပါဝင်တာ သို့ မဟုတ် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်တာကို ရွေးချယ်ရဖို့ပဲ ရှိတော့တယ်ထင်ပါတယ်။ ဒီလိုဖြစ်ခဲ့ပြန် ရင်တော့စစ်အင်အားပြိုင်ဆိုင်မှုတွေမြင့်တက်လာပြီး အင်ဒို-ပစ္စိဖိတ်‌ဒေသမှာ တောင်တရုတ်ပင်လယ်ဟာ စစ် မီးတောက်လောင်လာနိုင်ဖို့ အလားအလာပိုများလာပါလိမ့်မယ်။  အင်အားကြီးနိုင်ငံ (၂) ခုရဲ့ ဒီအခြေအနေများအပေါ် ကျိုးကြောင်းဆီလျော်စွာ တုန့်ပြန်နိုင်မှုကသာ  ဒေသတွင်းတည်ငြိမ် ငြိမ်းချမ်းရေးကို ဆောင်ကျဥ်းပေး နိုင်မယ်ထင်ပါတယ်။

• တိုင်ဝမ်
(၇၆) ကြိမ်မြောက် အထွေထွေညီလာခံဟာ ကုလသမဂ္ဂနေရာကို တိုင်ဝမ်နိုင်ငံ (ROC) ကနေ တရုတ်နိုင်ငံ (PRC) ကိုလွှဲပြောင်းလိုက်တဲ့ နှစ် (၅၀) ပြည့်ကာလလည်း ဖြစ်ပါတယ်။ ဒီမတိုင်မီက တိုင်ဝမ်ဟာ “တရုတ်” ကို ကိုယ်စားပြုခဲ့ပြီး ၁၉၇၁ ခုနှစ် အောက်တိုဘာလ (၂၅) ရက်နေ့က ထုတ်ပြန်တဲ့ (၂၆) ကြိမ်မြောက် အထွေထွေညီလာခံရဲ့ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ (XXVI) အရ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပြောင်းလဲအသိမှတ်ပြုလိုက်တဲ့အတွက် လုံခြုံရေးကောင်စီအဖွဲ့ဝင်ဖြစ်ခဲ့တဲ့ တိုင်ဝမ်နိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်ကနေရပ်စဲခံလိုက်ရတာ ယနေ့ထက်ထိဖြစ်ပါတယ်။



တရုတ်နိုင်ငံတစ်နိုင်ငံတည်း မူဝါဒကို ခိုင်ခိုင်မာမာ ကျင့်သုံးလာတဲ့အတွက် ကမ္ဘာ့နိုင်ငံအများစုဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) အစိုးရနဲ့ပဲ တရားဝင်ဆက်ဆံလာကြပါတယ်။ အမေရိကန်ပြည်ထောင်စုကလည်း ၁၉၇၉ ခုနှစ် ဇန်နဝါရီလ (၁) ရက်၊ တရုတ်ကွန်မြူနစ်အစိုးရအာဏာရပြီး နှစ်ပေါင်း (၃၀) ခန့်အကြာမှာ တရားဝင်သံတမန်ဆက်ဆံရေးထူထောင်ခဲ့ပါတယ်။ ဒါ့ကြောင့် အခုဆိုရင်တိုင်ဝမ်နိုင်ငံနဲ့ တရားဝင်သံတမန်အဆင့် ဆက်ဆံရေးရှိတဲ့ နိုင်ငံများဟာ ဗာတီကန်မပါပဲ ရေတွက်မယ်ဆိုရင် (၁၄) နိုင်ငံပဲ ကျန်ရှိပါတော့တယ်။ အမေရိ ကန်နိုင်ငံနဲ့ တိုင်ဝမ်နိုင်ငံအကြား တရားဝင်သံတမန်ဆက်ဆံရေးမရှိတော့ပေမယ့် ထူးခြားပြီးနီးကပ်တဲ့ ဆက်ဆံရေးကို တည်ဆောက်ထားပါတယ်။

အမေရိကန်နိုင်ငံက တရုတ်နိုင်ငံနဲ့ တရားဝင်ဆက်ဆံလာပြီးတဲ့နောက်မှာ တိုင်ဝမ်ရဲ့လုံခြုံရေးကို အာမခံပေး သော ၁၉၅၄ ခုနှစ်က လက်မှတ်ရေးထိုးခဲ့တဲ့ Mutual Defence Treaty ဟာ ၁၉၇၉ခုနှစ်မှာ ရပ်စဲသွားပါတယ်။ အဲဒီစာချုပ်အစား Taiwan Relations Act (TRA) ဆိုတဲ့ဥပဒေကိုပြဌာန်းပေးခဲ့ပြီး တိုင်ဝမ်နဲ့ ဆက်ဆံလာခဲ့ပါ တယ်။ အချို့အချက်အလက်များကတူညီပေမယ့် တကယ်လို့ တရုတ်နိုင်ငံက ဝင်ရောက်တိုက်ခိုက်ခဲ့ရင် ဘယ်လိုကာကွယ်တုန့်ပြန်ပေးမယ်ဆိုတာကတော့ အရင်စာချုပ်လို သဲသဲကွဲကွဲ မတွေ့ရတော့ပါ။

ဒီလို ‘မရှင်းမလင်း မရေမရာ မဟာဗျူဟာ’ဟာ ရည်ရွယ်ချက်ရှိရှိ ကျင့်သုံးနေတာဖြစ်ပြီး တရုတ်ကိုယ်တိုင် သို့လော သို့လော ဖြစ်နေရအောင်ပါ။ အမေရိကန်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံတစ်နိုင်ငံတည်း ပေါ်လစီကိုပြောင်းလဲကျင့်သုံးခဲ့ပြီးတဲ့နောက် တိုင်ဝမ်လုံခြုံရေးကို ကိုယ်ထိလက်ရောက်ကာကွယ်မယ်ဆိုပြီး အတိအလင်းပြောဖို့ အခြေအနေမပေးတော့တာလည်း ဖြစ်ပါတယ်။ မကြာသေးမီ နိုဝင်ဘာ (၃) ရက်နေ့က ကျင်းပတဲ့ (၁၂) ကြိမ် မြောက် Aspen Security Forumမှာ အမေရိကန် လက်နက်ကိုင်ကာကွယ်ရေးတပ်ဖွဲ့များရဲ့ အမြင့်ဆုံးရာထူး အဆင့်ရှိ  ဗိုလ်ချုပ်ကြီး ‘မာခ့်မယ်လီ’က ‘အမေရိကန်နိုင်ငံအနေနဲ့ တိုင်ဝမ်ကို တရုတ်နိုင်ငံကတိုက်ခိုက်လာရင် လုံးဝကာကွယ်ပေးနိုင်စွမ်းရှိတယ်၊ အိမ်ဖြူတော်ကဒါကို ဆုံးဖြတ်ပါလိမ့်မယ်’ လို့ ပြောကြားခဲ့ပါတယ်။ အမေရိ ကန်အစိုးရအဆက်ဆက် နိုင်ငံရေးကတိကဝတ်ပြုခဲ့ကြပြီး လေးနက်တဲ့ ကာကွယ်ရေး၊ လုံခြုံရေးကိစ္စတွေကို နှစ်နိုင်ငံကြား ဖေါ်ဆောင်ကြတာကတော့ ထင်ရှားပါတယ်။

တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခြေခံပြီး တရုတ်ခေါင်းဆောင်အဆက်ဆက်က တိုင်ဝမ်အရေးကိုစဥ်းစားခဲ့ ကြပါတယ်။ တိုင်ဝမ်နိုင်ငံ၊ တိုင်ဝမ်လွတ်လပ်ရေးဆိုတာကို လုံးဝလက်သင့်မခံကြပဲ ခွဲထုတ်လို့မရတဲ့ တရုတ် ပြည်မကြီးရဲ့အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားကြပါတယ်။ တရုတ်နိုင်ငံ ‘အမျိုးသားပြည်သူ့ကွန်ဂရက်’ (National People’s Congress) ရဲ့ တိုင်ဝမ်ပြည်သူများအတွက် ၁၉၇၉ ခုနှစ် ဇန်နဝါရီလ (၁) ရက် နှစ်သစ်ကူး သဝဏ်လွှာက အစပြုပြီး ‘တိုင်ဝမ်လွတ်မြောက်ရေး’ ဆိုတဲ့ တစ်လျှောက်လုံးသုံးလာခဲ့တဲ့ စကားရပ်အစား ‘ပြန်လည်ပေါင်းစည်းရေး’ဆိုတာကို တရုတ်နိုင်ငံက တွင်တွင်သုံးလာခဲ့ပါတယ်။

ဒီသတင်းစကား နှစ် (၃၀) ပြည့် သမ္မတဟူကျင်တောင်းရဲ့ တိုင်ဝမ်အရေးနဲ့ပတ်သက်တဲ့  အဆိုပြုချက် (၆) ချက် မိန့်ခွန်းမှာ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးကို အလေးအနက် ထည့်သွင်းပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ အောက်တိုဘာလ (၉) ရက်နေ့က သမ္မတ  ရှီကျင်ပင်းရဲ့ ၁၉၁၁ ခုနှစ် တော်လှန်ရေး နှစ် (၁၁၀) ပြည့်အထိမ်းအမှတ် မိန့်ခွန်းမှာလည်း တစ်ပြည်ထောင်စံနစ်နှစ်ခုနဲ့ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကိစ္စကို ပြောကြားခဲ့ပါတယ်။ နောက်တစ်နေ့ တိုင်ဝမ်အမျိုးသားနေ့မှာပဲ တိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်းက ပေါင်းစည်းရေးအတွက် ဖိအားပေးတာမျိုးကို လက်ခံမှာမဟုတ်ကြောင်း တုန့်ပြန်ပြောကြားခဲ့ပါတယ်။ တစ်ပြည်ထောင်စံနစ်နှစ်ခုကိုလည်း တိုင်ဝမ်အစိုးရက ငြင်းပယ်ထားပြီးဖြစ်ပါတယ်။ တိန့်ရှောင်ဖိန်ရဲ့ လက်ထက်ကတည်းက ဟောင်ကောင်နဲ့မကာအိုတို့ပုံစံမျိုး တစ်နေ့ကျရင် တိုင်ဝမ်ကိုဖြစ်စေလိုတဲ့ဆန္ဒရှိခဲ့တာပါ။ ဒါပေမယ့်  အခုတွေ့မြင်နေကြရတဲ့  ဟောင်ကောင်အရေးကို ကြည့်ပြီး တစ်ပြည်ထောင် စံနစ်နှစ်ခုကို တိုင်ဝမ်ပြည်သူတွေ တွန့်ဆုတ်နေနိုင်ပါတယ်။

တရုတ်အစိုးရဘက်က တစ်သွေးသားတည်း၊ တစ်မိသားစုတည်း ဆိုပြီးပြောလေ့ရှိပေမယ့် တိုင်ဝမ်လူထုကြား မှာတော့ သူတို့ကိုသူတို့ တရုတ်လို့မမြင်ကြပဲ တိုင်ဝမ်လူမျိုးလို့ပဲ သတ်မှတ်လာကြသူတွေက ပိုများလာတာ စစ်တမ်းများမှာတွေ့ရပါတယ်။ National Chengchi Universityက ကောက်ခံတဲ့ ဇူလိုင်လကစစ်တမ်းမှာ ကိုယ့်  ကိုယ်ကို တရုတ်လို့သတ်မှတ်သူက (၂.၇)ရာခိုင်နှုန်း၊ တိုင်ဝမ်နဲ့ တရုတ်လို့သတ်မှတ်သူက (၃၁.၄) ရာခိုင်နှုန်း၊ တိုင် ဝမ်လူမျိုးလို့သတ်မှတ်သူက (၆၃.၃) ရာခိုင်နှုန်းရှိပါတယ်။ ၁၉၉၂ ခုနှစ်စစ်တမ်းမှာက တရုတ် (၂၅.၅) ရာခိုင်နှုန်း၊ တိုင်ဝမ်နဲ့ တရုတ် (၄၆.၄) ရာခိုင်နှုန်း၊ တိုင်ဝမ် (၁၇.၆) ရာခိုင်နှုန်းဆိုပြီးရှိခဲ့တာပါ။ မျိုးဆက်သစ်များရဲ့ သဘောထားကို ထင်ဟပ်တယ်လို့ဆိုရမှာပါ။ ၂၀၂၀ ရွေးကောက်ပွဲတုန်းကလည်း အသက် (၄၀) အောက် မဲဆန္ဒရှင်တွေရဲ့ (၇၂) ရာခိုင်နှုန်းက’ဆိုင်အင်ဝမ်း’ရဲ့ Democratic Progressive Party (DPP) ကို မဲပေးခဲ့ကြတယ်လို့ Academia Sinica (သုတေသနအကယ်ဒမီ) ရဲ့ တွေ့ရှိထားမှုနဲ့လည်း ကိုက်ညီမှုရှိပြီး မျိုးဆက်ဟောင်း၊မျိုးဆက်သစ်ကွာခြားမှုကို ပြသနေပါတယ်။ ရှေ့ဆက်သွားမယ့် ဒီနိုင်ငံရေးပုံသဏ္ဏာန်ဟာ တရုတ်အစိုးရအတွက်တော့ စိတ်မအေးစရာ ဖြစ်မှာပါ။

အမေရိကန်နိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးနီးပါးကလည်း တရုတ်တစ်နိုင်ငံတည်းမူကို လက်ခံထားကြတယ်။ ကု လသမဂ္ဂကလည်း အလားတူဆိုပေမယ့် တိုင်ဝမ်ပြည်သူအများစုရဲ့ ဆန္ဒကင်းမဲ့မှုက တရုတ်အစိုးရရဲ့ ပြန်လည် ပေါင်းစည်းရေးအတွက် အဟန့်အတားဖြစ်နေပါတယ်။ Economist Intelligence Unit (EIU) ရဲ့  ၂၀၂၀ ခုနှစ် ဒီမို ကရေစီအဆင့် ၁၆၇ နိုင်ငံအတွက် သတ်မှတ်မှုအရ တိုင်ဝမ်က ထိပ်ပိုင်းအဆင့် (၁၁) မှာရှိပြီး တရုတ်နိုင်ငံက အဆင့် (၁၅၁) မှာ ရှိပါတယ်။ ပါတီစုံဒီမိုကရေစီစံနစ်အောက်မှာ နှစ်ပေါင်းများစွာ နေသားကျနေပြီး လွတ်လပ်စွာပြောဆိုရေးသား ဆန္ဒထုတ်ဖေါ်ခွင့်ရရှိနေသူများကို၊ ရေရောထားတဲ့ ဒီမိုကရေစီအရသာအား တိုတောင်းစွာခံ စားခဲ့ဖူးသူများအနေဖြင့် ကိုယ်ချင်းစာနိုင်တယ်လို့ ပြောရပါမယ်။ တရုတ်အစိုးရနဲ့ ပိုအဆင်ပြေတဲ့ ကူမင်တန် ပါတီ ကလည်း အာဏာရဖို့လမ်းက သိပ်မမြင်ရလေတော့ ပေါင်းစည်းရေးအတွက် ငြိမ်းချမ်းတဲ့ဘယ်နည်းနဲ့ မဆိုကြိုးစားမယ်လို့ ပြောကြားခဲ့သည့် တရုတ်ခေါင်းဆောင်များကိုယ်တိုင် သံသယဝင်ကောင်း ဝင်နေပြီလားဆိုတာ မသိနိုင်ပါ။

ဒီလိုဆိုရင် ဘယ်နည်းသုံးကြတော့မယ်ဆိုတာ မှန်းဆဖို့သိပ်မခက်တော့ပြီလား။ နိုင်ငံတကာက ထင်မြင်ယူဆ ချက်များစွာရှိသော်လည်း အင်ဒို-ပစ္စိဖိတ်‌ဒေသ (United States Indo-Pacific  Command) ရဲ့ အမြင့်ဆုံးအဆင့် ရှိသူနှစ်ဦးရဲ့ အမြင်ကိုသာ ကိုးကားလိုပါတယ်။ အလွတ်သဘောပြောကြားခဲ့ခြင်းမဟုတ်ပဲ ဆီးနိတ်လွှတ်တော် ကြားနာမှုမှာ ဖြေကြားခဲ့တာဖြစ်လို့ သူတို့မြင်တဲ့အတိုင်း မှန်ကန်စွာဖြေဆိုမှုလို့  ပြောနိုင်ပါတယ်။ ပထမတစ်ဦးက ဗိုလ်ချုပ်ကြီး ဖီးလ်ဒေဗစ်ဆင်ပါ။ သူက တရုတ်နိုင်ငံဟာ နောက် (၆) နှစ်အတွင်း တိုင်ဝမ်ကို ရယူနိုင်ဖို့ ကြိုးစားလိမ့်မယ်လို့ ယူဆကြောင်း မတ်လတုန်းက ဖြေခဲ့တာပါ။ နောက်တစ်ဦးက သူ့ရဲ့နေရာကို ဆက်ခံခဲ့သူ ဗိုလ်ချုပ်ကြီး ဂျွန်အကွိလိနို ဖြစ်ပါတယ်။ သူက ထင်ထားခဲ့တာတွေထက်ပိုစောလိမ့်မယ်ဆိုပြီး ဖီးလ်ဒေဗစ်ဆင် ပြောခဲ့တဲ့ (၆) နှစ်တောင် စောင့်ရမှာမဟုတ်ဘူးဆိုတဲ့သဘော ပြောသွားတာပါ။ USINDOPACOM ရဲ့ ယခင်နဲ့ ယခုဦးစီးချုပ် ဗိုလ်ချုပ်ကြီးနှစ်ယောက်ရဲ့  ဆီးနိတ်လွှတ်တော်မှာ ဖြေကြားမှုများဖြစ်တဲ့အတွက် အလေးအ နက်ထားရမယ်ထင်ပါတယ်။

တရုတ်နိုင်ငံထားရှိတဲ့ တိုင်ဝမ်အပေါ်သဘောထားနဲ့ တရုတ်နိုင်ငံထဲ ပြန်လည်ထည့်သွင်းချင်တဲ့ အာသီသဟာ အားလုံးအတွက် ရှင်းလင်းနေသလို တရုတ်ကလည်း ကွယ်ဝှက်မထားခဲ့။ Taiwan Relations Act အရ တိုင် ဝမ်ကို  အမေရိကန်က နှစ်စဥ် တန်ဖိုးများစွာပေးရတဲ့ ကာကွယ်ရေးပစ္စည်းတွေကို ရောင်းချပေးပြီး တိုင်ဝမ်ရဲ့ စစ်အင်အားကို ဖြည့်တင်းပေးနေပါတယ်။ အစိုးရအဖွဲ့က ရှေ့လာမယ့် ဘတ်ဂျက်နှစ်အတွက် ကာကွယ်ရေး ဘတ်ဂျက် ဒေါ်လာ (၁၇.၀၅) ဘီလီယံခွင့်ပြုဖို့  ပြီးခဲ့တဲ့ဩဂုတ်လ (၃၁) ရက်နေ့ကတင်သွင်းထားပြီး လွှတ်တော် ရဲ့အတည်ပြုမှုကို စောင့်ဆိုင်းနေတယ်လို့သိရပါတယ်။ တရုတ်နိုင်ငံရဲ့ စစ်ရေးအသုံးစားရိတ်နဲ့တော့ မယှဥ်နိုင်ပေမယ့် ခေတ်မီလက်နက်များနဲ့ အစဥ်စစ်အင်အား တောင့်တင်းအောင်ဆောင်ရွက်နေတဲ့ အစ္စရေးနိုင်ငံရဲ့  ၂၀၁၉ ခုနှစ် ကာကွယ်ရေးဘတ်ဂျက်က ဒေါ်လာ (၁၇) ဘီလီယံရှိခဲ့တယ်ဆိုရင် တိုင်ဝမ်ရဲ့ စစ်ရေးအသုံးစားရိတ်ကို နည်းတယ်လို့မပြောနိုင်ပါ။

လက်တွေ့မှာဘယ်လောက် စစ်ရေးပြင်ဆင် ကာကွယ်မှုတွေပဲရှိရှိ မိုင် (၁၀၀) ပတ်ဝန်းကျင်လောက်သာ ကျယ်တယ်ဆိုတဲ့ တရုတ်ပြည်မကြီးနဲ့ တိုင်ဝမ်ကြားက တိုင်ဝမ်ရေလက်ကြားကိုကျော်ဖြတ်လာမယ့် လေကြောင်းတိုက်ခိုက်မှုတွေ၊ ဒုံးကျည်ပစ်လွှတ်မှုတွေက ရာခိုင်နှုန်းပြည့် ခုခံရှောင်လွှဲနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ရဲ့လက်တုန့်ပြန်မှု၊ အနောက်အုပ်စုနိုင်ငံများရဲ့ ကုန်သွယ်ရေးပိတ်ဆို့အရေးယူမှုတို့အပါအဝင် တစ်သွေးတစ်သား တစ်မိသားစုတည်းလို့ဆိုခဲ့တဲ့  တိုင်ဝမ်ပြည်သူများနဲ့ အသေအကြေတိုက်ခိုက်မှု လုပ်ရေး၊ မလုပ်ရေး စတာတွေကို အများကြီးချင့်ချိန်နေရတဲ့အခြေအနေဖြစ်ပါလိမ့်မယ်။

စစ်ပွဲတိုင်းမှာ နှစ်ဖက်အကျအဆုံး ရှိနိုင်တာဖြစ်လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့က  ‘ကလေးတစ် ယောက် မူဝါဒ’ လက်ထက် မွေးဖွားလာတဲ့ စစ်သည်မျိုးဆက်များနဲ့ မိသားစုအရေးအတွက်လည်း စဥ်းစားနေရပါလိမ့်မယ်။ နောက်တစ်ချက်က တရုတ်နိုင်ငံရဲ့ Belt and Road Initiative (BRI) စီမံကိန်းဆိုတာကလည်း နိုင်ငံတကာကို အဓိကစည်းရုံးဆွဲဆောင်မှုပြုနေရတဲ့ အချိန်ဆိုတော့ ကမ္ဘာ့မိသားစုရဲ့ ယုံကြည်မှုကို ထိခိုက်သွားမှာကို လိုလားမှာတော့ မဟုတ်နိုင်ပါ။ သေချာတာတစ်ခုက ဂျိုးဘိုင်ဒန်နဲ့ ရှီကျင်ပင်းအတွေးထဲ တိုင်ဝမ်ဆိုတဲ့ စကားလုံးဝင်ရောက်မလာတဲ့နေ့ မရှိလို့ ပြောဆိုနိုင်မယ့်အထိ၊ အင်ဒို-ပစ္စိဖိတ်‌ဒေသအရေးမှာ တိုင်ဝမ်က ထိပ်ဆုံးမှာ ရှိနေပါလိမ့်မယ်။

သီအိုဇော်


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar