ဦးအောင်ဒင် - အမျိုးသားနေ့ကိုမွေးဖွားပေးခဲ့သော ၁၉၂၀ ခုနှစ် ကျောင်းသားလှုပ်ရှားမှုကြီး
နို၀င်ဘာ ၂၂၊ ၂၀၂၁
(ယခု ဆောင်းပါးသည် ၁၉၆၉ ခုနှစ် နိုဝင်ဘာလ (၃၀) ရက်နေ့ထုတ် ရှုဒေါင့်ဂျာနယ် အမှတ် (၁၇) မှ ထုတ်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။ စာရေးသူ ဦးအောင်ဒင်မှာ ၁၉၂၀ခု နှစ် သပိတ်မှောက်ရာတွင် ဦးဆောင်ဦးရွက်ပြုခဲ့သူ ကျောင်းသားကြီး ၁၁ ဦးတွင် တစ်ဦး အပါအဝင်ဖြစ်ပါသည်။ )
လာမည့် ၁၉၆၉ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်၊ ၁၃၃၁ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့သည်ကား ကိုလိုနီကျွန်ပညာရေးစနစ်ကို ဆန့်ကျင်တော်လှန်ခဲ့သည့် ၄၉ ကြိမ်မြောက် အမျိုးသားနေ့ ဖြစ်ပေသည်။ ကျွန်တော်သည် ၁၉၆၀ ခုနှစ် ပထမအကြိမ် ကောလိပ်သပိတ်တိုက်ပွဲတွင် ပါဝင်ဆောင်ရွက်ခဲ့ဖူးသူ (ဘွိုက်ကော့တား) သပိတ်မှောက်ကောလိပ်ကျောင်းသားဟောင်းတစ်ဦးဖြစ်သဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၄၉ နှစ်ကျော်က ကြိုးပမ်းလှုပ်ရှားခဲ့ပုံများကို ယနေ့တိုင်အောင် ပူပူနွေးနွေးခံစားတွေ့ကြုံရသကဲ့သို့ တသသ သတိရ မှတ်မိနေပါသည်။
◾️ ❝ကာလကတ္တားတက္ကသိုလ်နှင့် ရန်ကုန်-ယုဒသန်ကောလိပ်❞
အမှန်အားဖြင့် ၁၉၂၀ ခုနှစ် ကျောင်းသားတိုက်ပိတ်တိုက်ပွဲသည် မြန်မာပြည်သူတို့၏ အမျိုးသားလွတ်လပ်ရေးတိုက်ပွဲ၌ အရေးကြီးသောမှတ်တိုင်တစ်ခု ဖြစ်ပါသည်။ ထိုစဉ်က ဗြိတိသျှနယ်ချဲ့သမား၏ ကိုလိုနီကျွန်ပြုဖိနှိပ်သွေးစုပပ်မှုကို ဆန့်ကျင်ကာ (ဝိုင်-အမ်-ဘီ-အေ)ခေါ် ဗုဒ္ဓဘာသာ ကလျာဏ ယုဝ အသင်းချုပ်နှင့် မျိုးချစ် ပုဂ္ဂိုလ်တို့၏ စည်းရုံးလှုံ့ဆော်မှုကြောင့်၊ နယ်ချဲ့ဆန့်ကျင်ရေး မျိုးချစ်စိတ်ဓာတ်များ ပိုမိုထက်မြတ်လာပါသည်။
အမှန်ဆိုရလျှင် ၁၉၂၀ ခုနှစ်အထိ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဟူ၍ တကျောင်းမျှ မရှိသေးပါ။ ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်ကျောင်းသားသာ ရှိပါသည်။ ထိုအချိန်က ဗြိတိသျှနယ်ချဲ့ အစိုးရ ချမှတ်ပြဌာန်းထားသော ပညာရေးပေါ်လစီသည် ဗျူရိုကရက် အုပ်ချုပ်ရေးယန္တရားအတွက် မင်းမှုထမ်းများကို မွေးထုတ်ပေးနေသည့် ကျွန်ပညာရေးစနစ်ဖြစ်ပါသည်။ ထို့အပြင် ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်ကျောင်းများမှာလည်း အိန္ဒိယနိုင်ငံ ကာလက္ကတားတက္ကသိုလ်မှ ပြဌာန်းသောပညာရပ်များကိုသာ သင်ကြားရသည်။ ယင်းတက္ကသိုလ်ကစစ်ဆေးသော စာမေးပွဲကိုဖြေဆိုကြရသည်။
◾️ ❝သီးခြားတက္ကသိုလ်နှင့် ဖိနှိပ်ချုပ်ချယ်မှု❞
ထိုအခြေအနေတွင် မြန်မာပြည်အတွက် ဗြိတိသျှအစိုးရ၏ စိတ်ကြိုက်ဖန်တီးထားသော သီးခြားတက္ကသိုလ် ဖွင့်လစ်ပေးရန် စီစဉ်လာသည်။ ဥပဒေအမျိုးမျိုးဖြင့်ချုပ်ချယ်၍ ဖွင့်လစ်မည့် အစီအစဉ်ဖြစ်ပါသည်။ ယင်းရည်ရွယ်ချက်ဖြင့် ၁၉၂၀ ဇွန်လတွင် တက္ကသိုလ်ဥပဒေကြမ်းကို ဗြိတိသျှအစိုးရက ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ထိုဥပဒေကြမ်းတွင် အောက်ပါအချက်အလက်များပါဝင်သည်။
(၁) မြန်မာပြည်တွင် တက္ကသိုလ်တစ်ခုတည်းသာ ရှိရမည်။
(၂) ထိုတက္ကသိုလ်အောက်တွင်လည်း ကောလိပ်ကျောင်း တစ်ကျောင်းတည်းသာ ရှိရမည်။
(၃) ထိုတစ်ခုတည်းသော ကောလိပ်ကို ရန်ကုန်မြို့တွင်သာ ဖွင့်လှစ်ရမည်။
(၄) ထိုကောလိပ်တွင် သင်ကြားမည့် ကျောင်းသူကျောင်းသားများသည် ကျောင်းအိပ်ကျောင်းစားများအဖြစ် နေကြရမည်။
(၅) ထိုကောလိပ်သို့ တက်ရောက်သင်ကြားနိုင်စေရန် တက္ကသိုလ်ဝင်စာမေးပွဲမထားရှိဘဲ ၁၀ တန်းစာမေးပွဲသာ ထားရှိရမည်။
(၆) ဆယ်တန်းအောင်မြင်သည့် ကျောင်းသားများသည် တက္ကသိုလ်သို့ဝင်ခွင့်ရရှိရန် အင်္ဂလိပ်ဘာသာနှင့် အခြားဘာသာရပ်တစ်ခုခုတွင် ထူးချွန်စွာ အောင်မြင် မည်။
(၇) ထိုသို့ ထူးချွန်စွာအောင်မြင်သည့်တိုင်အောင် တက္ကသိုလ်ပညာရပ်များကို ကောင်းမွန်စွာ ပညာသင်ကြားနိုင်စေရန် ပြင်ဆင်မှုအတန်းတွင် တနှစ် သင်ကြားရမည်။
(၈) ထိုပြင်ဆင်မှုအတန်းတွင် တနှစ်သင်ကြားခဲ့ပြီးသော်လည်း တက္ကသိုလ်အာဏာပိုင်ဆရာများက ပညာမပြည့်ဝဟုဆုံးဖြတ်ပါက တက္ကသိုလ်သို့ ဝင်ခွင့်မပြု။
(၉) ရေးဖြေစာမေးပွဲများအပြင် နှုတ်ဖြင့်ဖြေဆိုရသည့် စစ်ဆေးချက်များကိုလည်း ဖြေဆိုရမည်။
(၁၀) မဟာဝိဇ္ဇာတန်းစာမေးပွဲကိုဖြေဆိုရန် ဝိဇ္ဇာတန်းကို ဂုဏ်ထူးနှင့်အောင်သူ ဖြစ်ရမည်။ ဝိဇ္ဇာတန်းကို ရိုးရိုးအောင်ရုံမျှနှင့် မဟာဝိဇ္ဇာစာမေးပွဲကို ဖြေဆိုခွင့်မပြု။
(၁၁) ဂုဏ်ထူးတန်းနှင့် ဝိဇ္ဇာတန်း စာမေးပွဲကို သိပ္ပံတန် း( ဥပစာတန်း) အောင်မြင်ပြီး ၃ နှစ်ကြာမှသာ ဖြေဆိုရမည်။
(၁၂) ဂုဏ်ထူးနှင့် ဝိဇ္ဇာတွဲတန်းကို တကြိမ်ဖြေဆို၍ မအောင်မြင်လျှင် နောက်ထပ် ဖြေဆိုခွင့်မရှိ။
ဥပဒေဆိုးကို ကန့်ကွက်နေသည့်ကြားမှ အထက်ပါ ပညာရေး ချုပ်ချယ် ဖိနှိပ်မှု ဥပဒေများအပြင် အခြားအချက် ၅ ချက်လည်း ရှိသေးသည်။ ခြုံ၍ဆိုရလျှင် တက္ကသိုလ်အက်ဥပဒေကြမ်းသည် ဗျူရိုကရက်နှင့် ကြေးရည်တတ် လူတစု၏သားသမီးများကိုသာ ပညာသင်ယူနိုင်ခွင့်ပြုပြီး၊ ပညာရေးလွတ်လပ်ခွင့် များကို ချုပ်ချယ်ကန့်သတ်ထားသည့် ကိုလိုနီပညာရေး ဥပဒေဆိုးကြီးဖြစ်ကြောင်း ထင်ရှားပါသည်။ ထို့ကြောင့် မိဖပြည်သူတရပ်လုံးက ကန့်ကွက်ကြပါသည်။ မြန်မာသတင်းစာများကလည်း ကန့်ကွက်ကြပါ သည်။
သို့သော် ဗြိတိသျှနယ်ချဲ့ အစိုးရက လူထုဆန္ဒကို ဂရုမပြုဘဲ ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အဆိုပါ တက္ကသိုလ်ဥပဒေကြမ်းကို အတည်ပြုကြောင်း ကြေညာလိုက်ပါသည်။ ယင်းသို့ ကြေညာလိုက်ခြင်းသည် မိဖပြည်သူများနှင့် ကျောင်းသားထုကို နယ်ချဲ့ အစိုးရက "စိန်" ခေါ်လိုက်ခြင်းဖြစ်သည်။ သို့ဖြင့် ငြိမ်းချမ်းစွာပညာသင်ကြားရေး၊ အမျိုးသားပညာရေးစနစ်ထူထောင်ရေးနှင့် ကိုလိုနီပညာရေးစနစ် ဖျက်သိမ်းရေးလုပ်ငန်းသည် သမိုင်းပေးတာဝန်တခု ဖြစ်လာပါသည်။
◾️ ❝ရွှေတိဂုံကုန်းတော်နှင့် ကျောင်းသားကြီး ၁၁ ဦး❞
၁၉၂၀ ခုနှစ် ဒီဇင်ဘာ၃ရက်၊ ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လဆုတ် (၈) ရက်နေ့တွင် ကျွန်တော်တို့ ကောလိပ်ကျောင်းသားကြီး ၁၁ ဦးသည် တက္ကသိုလ်ဥပဒေ ကန့်ကွက်ဆန္ဒပြရေးအတွက် ရွှေတိဂုံကုန်းတော် စနေဒေါင့်သို့ တက်ရောက်စုဝေးကာ ညှိနှိုင်းဆွေးနွေးကြပါသည်။ ယင်းဆွေးနွေးပွဲသို့ တက်ရောက်ကြသော ကျောင်းသားများမှာ (၁) ကိုဘရှင် (၂) ကိုညီပိတ် (၃) ကိုဖိုးကွန်း (၄) ကိုအေး (၅) ကိုလှတင် (၆) ကိုဖေသိန်း (၇) ကိုထွန်းဝင်း (၈) ကိုဘခင် (၉) ကိုဘရှင် (ထားဝယ်) (၁၀) ကိုဘဦးနှင့် ကျွန်တော်တို့ ဖြစ်သည်။ ထိုနေ့ ဆွေးနွေးပွဲ၌ ကျောင်းသားသပိတ်လှုပ်ရှားမှုကို ကျယ်ပြန့်စွာ စည်းရုံးလှုံ့ဆော်ရန်အတွက် သစ္စာအဓိဌာန်ပြုခဲ့ကြပါသည်။
◾️ ❝ဦးအရိယကျောင်းနှင့် ကောလိပ်သပိတ်❞
၁၉၂၀ ခုနှစ် ဒီဇင်ဘာ ၄ ရက်၊ (တန်ဆောင်မုန်းလဆုတ် ၉ ရက်နေ့) တွင်မူ ဗဟန်းရပ်ဆရာတော် ဦဂအရိယကျောင်းတွင် ကျောင်းသားပေါင်းစုံအစည်းအဝေးခေါ်ဆိုခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကျောင်းသားပေါင်း ၄၅၀ ကျော်တတ်ရောက်ပြီး ယူနီဗာစီတီ အက်ဥပဒေကို ပြန်လည်ပြင်ဆင်ပြုပြင်ပေးခြင်းမရှိသမျှကာလပတ်လုံး လုံးဝကျောင်းပြန်မတက်တော့ဟု ဆုံးဖြတ်ခဲ့ပါသည်။ ကျောင်းသားထု၏ဆုံးဖြတ်ချက်ကိုလည်း ကျောင်းသားခေါင်းဆောင် ကိုဘဦးလက်မှတ်ဖြင့် လက်ထောက်ဘုရင်ခံ ဆာဂျီနယ် ကရက်ဒေါက်ထံပေးပို့လိုက်ပါသည်။ ယင်းဆုံးဖြတ်ချက် သဘောထားနှင့်ပတ်သတ်၍ နယ်ချဲ့ ဗျူရိုကရက်အစိုးရက လုံးဝအကြောင်းပြန်ခြင်းမရှိပါ။
ကျွန်တော်တို့ ကောလိပ်ကျောင်းသားကြီးများသည် သံမဏိစိတ်ဓာတ်ဖြင့် သပိတ်စခန်းကြီးကိုဖွင့်လှစ်ရန် စီစဉ် ညှိနှိုင်းဆွေးနွေးကြပါသည်။ ပထမတွင် မိုးညှင်းတောရကျောင်းတိုက်နေရာ၌ စခန်းဖွင့်လှစ်ရန် ကိုလူဖေဝင်းက အဆိုပြုပါသည်။ သို့သော် သွားရေးလာရေးအခက်အခဲရှိသဖြင့် ဗဟန်း ဦးအရိယကျောင်း၌ပင် သပိတ်စခန်းဖွင့်လှစ်ပါသည်။ တချိန်တည်းမှာပင် သပိတ်မှောက်ကျောင်းသားများ၏ စားရေးသောက်ရေးအတွက် သက်သာချောင်ချိရေးအဖွဲ့ကိုလည်း လူကြီးများက ပါဝင်ဖွဲ့စည်းခဲ့ပါသည်။ ထိုအဖွဲ့ကို ရန်ကုန်မြို့ပေါ်ရှိ ကုန်သည်ပွဲစားကြီးများဖြစ်ကြသော ဦးဖိုးခိုင်၊ ဦးဖိုးတတ်၊ ဦးအောင်ကြီးတို့က ဦးဆောင်ခဲ့ပါသည်။ ရိက္ခာပစ္စည်းနှင့် ရံပုံငွေများ ကောက်ခံခဲ့ပါသည်။
သပိတ်စခန်းတွင် ကျွန်တော်တို့သည် ပိုစတာများ၊ ကြေညာချက်များ ကမ်းလှမ်းကြပါသည်။ အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော "ယူနီဗာစီတီအက်ဥပဒေ ကျဆုံးကြပါစေ၊ မက်ဟန်တား ပြန်သွား" စသည့် ပိုစတာများကို အတွင်းဝန်များရုံးရှိ ပညာမင်းကြီးရုံး စားပွဲမှန်အောက်၌ ထားခဲ့ကြပါသည်။ ထိုစဉ်က ကျွန်တော်သည် သပိတ်စခန်းလှုပ်ရှားမှုသတင်းများကို မြန်မာ့အလင်း၊ သူရိယသတင်းစာနှင့် Burma Observer, New Burma Rangoon Daily News အင်္ဂလိပ်သတင်း စာတိုက်များသို့ ပေးပို့ခဲ့သည်။
◾️ ❝ကောလိပ်သပိတ်၏ ၂၆ ဦးကောင်စီ❞
သပိတ်တိုက်ပွဲမှာလည်း ပိုမိုကျယ်ပြန့်လာပါသည်။ အထက်တန်းနှင့် အလယ်တန်းကျောင်းသားထုကလည်း ထောက်ခံဆန္ဒပြကြပါသည်။ ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင်ဖွဲ့စည်းခဲ့သော ကျွန်တော်တို့ ယူနီဗာစီတီ သပိတ်မှောက်ကျောင်းသားများ၏ မူလ ၁၁ ဦး အဖွဲ့အပြင် ကောင်စီကို တိုးချဲ့ဖွဲ့စည်းလိုက်ပါသည်။ ယင်းယူနီဗာစီတီသပိတ်မှောက် ကျောင်းသားများ၏ ၂၆ ဦးကောင်စီတွင် ပါဝင်ကြသူများမှာ မူလ ၁၁ ဦးနှင့် တကွ (၁) ကိုလှစိန် (၂) ကိုဘတင် (၃) ကိုမြ (၄) ကိုမြင့် (၅) ကိုဖိုးကျား (၆) ကိုစိုးဝင်း (၇) ကိုဖိုးလတ် (၈) ကိုထွန်းဖေ (၉) ကိုဘဟန် (၁၀) ကိုဘကျော် (၁၁) ကိုလူဖေဝင်း (၁၂) ကိုမောင်ကို (၁၃) အီးမောင်စိန် (၁၄) အင်စီဆင်း (၁၅) မစ္စတာဘိုစ့်တို့ ဖြစ်ပါသည်။ ကျွန်တော်တို့ကျောင်းသားခေါင်းဆောင်များသည် အခြားမြို့နယ်များသို့ သွား ရောက်၍ ကျွန်ပညာရေး ဆန့်ကျင်ရေးတရားပွဲများ ကျင်းပခဲ့ကြသည်။
◾️ ❝အမျိုးသားကောလိပ်နှင့် အမျိုးသားကျောင်းသားများ❞
အမှန်ဆိုရလျှင် ကျွန်တော်တို့ကျောင်းသားအုံကြွလှုပ်ရှားမှုသည် မိဖပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကျယ်ပြန့်သော လူထုလှုပ်ရှားမှုအဖြစ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။ ထိုအချိန်မှာပင် အမျိုးသားပညာရေးစနစ်ကို မြှင့်တင်လိုသည့် စေတနာယုံကြည်ချက်ဖြင့် မျိုးချစ်ပညာတတ်ပုဂ္ဂိုလ်များက ကျွန်တော်တို့ သပိတ်မှောက် ကျောင်းသားများအတွက် ဗဟန်းတွင် အမျိုးသားကောလိပ်ကြီးကို ထူထောင်ဖွင့်လှစ်ခဲ့ပါသည်။ အမြို့မြို့အနယ်နယ်တွင်လည်း အမျိုးသားကျောင်းများ ပေါ်ပေါက်လာပါသည်။ ဝိုင်အမ်ဘီအေအသင်းချုပ်၏ "အမျိုးဘာသာ၊ သာသနာ" ဟူသော ကြွေးကြော် သံအောက်တွင် ပြည်သူလူထုနှင့်ကျောင်းသားထုမှာ ပိုမိုသွေးစည်းညီညွှတ်လာခဲ့သည်။
◾️ ❝အမျိုးသားနေ့နှင့် ၉ ကြိမ်မြောက် ဂျီစီဘီအေ စည်းဝေးပွဲ ❞
၁၉၂၁ခုနှစ် အောက်တိုဘာလ (၂၁ -၂၄)ရက်တွင် မန္တလေးမြို့၌ ဂျီစီဘီအေ အသင်းကြီး၏ နဝမအကြိမ်မြောက် ပြည်လုံးကျွတ်အစည်းအဝေးပွဲကြီး ကျင်းပခဲ့သည်။ ထိုအစည်းအဝေးသို့ ကျောင်းသားကိုယ်စားလှယ် ကိုမြင့် တတ်ရောက်ခဲ့သည်။ ထိုအစည်းအဝေးတွင် မြန်မာအမျိုးသားနေ့တနေ့ သတ်မှတ်ရန် စဉ်းစားကြသည်။ တချို့ ပုဂ္ဂိုလ်တို့က သီပေါမင်းပါတော်မူသည့်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်သင့်သည်ဟု အဆိုပြုသည်။ အချို့က နိုင်ငံရေးမျက်စိဖွင့်ပေးသည့် ဦးဥတ္တမကိုယ်တော်ကြီး မအူပင်တွင် ပထမဆုံးအကြိမ်ထောင်ကျသည့်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ပေးရန် တင်ပြကြသည်။ ယင်းသို့ အငြင်းပွားနေစဉ် ကျောင်းသားကိုယ်စား လှယ် ကိုမြင့်က "ပါတော်မူနေ့ဆိုသည်မှာ တမျိုးသားလုံး လွတ်လပ်ရေးဆုံးရှုံးရသည့်နေ့ဖြစ်၍ အမင်္ဂလာနေ့ဖြစ်ကြောင်း၊ ဦးဥတ္တမ ထောင်ကျခံရသည့်နေ့မှာလည်း အမင်္ဂလာနေ့ပင်ဖြစ်ကြောင်း အမျိုးသားနေ့ကို သတ်မှတ်လျှင် ၁၉၂၀ ခုနှစ်က ဗြိတိသျှနယ်ချဲ့ ကို ဆန့်ကျင်ကာ တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့သည့် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကိုသာ အမျိုးသားနေ့၊ အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်သင့်ကြောင်း" တင်ပြပါသည်။ ယင်းသို့ တင်ပြသဖြင့် အများသဘောတူဆုံးဖြတ်ချက်အရ တန်ဆောင်မုန်းလဆုတ်၁၀ရက်နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။
ယခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ဆိုလျှင် အမျိုးသားအောင်ပွဲနေ့သည် ၄၉ ကြိမ်မြောက်ခဲ့ပေပြီ။ လာမည့် ၁၉၇၀ နှစ်ငါးဆယ်ပြည့် အမျိုးသားအောင်ပွဲနေ့ ရွှေရတုသဘင်ကို ကျွန်တော်တို့တတွေ လှမ်းလင့် ကြိုဆိုကြပါစို့။
အောင်ဒင်
Ministry of Education, National Unity Government of Myanmar မှ ပြန်လည်ကူးယူခြင်း ဖြစ်သည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar