မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၂၂ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၂၂ ရက်မြောက်နေ့ မြင်ကွင်း
နိုဝင်ဘာ ၂၃၊ ၂၀၂၁
◾️ ပြောင်းလဲလာတဲ့ နေ့စဥ်သတင်းတွေရဲ့ ပုံသဏ္ဍာန်
စစ်အာဏာသိမ်းပြီး ဖေဖေါ်ဝါရီလက သတင်းတွေကို ဖတ်လိုက်ရင် မြို့တွေ ရွာတွေမှာ အဖွဲ့အစည်းအလိုက်၊ ရပ်ကွက်မြို့နယ် (သို့မဟုတ်) သပိတ်အဖွဲ့အစည်း စတဲ့ အဖွဲ့အလိုက် ဆန္ဒထုတ်ဖေါ်ကြတဲ့သတင်းတွေက အများစု ဖြစ်ပါတယ်။ နောက်ဖေဖေါ်ဝါရီလနှောင်းပိုင်းကနေ မတ်လထဲမှာတော့ ဆန္ဒထုတ်ဖေါ်တဲ့သတင်းတွေမှာ မြို့တွေ လမ်းတွေမှာ မဝင်နိုင်အောင် ပိတ်ဆို့ထားကြပြီး မျက်ရည်ယိုဗုံး၊ သေနတ် စတာတွေနဲ့ ဝင်စီးတာတွေကို သဲအိတ်တွေ ပစ္စည်းအကာအရံတွေ လမ်းဆုံတွေမှာချထားကြပြီး ဂက်စ်သေနတ်လိုမျိုး လေးခွလို၊ သံပြား (သို့မဟုတ်) ပလပ်စတစ်တိုင်ကီတွေကို ထက်ခြမ်းခွဲထားတဲ့ ဒိုင်းကာတွေနဲ့ ဖြိုခွဲမှုကို အံတုဖို့ လုပ် ဆောင်ကြတဲ့သတင်းတွေ နေ့တိုင်းဖတ်ခဲ့ရပါတယ်။
မတ်လတလလုံး ဧပြီလဆန်း သင်္ကြန်တလလုံးရဲ့ သတင်းတွေမှာတော့ လမ်းဆုံလမ်းခွတွေက သပိတ်စခန်းတွေကို ဘူဒိုဇာနဲ့ဖျက်ဆီးတာ မျက်ရည်ယိုဗုံးနဲ့ပစ်တာ လမ်းတွေထဲဝင်ပြီး ဆန္ဒပြသူတွေကို ရိုက်နှက်ဖမ်းဆီးတာ ပစ်ခတ်လို့သေဆုံးတဲ့သတင်းတွေက အများစုဖြစ်ပါတယ်။
ဧပြီလနှောင်းပိုင်းနဲ့ မေလတို့မှာတော့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တော်လှန်တဲ့ဖက်က လက်လုပ်ဗုံးလိုမျိုး စတင်သုံးလာကြပြီး ကလေးမြို့တို့လိုမျိုးမှာ မြို့ပေါ်မှာ လမ်းပိတ်စခန်းချပြီး ခံတပ်သဖွယ် ခုခံတိုက်ခိုက်ကြတဲ့ သတင်းမျိုးတွေ စတင်တွေ့ရှိလာရပါတယ်။
မေလနောက်ပိုင်း ကင်းစခန်းတွေကို ဗုံးထောင်တာ၊ ရဲ စစ်သားကင်းစခန်း ကင်းလှည့်ကားတွေကို လက်လုပ်ဗုံးနဲ့ပစ်တာ သေနတ်နဲ့ပစ်ပြေးတာမျိုးတွေအဖြစ် အသွင်ပြောင်းသွားခဲ့ပါတယ်။ ချင်းပြည်နယ် တောင်ပိုင်းနဲ့ ကယားပြည်နယ် လွိုင်ကော်တဝိုက်မှာ ဒေသအလိုက် ပီဒီအက်ဖ်တွေ ဖွဲ့စည်းလာကြပြီး ခုခံတိုက်ခိုက်တာ ကြားဖြတ်တိုက်ခိုက်တာ မိုင်းထောင်တာတွေ လုပ်လာကြပါတယ်။ မြို့ကြီးတွေမှာလည်း ရဲနဲ့ စစ်တပ်စခန်းချရာ ကင်းလှည့်ကားတွေကို အလစ်အငိုက်တိုက်ခိုက်တာတွေ အဖြစ်ပြောင်းလဲလာပါတယ်။ အဲဒီလတွေမှာပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကို မီးတင်ရှို့တဲ့ သတင်းတွေလည်း နေ့စဥ်လိုလို သတင်းတွေထဲတွေ့လာရပြီး ကျောင်းတွေပြန်ဖွင့်ဖို့ ပြင်ဆင်ချိန်မှာ ကျောင်းအချို့မီးလောင်တာ ကျောင်းတွေအနီး ဗုံးကွဲတဲ့သတင်းတွေဆက်တိုက် တွေ့လာရပါတယ်။
ဇွန်လကနောက်ပိုင်းမှာ ဒလန်ဆိုသူ သံသယရှိသူတွေကို ပစ်ခတ်သတ်ဖြတ်တဲ့သတင်းတွေ စတင်တွေ့လာရပါတယ်။ ဆန္ဒပြသူတွေ ဖမ်းဆီးခံရတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ ဒလန်တွေက သတင်းပေးတယ်ဆိုတဲ့သံသယကနေ ဒလန်သုတ်သင်သတ်ဖြတ်တဲ့သတင်းတွေ စတင်တွေ့လာရပြီး ယခုအချိန်ထိတိုင် နေ့စဥ်သတင်းတွေထဲ ဒလန်ဆိုသူတွေကို လုပ်ကြံသတ်ဖြတ်တဲ့သတင်းတွေ နေ့စဥ်တွေ့ရှိလာနေရတာ ဖြစ်ပါတယ်။
ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလတွေကစလို့ အခုအချိန်ထိသတင်းတွေက ပစ်ခတ်မှုတွေနဲ့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ် တောင်ပိုင်းနဲ့ အလယ်ပိုင်း၊ ကယားပြည်နယ်၊ မကွေးတိုင်းမြောက်ပိုင်းတွေက ပီဒီအက်ဖ်တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲသတင်းတွေဖြစ်ပါတယ်။
ဒီလို သတင်းတွေပြောင်းလဲသွားတာ အသွင်သဏ္ဍာန်ပြောင်းသွားတာကိုသုံးသပ်ကြည့်ရင် နွေဦးတော်လှန်ရေးရဲ့ အဖြစ်အပျက်တွေရဲ့ ပြောင်းလဲသွားပုံကို အကဲခတ်သုံးသပ်နိုင်ပါလိမ့်မယ်။ ဒီကာလတွေမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းတာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းကြောင်းကြေညာတာ နိုင်ငံတကာမှာ သံတမန်ရေးအရ ထောက်ခံမှုရအောင်ကြိုးစားတာတွေလည်း တွေ့ရမှာဖြစ်ပါတယ်။
ပြည်တွင်းမှာတော့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အန်အယ်လ်ဒီခေါင်းဆောင်တွေကို ရုံးတင်စစ်ဆေးနေတဲ့အမှုရုံးချိန်းသတင်းတွေလည်း တွေ့ရမှာပါ။ ပြည်ပနဲ့နယ်စပ်မှာအခြေစိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သတင်းစာရှင်းလင်းပွဲတွေ ရံပုံငွေရှာဖွေတဲ့ လှုပ်ရှားမှုတွေ၊ ထီရောင်းချတာတွေ၊ အခုလတ်တလော ငွေချေးစာချုပ် bond ရောင်းချတာတွေ နိုင်ငံအချို့မှာ သံတမန်ဆက်ဆံရေးရုံးဖွင့်တာတွေလည်း သတင်းတွေထဲ တွေ့ရမှာဖြစ်ပါတယ်။
ဒီအဖြစ်အပျက်တွေအားလုံးရဲ့ ကြေကွဲဖွယ်ကိန်းဂဏန်းတွေကတော့ သေဆုံးမှုကိန်းဂဏန်းတွေပဲဖြစ်ပါတယ်။ ပစ်ခတ်မှုကြောင့် သေဆုံးရတာတွေအပြင် တရားဥပဒေမဲ့ သေဆုံးသည်အထိ ရိုက်နှက်ညှင်းဆဲတာတွေ၊ အချုပ်ကျခံနေရစဥ် သေဆုံးသွားရတာတွေ အားလုံးပေါင်းလိုက်ရင် ထောင်ဂဏန်းထိရောက်ရှိနေပြီဖြစ်ပါတယ်။ တဖက်မှာ စစ်ကောင်စီဘက်က ရေတွက်ထားတဲ့ကိန်းဂဏန်းတွေမှာလည်း ရာဂဏန်း ထောင်ဂဏန်းနဲ့ ချီရှိလာနေပြီဖြစ်ပါတယ်။
ဒီကိန်းဂဏန်းတွေက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားတဲ့ ပြည်တွင်းစစ်တခုအနေနဲ့ကြည့်ရင်တော့ များပြားတဲ့ ကိန်းဂဏန်းမဟုတ်သေးဘူးလို့ ဆိုကောင်း ဆိုနိုင်ပေမယ့် နိုင်ငံရေး စစ်ရေးပဋိပက္ခကြောင့် တိုက်ရိုက်သေဆုံးရတဲ့ကိန်းဂဏန်းတွေအပြင် ဒီကိန်းဂဏန်းတွေထဲပါဝင်မှာမဟုတ်တဲ့ စစ်ရေး စီးပွားရေး အကျိုးဆက်ကနေ ငတ်မွတ်မှု၊ ရောဂါဘယ ကုသခွင့်မရလို့ သေဆုံးရတဲ့ ကိန်းဂဏန်းတွေလည်း အများအပြားရှိဦးမှာ ဖြစ်ပါတယ်။
ဒီပဋိပက္ခကနေ ဘယ်လိုထွက်နိုင်ကြမလဲ ဆွေးနွေးအဖြေရှာတဲ့ ထွက်ပေါက်ရှိမလား (သို့မဟုတ်) စစ်ရေး အရှုံးအနိုင်ကွဲပြားစွာ အဖြေပေါ်မယ့်အခြေအနေမျိုးကို ဦးတည်သွားကြမလားဆိုတာတော့ ခုနေချိန်မှာ တိတိပပပြောဖို့ ခက်ခဲနေဦးမယ်လို့ထင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar