Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၁၃ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၁၃ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) နို၀င်ဘာ ၁၄၊ ၂၀၂၁

• နိုင်ငံရေးတင်းမာမှုအရှိန် မြင့်တက်လာချိန်၊  လျော့လျဲလာတဲ့ တရားဥပဒေစိုးမိုးရေး
PDF တွေရဲ့ တိုက်ခိုက်မှုနဲ့ ပီဒီအက်ဖ် (သို့မဟုတ်) ပျူစောထီး ရောနှောနေတဲ့ ဗုံးခွဲမှု လုပ်ကြံသတ်ဖြတ်မှုတွေ နေ့စဥ်အဖြစ်အပျက်အရေအတွက်က ပိုများလာနေပါတယ်၊ သေဆုံးမှု ကိန်းဂဏန်းတွေက တဖက်နဲ့တဖက် ပိုပိုသာသာ ခန့်မှန်းပြောဆိုမှုတွေ ရှိနေသည့်တိုင် တလနဲ့တလ မြင့်တက်လာနေတာကတော့ အမှန်ပဲဖြစ်ပါတယ်။ 

ပြည်နယ်နဲ့တိုင်းအချို့မှာ ဒေသအလိုက် မြို့အလိုက် ရွာအလိုက် ပီဒီအက်ဖ်တွေ တိုက်ပွဲတွေ အလစ် အငိုက် တိုက်ခိုက်မှု၊ ရဲစခန်းတွေကို ဝင်စီးတာတွေ နေ့စဥ်လိုလို ဖြစ်ပျက်နေတာ သတင်းတွေထဲ ဖတ်နေရပါတယ်။ ဒီနေ့မှာဆို ရေစကြိုမြို့အနီးက ပခန်းငယ်မှာ ရဲစခန်းကိုဝင်စီးပြီး မီးရှို့ဖျက်ဆီးလိုက်တဲ့ သတင်းဖတ်ရပါတယ်။ အလားတူ တခြားနယ်တနယ်မှာလည်း ရဲကင်းကို ဝင်စီးပြီး လက်နက်တချို့ ကျည်တချို့ သိမ်းဆည်းရတဲ့ သတင်း၊ ပုလဲမြို့နယ်မှာ ပီဒီအက်ဖ်တွေနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ သတင်း၊ ကယားပြည်နယ်က တိုက်ခိုက်မှု၊ ချင်းပြည်နယ် မင်းတပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှု၊ မွန်ပြည်နယ်အတွင်းက ကေအန်ယူတပ်မဟာ ၁ နယ်မြေက ပစ်ခတ်မှုတွေက ဖြစ်နေကျသတင်းတွေသဖွယ် နေ့စဥ်သတင်းတွေထဲ နေရာယူထားကြတာပါတယ်၊ တဖန် ပုပ္ပါးက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းပိုင် အခမဲ့ကွန်ပျူတာသင်တန်းကျောင်း မီးရှို့ခံရ ဖျက်ဆီးခံရတဲ့သတင်းတွေ၊ ချောင်းဆုံမြို့နယ် အန်အယ်လ်ဒီရုံး ပြိုကျပျက်စီးသွားလောက်တဲ့အထိ ဖောက်ခွဲဖျက်ဆီးခံရတဲ့ သတင်းတွေ ညဘက်မှာတော့ မော်လမြိုင်မြို့က ရပ်ကွက်တခုမှာ မိသားစုဝင် ၄ ဦး ညစာစားနေကြတုန်း အမျိုးသားတဦးက ဓါးနဲ့ဝင်ခုတ်ရာမှာ အဖေနဲ့သားဖြစ်သူက နေရာတင်သေဆုံးပြီး အမေနဲ့ သမီးက ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတဲ့အခြေအနေရှိတယ်ဆိုတဲ့ သတင်း၊ နောက်ဆုံးတနေ့တာ မကုန်ဆုံးခင်မှာတော့ နတ်မောက်မြို့စျေးကြီး မီးလောင်တဲ့ သတင်း၊ ည ၉ နာရီကျော်က စတင်လောင်ကျွမ်းရာမှာ ၁၂ နာရီမထိုးမီမှာ မီးကို ထိန်းနိုင်တယ်ဆိုပေမယ့် စျေးတစျေးလုံးနီးပါး ကုန်သလောက် လောင်ကျွမ်းသွားပြီးဖြစ်တယ်ဆိုတဲ့ သတင်းတွေ ဖြစ်ပါတယ်။ 

သတင်းတွေကို စိစစ်ခွဲခြားကြည့်ရင် နိုင်ငံရေး စစ်ရေး သတင်းတွေ၊ ဆိုးရွားတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုသတင်း၊ နိုင်ငံရေးသတင်းမှန်ပေမယ့်လည်း လုပ်ကြံသတ်ဖြတ်မှု သတင်းတွေ၊ နိုင်ငံရေးနဲ့ တိုက်ရိုက်မဆိုင်တဲ့ တရားဥပဒေစိုးမိုးမှု လျော့လျဲလာတာကြောင့် အခြေအနေက ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ ပိုလွယ်ကူလာတဲ့ အဖြစ်အပျက်တွေကို ခွဲခြားတွေ့ရှိရပါတယ်။ 

လက်နက်ကိုင် ပီဒီအက်ဖ်တွေ တိုက်ခိုက်တဲ့သတင်းတွေက စစ်ရေးသတင်းလို့ ဆိုရမှာဖြစ်ပါတယ်။ ရဲကင်းတွေ ဝင်တိုက်တာ၊ ရဲစခန်းတွေ ဝင်စီးတာ၊ စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်တာတွေက စစ်ရေးသတင်းတွေလို့ ဆိုနိုင်မှာဖြစ်ပါတယ်။ အလားတူ တဖက်မှာလည်း စစ်ကောင်စီတပ်တွေက ပီဒီအက်ဖ်လို့ သံသယရှိသူ (သို့မဟုတ်) သူတို့ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ဒေသက ရွာတွေကိုဝင်ပြီး အမျိုးသားတွေဆိုရင် ပီဒီအက်ဖ်လို့ သံသယနဲ့ ဖမ်းဆီး ရိုက်နှက် အသက်သေဆုံးတဲ့အထိ ရိုက်နှက်ကြတဲ့သတင်းတွေလည်း နိုင်ငံရေး၊ စစ်ရေးနဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ သတင်းတွေ လို့သတ်မှတ်ရမယ် ထင်ပါတယ်။ 

နောက် သတင်းအုပ်စုတခုကတော့ လုပ်ကြံသတ်ဖြတ်မှု သတင်းတွေ ဖြစ်ပါတယ်။ သတင်းလို့ သံသယရှိသူတွေကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်တဲ့ သတင်းတွေ၊ အချို့သောကျေးရွာတွေမှာ ဓါးနဲ့ခုတ်သတ်ဖြတ်တာတွေ ဗုံးနဲ့အိမ်ကိုပစ်တာတွေက နေ့စဥ်သတင်းတွေထဲ အရေအတွက် အများဆုံး ဖြစ်မယ်ထင်ပါတယ်။ ဒီအဖြစ်အပျက်တွေမှာ သေဆုံးသူရဲ့အမည်နဲ့ အလုပ်အကိုင် ဘယ်နိုင်ငံရေးအုပ်စုကို ထောက်ခံတယ်ဆိုတာမျိုးတော့ ပါဝင်လေ့ရှိပေမယ့် ဘယ်သူဘယ်ဝါကလုပ်တယ် ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာမျိုး မသိရှိနိုင်တာ များပါတယ်။ အချို့သော လုပ်ကြံသတ်ဖြတ်မှုတွေကိုတော့ သူတို့အဖွဲ့ကလုပ်တယ်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ကြေညာလေ့ရှိပေမယ့် အချို့သောအဖြစ်အပျက်တွေက ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိနိုင်တော့တဲ့အနေအထားဖြစ်ပါတယ်။ 

ဒီလိုအခြေအနေအောက်မှာ တရားဥပဒေစိုးမိုးမှုမရှိတော့ဘူးလို့ ယူဆတာကြောင့် နိုင်ငံရေးနဲ့မပတ်သက်တဲ့ လက်စားခြေမှုတွေ ရာဇဝတ်မှုကျူးလွန်မှုတွေလည်း ပိုများပြားလာတာတွေ့ နေရမှာဖြစ်ပါတယ်။ မော်လမြိုင်က မိသားစု ၄ ဦးစလုံး အသက်ဆုံးရှုံးအောင် သတ်ဖြတ်ဖို့ကြိုးစားတဲ့ ကိစ္စရဲ့ နောက်ခံအကြောင်းရင်း သေချာစွာမသိရသေးသော်လည်း နိုင်ငံရေးထက် အခြားသောအကြောင်းတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပစ္စည်းခိုးခံရတာ လုခံရတာမျိုး ရာဇဝတ်မှုတွေက အခုချိန်မှာ အရေးထားစရာမဟုတ်လောက်တော့တဲ့ အခြေအနေရောက်သွားသလို ဘယ်ကိစ္စမှလည်း တရားဥပဒေအရ လိုက်လံဖော်ထုတ် အရေးယူနိုင်ခြေမရှိတော့တဲ့အနေအထားဖြစ်လာနေပါတယ်။ တိုင်းပြည်ပျက်တဲ့ တနည်းအားဖြင့်ပြောရရင် အုပ်ချုပ်ရေး လုံးဝပျက်ပြားသွားတဲ့အနေအထားမဟုတ်ပေမယ့်လည်း အဲလိုအခြေအနေဆီ ဦးတည်နေတယ်လို့ဆိုရင် မမှားဘူးထင်ပါတယ်။ 

ဒုတိယကမ္ဘာစစ်ဖြစ်ပွားစဥ် အုပ်ချုပ်ရေးပျက်ပြားတဲ့ကာလနဲ့တော့ နှိုင်းယှဥ်စရာအနေအထားမဟုတ်ပေမယ့် လားရာက အုပ်ချုပ်ရေး လျော့လျဲလာနေပြီး ဒီထက်ဆိုးလာရင် လုယက်တာ ဓါးပြတိုက်တာတွေ အထိဖြစ်ပွားလာမလားဆိုတဲ့ စိုးရိမ်စရာ အလားအလာတွေရှိနေတယ်လို့ထင်ပါတယ်။ 

ဒီလိုစိုးရိမ်စရာ ရှေ့အနာဂတ်က ဘာမှမခန့်မှန်းနိုင် ဝေဝါးနေတဲ့အခြေအနေမျိုးမှာ နိုင်ငံတကာက အထူးသံတမန်တယောက်နဲ့ အလွတ်တန်း စေ့စပ်ညှိနှိုင်းသူတဦးတို့ မြန်မာနိုင်ငံကိုရောက်ရှိလာမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံတမန် ဆွန်ကော့ရှန်နဲ့ နိပွန်ဖောင်းဒေးရှင်း ဥက္ကဌ ဆာဆာကာဝါ တို့ဖြစ်ပါတယ်။ ဆာဆာကာဝါဟာ ဂျပန်အစိုးရနဲ့ တိုက်ရိုက်မသက်ဆိုင်သော်လည်း ဂျပန်နိုင်ငံရေးအသိုင်းအဝိုင်းမှာ သြဇာရှိသူဖြစ်ပြီး မနှစ်က အေအေလက်နက်ကိုင်အဖွဲ့နဲ့ စစ်တပ်အကြား နှုတ်နဲ့အပစ်ရပ်သဘောတူညီမှုမှာ ကြားဝင်စေ့စပ်ဆွေးနွေးခဲ့သူ ဖြစ်ပါတယ်။ တနှစ်ကြာပြီးနောက် မြန်မာနိုင်ငံရေးအကြပ်အတည်းထဲ ဒုတိယအကြိမ် ဝင်ရောက်စေ့စပ်ဖို့ ကြိုးစားမှုဖြစ်နိုင်ပါတယ်။ နောက်တဦးဖြစ်တဲ့ ဆွန်ကော့ရှန်ကတော့ တရုတ်အစိုးရရဲ့ တရားဝင်ကိုယ်စားလှယ်ဖြစ်ပြီး ပြီးခဲ့တဲ့ လအနည်းငယ်ကလည်း တကြိမ်လာရောက်ခဲ့သေးတာပါ။ အဲဒီလာရောက်တဲ့ ခရီးစဥ်ကိုတော့ စစ်ကောင်စီဘက်က ဘာမှမထုတ်ပြန်ခဲ့ပါဘူး။ 

အာဆီယံ အထူးကိုယ်စားလှယ် မလာရောက်နိုင်တဲ့ အခြေအနေ၊ နိုင်ငံထဲမှာ လက်နက်ကိုင်ပဋိပက္ခတွေ ကျယ်ပြန့်လာနေချိန်၊ တရားဥပဒေစိုးမိုးမှုလျော့လျဲလာနေတဲ့ အခုလိုအခြေအနေမှာ နိုင်ငံတကာကသံတမန်တွေ လာရောက်ကြတဲ့သဘောဖြစ်ပြီး ဘယ်လိုရလဒ်ထွက်ပေါ်လာမလဲဆိုတာတော့ အဆုံးအဖြတ်ပေးနိုင်သူတွေက သူတို့အကျိုးစီးပွားကိုသာ ဦးစားပေးကြမှာလား နိုင်ငံတခုလုံး ပြည်တွင်းစစ် အုပ်ချုပ်ရေးပျက်ပြားပြီး စစ်ဘေး၊ အငတ်ဘေး ရောဂါဘေး ရင်ဆိုင်ကြရတဲ့အခြေအနေထိ သက်ဆင်းကြမှာလားဆိုတာတော့ မသိနိုင်သေးတဲ့အခြေအနေဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar