မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၂၁ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၂၁ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) နို၀င်ဘာ ၂၂၊ ၂၀၂၁
• ဒီရေလှိုင်းနဲ့ ဘုရားဖူး ကျနော်တို့ လူမှုအဖွဲ့အစည်း
ဒီနေ့မနက် မိုးလင်းချိန်မှာပဲ ပထမဆုံးကြားသိရတဲ့ သတင်းက မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ထဲက ပင်လယ်ကမ်းခြေက ကျိုက်နဲရေလယ်ဘုရားသွားဖူးကြတဲ့သူတွေ လှေမှောက်လို့ ၁၀ ဦးထက်မနည်း သေဆုံးရတယ်ဆိုတဲ့သတင်းပဲ ဖြစ်ပါတယ်။ သတင်းစတင်ဖေါ်ပြကြချိန်မှာ လှေမှောက်လို့ သေဆုံးရတယ်လို့ သတင်းဌာနတခုက စတင်ဖေါ်ပြပြီးနောက် တခြားသတင်းဌာနတွေလည်း အဆိုပါအတိုင်းဖေါ်ပြကြတာတွေ့ရပြီးနောက် နေ့လည်ပိုင်းလောက်ရောက်ချိန်မှာ သေဆုံးရခြင်းဟာ လှေမှောက်တာကြောင့်မဟုတ်ပဲ ကျောက်စရစ် သောင်ခုံလျှောက်လမ်းမှာလျှောက်နေရင်း ဒီရေတက်လာချိန် လှိုင်းပုတ်ပြီး ရေနဲ့မျောပါသွားကြတာဖြစ်တယ်လို့ ပြောင်းလဲဖေါ်ပြလာကြတာဖြစ်ပါတယ်။
ဒီလိုသတင်းထွက်ပေါ်လာတဲ့နောက် သတင်းရဲ့ကွန်းမင့်မှာ သို့မဟုတ် မိမိတို့ကိုယ်ပိုင်အကောင့်မှာ ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ ဝေဖန်မှုတွေ အမျိုးမျိုးပေါ်ထွက်လာတာ သတိပြုမိပါတယ်။
ဝေဖန်မှုရှုထောင့်တခုက နိုင်ငံမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး နွေဦးတော်လှန်ရေးလုပ်နေကြချိန် လူငယ်အများအပြားက တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ တောခိုပြီး စစ်သင်တန်းတက် တိုက်ပွဲဝင်ဖို့ လုပ်ဆောင်နေချိန် မြို့ပေါ်မှာလည်း ပီဒီအက်ဖ်တွေ ကျေးလက်မှာလည်း ပီဒီအက်ဖ်တွေလှုပ်ရှားနေချိန်မှာ ဘုရားဖူးသွားနိုင်ကြတယ်သူတွေကို နိုင်ငံရေးတက်ကြွမှု မရှိရကောင်းလားဆိုတဲ့ရှုထောင့်က ဝေဖန်တာမျိုး ဖြစ်ပါတယ်။
ဒီရှုထောင့်က ဝေဖန်တဲ့သူတချို့ကလည်း ဘုရားဖူးချင်တာ နိဗ္ဗာန်လမ်းလို့ ဘာသာရေးစကားလုံးနဲ့ တင်စားခေါ်ဝေါ်တဲ့ လမ်းကလျှောက်ပြီး ဘုရားဖူးဖို့သွားရင်း နိဗ္ဗာန်ရောက်သွားတဲ့သဘောမျိုး အရွဲ့တိုက်ရေးသားတဲ့ ပို့စ်တွေလည်း တွေ့ကြရပါတယ်။ အဲဒီလိုရေးသားတဲ့ပို့စ်တွေအနက် စစ်အာဏာမသိမ်းမီက လွှတ်တော်ကိုယ်စားလှယ်တယောက်တောင်ပါဝင်နေတာကြောင့် လူထုကို အခုလိုပြစ်တင်ဝေဖန်ရသလားလို့ ဒေါသထွက်ကြ ရှုတ်ချကြတဲ့ပို့စ်တွေလည်း အများအပြားတွေ့ရပါတယ်။
ဒီနေရာမှာ လူထုအနေနဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ဆန္ဒပြမှုတွေ၊ သပိတ်တွေ၊ မြို့တွေ၊ ကျေးရွာတွေက ခုခံမှုတွေမှာလည်း အများစုကြီးက ထောက်ခံခဲ့ကြပါဝင်ခဲ့ကြတာဖြစ်သလို အခုလို နှစ်နဲ့ချီပြီး ဘုရားပွဲလို ရာသီအလိုက်ပွဲတွေ ပိတ်ပင်ထားခဲ့ရာက ပြန်လည်ဖွင့်လိုက်ချိန်မှာ စိတ်ထွက်ပေါက်အနေနဲ့ သွားရောက်လိုကြတာကို နိုင်ငံရေးအဖွဲ့အစည်းတွေ နိုင်ငံရေးသမားတွေအနေနဲ့ နားလည်သဘောပေါက်သင့်ပါတယ်။
အဲလိုမဟုတ်ပဲ လူထုအားလုံးဟာ အမြဲတမ်း နိုင်ငံရေးစိတ်တခုထဲသာထားပြီး ခုချိန်မှာ ဘာသာရေးရော လူမှုရေးဆိုင်ရာ ဘယ်လိုပွဲလမ်းမျိုးမှ အခမ်းအနားမှမလုပ်ဖို့ တော်လှန်ရေးစိတ်တခုထဲထားဖို့ဆိုတာမျိုး မျှော်လင့်ပြီး ဝေဖန်ကြတာဟာလည်း စည်းရုံးရေးမဆန်တဲ့သဘောသက်ရောက်တာ ဖြစ်ပါတယ်။
လူထုတွေအကြားထဲ နိုင်ငံရေးအသိ နိုးကြားမှု တက်ကြွပါဝင်မှုတွေဟာ သူတို့ရဲ့ နောက်ခံနဲ့ အနေအထားပေါ်မူတည်ပြီး အဆင့်မတူကြတာ အနိမ့်အမြင့် ကွာခြားကြတာ သဘာဝဆိုတဲ့သဘော နားလည်ဖို့လိုအပ်ပါတယ်။ နိုင်ငံရေးအရ ဦးဆောင်အဖွဲ့အစည်းဖြစ်တဲ့ NUG အနေနဲ့ ဒီသဘောသဘာဝကို နားလည်သဘောက်ပေါက်ပြီး ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ ဝမ်းနည်းကြောင်းထုတ်ပြန်ခဲ့ပါတယ်။ သို့ပေမယ့် တဦးချင်းဖြစ်စေ လူထုက နိုင်ငံရေးအရ ခေါင်းဆောင်သူလို့မှတ်ယူထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လိုသူတွေက ဘုရားဖူးသွားသူတွေကို ရှုတ်ချသရော်ရေးသားတာဟာ လူထုဆန့်ကျင်ရေးလုပ်တဲ့ လုပ်ရပ်ဖြစ်ပြီး ရုပ်ဆိုးအကျည်းတန်တဲ့ ပြောဆိုမှုမျိုးသာ ဖြစ်ပါတယ်။
အမှန်တကယ်က ဒီလိုအဖြစ်အပျက်မှာ အများပြည်သူဘေးကင်းရေး ဘာတွေလုပ်သင့်သလဲ ဘာတွေပြင်ဆင်မှုအားနည်းခဲ့သလဲ အသိပေးနှိုးဆော်မှု ဘေးအန္တရာယ်ကျရောက်ရင် အရေးပေါ် ကယ်ဆယ်ရေး ပြင်ဆင်ထားမှုတွေနဲ့ သက်ဆိုင်တာတွေ လုပ်ဆောင်ဖို့ တိုက်တွန်းတာ နှိုးဆော်တာတွေလုပ်ဖို့က အစိုးရတွေရဲ့ မူဝါဒဆိုင်ရာ လက်တွေ့ လုပ်ကိုင်မှုဆိုင်ရာ ပြင်ဆင်ထားရှိရမယ့်သဘောလည်း ဖြစ်ပါတယ်။
လူစုလူဝေးနဲ့ လာရောက်လေ့ရှိတဲ့ ဘာသာရေးဆိုင်ရာ လူမှုရေးဆိုင်ရာ ပွဲလမ်းသဘင်တွေမှာ အများပြည်သူဘေးကင်းရေးအစီအမံတွေလိုအပ်တာကို ဒေသအလိုက် တာဝန်ရှိသူတွေ နိုင်ငံရေးခေါင်းဆောင်တွေက စီမံ တိုက်တွန်းတာမျိုးလုပ်ဖို့ လိုအပ်တဲ့သဘောလည်း ဖြစ်ပါတယ်။
လူထုတွေအနေနဲ့ တော်လှန်ရေးတိုက်ပွဲမှာလည်းပါဝင်ခဲ့သလို ပစ္စုပ္ပါန် ဖြစ်ပျက်နေတဲ့ တိုက်ပွဲတွေမှာလည်း ပါဝင်နေသူ နောက်မဝေးတဲ့ အနာဂတ်ဖြစ်ပွားမယ့် တိုက်ပွဲတွေမှာလည်း ပါဝင်နေကြမှာ သံသယဖြစ်စရာမရှိပါဘူး။ လူထုကို ပိုမိုတက်ကြွစာပါဝင်စေလိုရင် နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ လူထုနဲ့ပတ်သက်လာရင် စည်းရုံးရေးအမြင် ရှိဖို့လိုအပ်ပါတယ်။
ရန်သူအင်အားစုကိုပြုမူသလို လူထုကို သရော်တာ၊ ရှုတ်ချတာမလုပ်မိဖို့ အထူးသတိထားသင့်တယ် ထင်ပါတယ်။ လူထုထဲမှာ နိုင်ငံရေးအသိ၊ နောက်ခံအခြေအနေတွေ အပေါ်မူတည်ပြီး ပါဝင်မှုထောက်ခံမှုအမျိုးမျိုး ရှိတာကို နားလည်ပြီး သူ့အဆင့်နဲ့သူ ပါဝင်လုပ်ဆောင်နိုင်အောင် ခွဲခြားစည်းရုံးနိုင်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ တချို့သောအနေအထားမှာ မိမိဘက်ပါဝင် မလုပ်ဆောင်နိုင်သည့်တိုင် ရန်သူဘက်ကို အားပေးထောက်ခံတာမျိုးမလုပ်ရင်ကိုပဲ ကြားနေအနေနဲ့ ထားနိုင်ရင်ကိုပဲ စည်းရုံးရေးအရ အကျိုးရှိတယ်လို့ ယူဆရမှာဖြစ်ပါတယ်။
ကျနော်တို့ သွားမယ့် ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲမှာ အခုအဖြစ်အပျက်ကနေ စည်းရုံးရေးသင်ခန်းစာအဖြစ်နဲ့ ထုတ်ယူတတ်ရင် ရနိုင်တဲ့အဖြစ်အပျက်တခုလို့ ဆိုချင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar