သုထက်စျာန် - ရင်ဖွဲ့ကျွန်း
(မိုးမခ) နို၀င်ဘာ ၁၄၊ ၂၀၂၁
ကောင်းကင်မှာ ပျံဝဲနေတဲ့ စွန်လေးတခု။ လေရဲ့အရှိန်မှာ ယိမ်းနွဲ့နေလျက်။ ပြတင်းတံခါးဆီကနေ တိမ်တွေ့ရဲ့ရွေ့လျားမှုတွေကိုခံစားရင်း တွေ့လိုက်ရသည့် မြင်ကွင်းလေး။ စိတ်ကူးတွေနဲ့ တိမ်တွေကို ခဏခဏခိုစီးကြည့်ခဲ့ဖူးတယ်။ ခံစားမှုဆိုတာ အသေးအဖွဲလေးကအစ နှလုံးသားနဲ့ပေါင်းစပ်တဲ့အခါ ထုထည်တွေက အလိုလိုကြီးလာစမြဲ။ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် ခံစားမှုတွေထည့်သိပ်လိုက်တဲ့အခါ ရင်ဖွဲ့ကျွန်းလေးတခုဖြစ်ခဲ့ရပေါ့။
အိုမင်းရင့်ရော်မှုမရှိတဲ့ ကောင်းကင်ထဲ နုပျိုလတ်ဆတ်နေတဲ့တိမ်တွေကို အားကျမိတယ်။ တံစက်မြိတ်မှာ နှင်းရည်စက်တို့တွဲခိုတော့ တစ်ဆောင်းသစ်ပြန်ပြီလို့ တွေးမိပြန်တယ်။ ဆောင်းခိုငှက်တကောင်မဟုတ်ပေမယ့် ဆောင်းရဲ့အငွေ့အသက်ကို နှစ်သက်မိပါရဲ့။ အိပ်ပျော်ဖို့ခက်ခဲလွန်းသူတယောက်အတွက် ဆောင်းညတွေဟာ ပွေ့ဖက်ဖို့ ခက်ခဲလွန်းပြန်တယ်။ အခန်းကျဥ်းလေးထဲ အတွေးကမကျဥ်းတော့ သက်ပြင်းကို ခဏခဏချနေမိတယ်။ ဆောင်းအိပ်မက်တွေနဲ့ ကျွန်တော် ကရအုံးမယ်။ ညတွေက မျက်ရည်စက်လက်၊ နှင်းစက်လက်။ သစ်ရွက်တို့ရဲ့ခြေသံ တဖျောက်ဖျောက်။
အဆင်သင့်ရှိနေတဲ့ အဝါရောင်စွန်လေးတခုရယ်၊ ရစ်ဘီးလုံးလေးရယ် အပ်ချည်ကြိုးလေးတွေရယ်ယူပြီး အနီးနားဆီက ကွက်ပြင်တခုကို ထွက်သွားခဲ့တယ်။ကျွန်တော့်အရင်ရောက်နေတဲ့ လူငယ်လေး သုံးလေးယောက်က သူတို့ရဲ့စွန်လေးတွေနဲ့ ပျော်ရွှင်စွာပျံသန်းနေလျက်။ ကျွန်တော်လည်း ကျွန်တော့်စွန်အဝါလေးကို ကောင်းကင်ဆီ စတင်ပျံသန်းလိုက်တယ်။ ဝန်းကျင်တခုလုံး လေတိုးသံနဲ့အတူ လူငယ်လေးတွေရဲ့အသံကလွဲလို့ ဘာမှမကြားရ။ အသင့်ပါလာတဲ့ မီးခြစ်နဲ့ဆေးပေါ့လိပ်ကိုညှိပြီး စွန်အဝါလေးဆီ အပြုံးတွေပို့လိုက်တယ်။ မတည်ငြိမ်တဲ့မိုးတိမ်တွေထဲ မငြိမ်သက်တဲ့စွန်တွေကိုလွှတ်တင်လို့။ တိမ်တွေက ဘယ်ထိပျံသန်းနေတာလဲမသိနိုင်ခဲ့။ စွန်အဝါလေးကရော ဘယ်အထိပျံသန်းချင်တာလဲမသိ။ သေချာတာက ကျွန်တော့်အတ္တရဲ့ဝါးမျိုခြင်းထဲ စွန်အဝါလေးဟာ ရောက်ရှိနေခဲ့တယ်။ တိမ်တွေလွင့်ပါးရာအတိုင်း လိုက်ပါစီးနင်းချင်မိသူတယောက်ရဲ့အိပ်မက်တွေကို စွန်အဝါလေးသာသိခဲ့ရင် ဟားတိုက်ရယ်မောနေလေမလား။
နေရောင်ခြည်ရဲ့ထိုးနှက်ဝင်ရောက်မှုမှာ ပျောက်ကွယ်ပေးလိုက်ရတဲ့နှင်းသီးလေးတွေက နံနက်ခင်းတွေကို နှုတ်ဆက်ထွက်ခွာသွားတယ်။ဒီလိုကြေကွဲစရာကောင်းတဲ့ အခိုက်တန့်တွေကို တဆောင်းတွင်းလုံးမြင်တွေ့ရအုံးမယ်။ နှင်းဟာ လူကြိုက်များတဲ့ ရုပ်ရှင်ကားတစ်ကား။
နာကျင်ကိုက်ခဲမှုတွေအတွက် စိတ်ပြေလက်ပျောက် စွန်လွှတ်ခြင်းကို အစားထိုးကြည့်မိတိုင်း အစာမကြေတဲ့စိတ်ထဲ အလိုမကျမှုတွေ ထပ်တိုးလာခဲ့မိ။စွန်လေးရဲ့နေရာကိုအစားထိုးကြည့်မိတိုင်း လူသားမဆန်ခြင်းကိုတွေးမိတယ်။ လောကကြီးထဲ လှေကားထစ်တွေဘယ်လောက်များခဲ့သလဲ။တချို့က အမှုမဲ့အမှတ်မဲ့။တချို့က ရည်ရွယ်ချက်ရှိစွာ။ လူဟာ အတ္တအကြီးမားဆုံးသော သတ္တဝါတွေပဲ။ အဲ့ဒီထဲ ကျွန်တော်ကိုယ်တိုင်ပါဝင်နေခဲ့။ အမှားမှန်းသိသိနဲ့ မှားနေမိတဲ့ အမှားတွေ များခဲ့ပြီ။ ကောင်းကင်ဆီမှာ မလွတ်မလပ်ပျံသန်းနေတဲ့ စွန်လေးကို ကျွန်တော် လွှတ်ပေးလိုက်တယ်။ ကမ္ဘာကြီးရဲ့တနေရာမှာ သူ ကျောက်ချမယ်မှန်းသိပေမယ့် ခဏလေးပဲဖြစ်ဖြစ် လွတ်လပ်စွာပျံသန်းခွင့်ကိုရချင်စေမိရုံလေးပါ။ လက်ထဲမှာကိုင်ထားမိတဲ့ ရစ်ဘီးလုံးလေးကို အနားက ကလေးတယောက်ကိုပေးခဲ့လိုက်တယ်။ ကလေးလေးကတော့ ပျော်ရွှင်လို့။
ဆောင်းနံနက်ခင်းတွေက လမ်းမပေါ်မှာ လမ်းလျှောက်သူတွေကို နှင်းမှုန်စတွေနဲ့ဧည့်ခံလို့။ နံနက်ဆို အိပ်ရေးမက်သူ ကျွန်တော်တောင် ဆောင်းတွင်းဆို လမ်းထွက်လျှောက်မိတယ်။ ချမ်းအေးလွန်းတဲ့ရာသီမို့ အိပ်ရာထ၊ အိမ်ထွက်ပျင်းနေမိတာအမှန်ပဲ။ နှစ်ရက်၊ သုံးရက် အသားကျသွားတဲ့အခါမှ အဆင်ပြေသွားတယ်။လမ်းလေးလျှောက်လိုက်၊ ပြေးလိုက်နဲ့ အပြန်ဆို တစ်ကိုယ်လုံး နှင်းတွေနဲ့အတူ ချွေးတွေက ရွှဲရွှဲစိုလို့။ မြို့ပြတွေလိုမဟုတ်တော့ အပြန်မှာထိုင်စရာ လ္ဘက်ရည်ဆိုင်မရှိ။ ကျေးလက်ရဲ့ဆောင်းနံနက်ခင်းတွေကလည်း သူ့အလှနဲ့သူ တစ်မျိုးစီ လှပတိတ်ဆိတ်နေလျက်ပေါ့။ တခါက မြို့ပြဆောင်းနံနက်ခင်းဆီက ပေါ့ဆိပ့်လေးတခွက်ကိုသတိရရင်း စိတ်ကူးနဲ့သာ ဖျော်သောက်လိုက်မိပါရဲ့လေ။
ဒီလိုနဲ့ ပုံမှန်လမ်းထွက်လျှောက်ဖြစ်တာ ဆယ်ကိုးရက်မကတော့ဘူး။တခုသောနံနက်ခင်းမှာတော့ ကျွန်တော့်ခြေလှမ်းတွေကိုရပ်တန့်စေခဲ့တဲ့ မြင်ကွင်းတခု။ လမ်းလျှောက်ထွက်နေကြ လမ်းလေးဘေးတနေရာမှာ စွန်လေးတခုကို တွေ့လိုက်ရတယ်။ ကျွန်တော် မှင်သက်ငေးမောလို့။ စွန်လေးကို ကောက်ယူလာခဲ့ရမလား။ ဒီအတိုင်းပစ်ထားခဲ့ရမလား ကျွန်တော် ဝေခွဲရခက်နေမိတယ်။ စွန်အဝါလေးကို ချက်ချင်းသတိရမိလိုက်တယ်။နောက်ဆုံးတော့ ကျွန်တော် ကောက်ယူလာခဲ့မိတယ်။ အိမ်ပြန်ရောက်ရောက်ချင်း စွန်လေးကိုချိတ်။ ကိုယ်လက်သန့်စင်ကာ နံနက်စာ စားသောက်နေရင်း အလုပ်ကိစ္စတခုကိုသတိရလာတယ်။ အလုပ်ရှိရာနေရာဆီ ထွက်သွားလိုက်တယ်။ တနေကုန်အလုပ်ရှုပ်နေတာမို့ စွန်လေးကို သတိမရခဲ့။ညနေအိမ်ပြန်ရောက်တော့လည်း သတိမရမိ။
နောက်တနေ့မနက် လမ်းလျှောက်ထွက်လို့ စွန်လေးကိုတွေ့တဲ့နေရာရောက်မှ အိမ်မှာချိတ်ထားမိတဲ့စွန်လေးကို သတိရမိတယ်။ အပြန်မှာ ခြေလှမ်းတွေက သွက်နေမိတယ်။ အိမ်ကိုရောက်ရောက်ချင်း စွန်လေးကိုကြည့်တော့ ကျွန်တော်ချိတ်ထားတဲ့နေရာမှာ မတွေ့တော့။ အိမ်မှာ အမြဲရှိတဲ့မေမေကို မေးကြည့်လိုက်တော့မှ `မနေ့က မင်းတူလေးတွေ အလည်လာရင်း ယူဆော့တာ ပြဲသွားလို့ လွှင့်ပစ်လိုက်ပြီ´တဲ့။ ကျွန်တော့်မေ့လျောမှုကြောင့် သူ့ခမျာ ခဏတာတောင်ပျော်ရွှင်ခွင့်မရခဲ့ဘူး။ လူက အလိုလိုနွမ်းလျသွားတယ်။ ကျွန်တော့်အခန်းလေးထဲဝင်ခဲ့ပေမယ့် နစ်ဝင်စူးရှခဲ့တဲ့ဆူးလေးက တဆစ်ဆစ်။ပြတင်းတံခါးလေးကနေ တိမ်တွေကို ကြည့်နေမိလိုက်တယ်။ ဟိုး...ကောင်းကင်မှာ စွန်လေးတခုကဝဲပျံလို့.......။
အဲဒီနေ့ကစလို့ ဆောင်းနံနက်ခင်းတွေဆီ ကျွန်တော်မရောက်ဖြစ်ခဲ့တာ ကြာလေပြီ။ အိပ်မပျော်သူအတွက် ဆောင်းညတွေက ပိုပြီးအေးစက်လွန်းပါရဲ့လေ.....။ ။
သုထက်စျာန်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar