နေချိုသွေး - စစ်အင်္ကျီမှူးကြီး
(မိုးမခ) နို၀င်ဘာ ၂၇၊ ၂၀၂၁
စစ်အင်္ကျီဟာ လူပြိန်းကြိုက် နိုင်ငံရေးနဲ့
စစ်အင်္ကျီဟာ ချီးဦးနှောက်နဲ့
စစ်အင်္ကျီဟာ ကောက်ကျစ်မိုက်မဲလို့ကောင်းတုန်း။
စစ်အင်္ကျီဟာ
"ရေဗူးပေါက်သာမလိုချင်ဘူး
ရေပါသာပဲလိုချင်တယ်"။
စစ်အင်္ကျီဟာ လမ်းပြမြေပုံတွေကို
ချောက်ကမ်းပါးအောက် ပစ်ချလိုက်တယ်
စစ်အင်္ကျီဟာ ကော်လံကိုထောင်ပြီး
သေနတ်ကို ပြည်ထောင်စုထဲ ပစ်ခတ်လိုက်တယ်
စစ်အင်္ကျီရဲ့ပခုံးပေါ်က
အမှတ်အသား တာဝန်ဝတရားဟာ
အမှန်အမှားကို မခွဲခြား
တသွေး တသံ တမိန့် အတိုင်းသွားတယ်
စစ်အင်္ကျီမှာ
သတ်ဖြတ်မှုအတွက်ရတဲ့ ဆုတံဆိပ်ကြီးတွေ ချိတ်လို့။
စစ်အင်္ကျီဟာ အာဏာပါးကွက်သား
ပါးကွက်အာဏာသား စစ်အင်္ကျီဟာ
နိုင်ငံတော်အလံကို ဆုတ်ဖြဲပြီး
စစ်အင်္ကျီကို လွှင့်ထူခဲ့ကြတယ်။
စစ်ကြီးဖြစ်တဲ့ အထိမ်းအမှတ်အတွက်
စစ်အင်္ကျီဟာ
"စစ်အင်္ကျီသာ အမိ
စစ်အင်္ကျီသာ အဖ" လို့ ထုတ်ပြန်ကြေငြာပြီး
ခြေပြတ် လက်ပြတ်တွေနဲ့
မသေမရှင် အလောင်းတွေပေါ်
စစ်ဖိနပ်နဲ့ တက်နင်းလို့ ကြွေးကြော်နေတယ်။
စစ်အင်္ကျီဟာ
အနိဋ္ဌာရုံတွေကို မြိန်ရေရှက်ရေနဲ့
ဗိုလ်ရှူသဘင်ခံလို့
မျက်နှာဖုံးစွပ် စစ်အင်္ကျီဟာ အစွယ်ဖွေးဖွေး ငရဲခွေး
တံခါးပိတ် အစည်းအဝေးမှာ
စစ်အင်္ကျီဟာ
တိုင်းပြည် သံယံဇာတတွေကို ဝါးစားပစ်တယ်။
စစ်အင်္ကျီဟာ
ဂန္ဓာလရာဇ်ပြည်ရဲ့ ဒူးမနာသား
လိမ္မာရေးခြားရှိတယ်
ဘိုးဘွားပိုင် အမွေတွေကို ပထွေးကိုပေးတယ်။
စစ်အင်္ကျီဟာ
ကလေးအရွယ် လူငယ်တွေကို ပေါ်တာဆွဲပြီး
စစ်အင်္ကျီကို အတင်းအကျပ်ဝတ်ပေးလိုက်တယ်
စစ်အင်္ကျီဟာ အဖေမပေါ်ဘဲမွေးလာတဲ့ကလေးမလေးရဲ့ တရားခံ
အဓမ္မဆန်တယ်
စစ်အင်္ကျီဟာ
ဒုက္ခသည်စခန်းတွေကို စီမံကိန်းနဲ့ တိုးချဲ့တယ်
စစ်အင်္ကျီဟာ
စစ်တလင်းပြင်ဖြစ်တဲ့ မြေကို
ဗုံးမိုးရွာပြီး ထွန်ယက်စိုက်ပျိုးလိုက်တယ်
ဘိန်းပင် ဘိန်းပန်းတွေနဲ့ ပတ်ဝန်းကျင်ကို အလှဆင်လို့။
စစ်အင်္ကျီဟာ နာဂစ်ဖြစ်တဲ့အခါ
စစ်အင်္ကျီကို ကာကွယ်ဖို့
အခြေခံဥပဒေကို ရေးဆွဲလိုက်တယ်
စစ်အင်္ကျီဟာ မီးစတဖက် ရေမှုတ်တဖက်နဲ့
ငြိမ်းချမ်းရေးကို လှောင်ပြောင်ရယ်မောလို့
စစ်အင်္ကျီဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ (၁)ရက်နေ့မှာ
နိုင်ငံတော် အာဏာကိုလုယူဖို့ စတင်လုပ်ဆောင်လာတယ်။
ပြည်သူ့တွေ ရွေးကောက်တင်မြောက်ထားတဲ့ ပြည်သူ့အစိုးရနဲ့
ပြည်သူ့ နိုင်ငံတော်ကြီးကို
စစ်အင်္ကျီမှူးအာဏာရူးတွေက အဓမ္မ သိမ်းပိုက်တဲ့နေ့ကစလို့
စစ်အာဏာရှင်ကို တော်လှန်ပုန်ကန်ချင်တဲ့ လူအုပ်ကြီးတွေ
လမ်းမပေါ် ကြွေးကြော်ချီတက်ဖို့ ထွက်လာကြတယ်။
စစ်အင်္ကျီမှူး အာဏာရူးတွေက
မတရားဥပဒေတွေ အမျိုးမျိုးထုတ်လို့
အပြစ်မဲ့ ပြည်သူလူထုကို
ဖမ်းဆီးနှိပ်ကွပ်ဖို့
ဉာဏ်နီဉာဏ်နက်တွေနဲ့ ယုတ်မာကောက်ကျစ်လာကြတယ်။
စစ်အင်္ကျီမှူးအာဏာရူးတွေကို တော်လှန်ပုန်ကန်လို့
အာဏာရှင်စနစ်ဆိုတဲ့ အဆိပ်ပင်ကြီးကို
အရွက်ခြွေ အကိုင်းခုတ် အမြစ်ဖြုတ်ပစ်ရမယ်။
စစ်အင်္ကျီဟာ စစ်တန်းလျာပြန်ဖို့လိုတယ်
စစ်အင်္ကျီမှာ ပေကျံနေတဲ့ အာဏာရှင်စိတ်တွေ
ပျက်သုဉ်းပျောက်ကွယ်သွားစေရမယ်။
နိုင်ငံတော်မှာ
စစ်အင်္ကျီမှူးအာဏာရူးတွေကို ဆန့်ကျင်တော်လှန်ခြင်တဲ့ သွေးတွေ ပွက်ပွက်ဆူလို့
ကြွေးကြော်လိုက်တဲ့ အမှန်တရားဟာ ရဲရဲတောက်နေရင်း
အကျဉ်းထဲ အကျပ်ထဲမှာ
ကမ္ဘာမကြေဘူးသီချင်းကို သံပြိုင်ဆိုကြမယ်။
နေချိုသွေး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar