Breaking News

အောင်သူငြိမ်း - စစ်အေးတိုက်ပွဲ အသစ်ပြန်လာပြီလား

အောင်သူငြိမ်း - စစ်အေးတိုက်ပွဲ အသစ်ပြန်လာပြီလား 
(မိုးမခ) နို၀င်ဘာ ၂၇၊ ၂၀၂၁

ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် သတင်းစာမှာ ချူလာလောင်ကောင် တက္ကသိုလ်က ပါမောက္ခ သစ်ထိနန် ပုန်ဆုဒ်ဟီရတ် (Thitinan Pongsudhirak) ရဲ့ Age-old nature of the 'New Cold War' ဆောင်းပါး ဖတ်ရပါတယ်။ တွေးဆစရာကောင်းလို့ ဘာသာပြန်ပေးလိုက်ပါတယ်။ 

သမိုင်းကတော့ လက်စားချေမှုတွေနဲ့ တကျော့ပြန်လာပါပြီ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အချို့တုန်းကတော့ “သမိုင်းရဲ့နိဂုံး” သီအိုရီဆိုပြီး တိုက်တွန်းပြောဆိုခဲ့သူတွေနဲ့ ဆန့်ကျင်စွာပဲ ဖြစ်လာတာပါ။ ၂၀ ရာစုတုန်းက အတွေးအခေါ်တိုက်ပွဲဖြစ်တဲ့ လွတ်လပ်ပွင့်လင်းတဲ့ကမ္ဘာ (free world) နဲ့ ဆိုရှယ်လစ်-ကွန်မြူနစ်အုပ်စုတိုက်ပွဲက ဆယ်စုနှစ် ၃ ခု အကြာက စစ်အေးတိုက်ပွဲ ပြီးဆုံးခဲ့တာတောင်မှ ဆက်လက်ပြီးဖြစ်ပေါ်နေပါတယ်။ အခုအခါ အားပြိုင်မှုကတော့ အမေရိကန်ပြည်ထောင်စုဦးဆောင်တဲ့ အနောက်မဟာမိတ်တွေနဲ့ တရုတ်ဗဟိုပြုတဲ့ အာဏာရှင်ဖက်တိမ်းညွှတ်တဲ့ ကမ္ဘာ့နိုင်ငံများ ကွန်ရက်တို့အကြား ဖြစ်ပေါ်လာတာပါ။
 
ဆိုဗီယက်ယူနီယံကတော့ အတွေးအခေါ်ရေးတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။ တရုတ်ကတော့ မက်စ်ဝါဒ- လီနင်ဝါဒ ဆက်ခံသူများ လှုပ်ရှားမှုရဲ့ အမွေဆက်ခံသူ ဖြစ်လာပါတယ်။ အခုအခါ ဘေဂျင်းအစိုးရက အနောက်အုပ်စုနဲ့ ဒုတိယအကြိမ်မြောက် အတွေးအခေါ်ရေးရာ အားပြိုင်မှုမှာ ဂြိုဟ်ချင်းဆိုင်ထားကြသလို ဖြစ်နေပါပြီ။ အခု အားပြိုင်ပွဲက ဘယ်လိုမီးတောက်ပြန့်ပွားကျယ်ပြန့်လာမလဲ၊ ဘယ်လိုနိဂုံးချုပ်မလဲဆိုတော့ကတော့ တရုတ်နိုင်ငံက အသစ်ရရှိလာတဲ့ အာဏာအင်အားကို ဘယ်လိုအသုံးပြုမလဲဆိုတာရယ်၊ အမေရိကန်ပြည်ထောင်စု ဦးဆောင်တဲ့ မဟာမိတ်တွေက ဘယ်လိုတုံ့ပြန်မလဲဆိုတာအပေါ်  မူတည်ပါတယ်။ 

၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ယူနီယံပြိုကျတုန်းက လူအများစုက ကျနော်တို့သိထားတဲ့သမိုင်းက နိဂုံးချုပ်ခဲ့ပြီလို့ ယူဆခဲ့ကြပါတယ်။ ဖရန်စစ် ဖူကူယားမား (Francis Fukuyama) ရဲ့ စာအုပ်ဖြစ်တဲ့ “သမိုင်းရဲ့နိဂုံး” (End of History) က ဖြစ်ပျက်နေတဲ့အပေါ် လူအများက ထင်မြင်ယူဆနေတာတွေကို ထင်ဟပ်ဖော်ပြခဲ့ပါတယ်။ ကျနော်တို့ လူမှုအဖွဲ့အစည်းကို၊ စီးပွားရေးစနစ်တွေကို ဘယ်လိုဖွဲ့စည်းသင့်တယ်၊ အုပ်ချုပ်စီမံသင့်တယ်ဆိုတဲ့ အိုင်ဒီယာတွေအပေါ် ယုတ္တိကျိုးကြောင်းဆီလျော်စွာ တွေးခေါ်မှုသမိုင်းဟာလည်း အဆုံးသတ်ခဲ့ပြီလို့ ဆိုချင်ပုံရပါတယ်။ အမှန်မှာတော့ အဲဒီအချိန်က အနောက်တိုင်း လစ်ဘရယ်ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေး အရင်းရှင်စနစ်ဟာ အောင်ပွဲခံပြီလို့ ယူဆခဲ့ကြပါတယ်။ အကောင်းဆုံးနဲ့ မိမိဘာသာ ရေရှည်တည်တံ့အောင် ဆောင်ရွက်နိုင်မယ့် အစိုးရစနစ်တခု၊ လူမှု ဖွဲ့စည်းပုံ၊ စီးပွားရေး စီမံခန့်ခွဲပုံတခုတော့ ရခဲ့ပြီလို့ ယူဆခဲ့ကြပါတယ်။ 

အဲဒီစနစ်က ဆိုဗီယက်ယူနီယံမှာ ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံရေးအရ အာဏာရှင်စနစ်၊ ဗဟိုကနေ စီမံခန့်ခွဲတဲ့ စီးပွားရေးအစီအစဉ် ချမှတ်မှု၊ လူမှုရေးအရ တန်းတူညီမျှ ပစ္စည်းမဲ့ဝါဒကို အနိုင်ရခဲ့ပါတယ်။ အကြောင်းကတော့ နောက်ဆုံးမှာ ဈေးကွက်အင်အားစုများ၊ အရင်းအနှီး၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီတွေက တကယ့်ကို ထူးထူးခြားခြားဖြစ်လွန်းပြီး၊ သူ့ကို အံတုမယ့် အခြားရွေးချယ်စရာစနစ်တွေက မယှဉ်နိုင်လောက်အောင် အားကောင်းသန်စွမ်းလွန်းတယ်လို့ ထင်ခဲ့ပါတယ်။
 
စစ်အေးတိုက်ပွဲ ပြီးပြီးချင်းမှာမ အမေရိကန်ပြည်ထောင်စုက တခုတည်းသော အာဏာဝင်ရိုးစွန်း "unipolar" ဖြစ်ခဲ့ပါတယ်။ သူက ကမ္ဘာကြီးရဲ့အခင်းအကျင်းကို  ပြန်လည်ပုံသွင်းနိုင်ခဲ့ပါတယ်။ နောက်ပိုင်း ဆက်လာတဲ့ ဆယ်စုနှစ် ၂-ခုကတော့ ကမ္ဘာတလွှားမှာ ဈေးကွက်အယူအဆနဲ့ ဒီမိုကရေစီ ထွန်းကားပြန့်ပွားလာခြင်းပဲ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂက လစ်ဘရယ် အထိုင်ချမှုကို နောက်ဆုံးအထိ ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံခြားရေးရာနဲ့ လုံခြုံ‌ရေးမူဝါဒတွေကို တသားတည်းပေါင်းစည်းခဲ့ကြပြီး၊ ဘုံငွေကြေးတရပ်ကိုပါ ထူထောင်ခဲ့ကြပါတယ်။ 
ကမ္ဘာကြီးတခုလုံးမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးက ကောင်းကောင်းအလုပ်ဖြစ်နေပါတယ်။ ဈေးကွက်အရင်းရှင်စနစ်ကလည်း စီးပွားရေးတိုးတက်မှု၊ ဖွံ့ဖြိုးမှု၊ စီမံခန့်ခွဲမှုအရေးများမှာ ဦးဆောင်လွှမ်းမိုးထားတဲ့ အတွေးအခေါ်မူဘောင် ဖြစ်နေခဲ့ပါတယ်။ ဒီလို လားရာစွပ်ကြောင်းတွေက ကမ္ဘာကြီးတခုလုံး မတည်ငြိမ် လှုပ်ရှားနေတဲ့ကာလ၊ ကမ္ဘာကြီး အချို့နေရာတွေမှာ အကန့်အသတ်နဲ့ ပဋိပက္ခများရှိနေသေးတဲ့တိုင်အောင် အောင်ပွဲခံနေပါသေးတယ်။ ကြားထဲမှာပဲ ယူဂိုဆလားဗီယားနိုင်ငံ ပြိုကွဲတာ၊ ဆိုဗီယက်ယူနီယံကနေ ကိုယ့်ဘာသာအုပ်ချုပ်ခွင့်ရှိတဲ့ သမ္မတနိုင်ငံ အများအပြားအဖြစ် ပေါ်ထွန်းလာတာတွေလည်း ဖြစ်ခဲ့ပါသေးတယ်။ 
၂၀၀၀ ခုနှစ်များ အစောပိုင်းအထိမှာ ကျနော်တို့က အမေရိကန်ဦးဆောင်တဲ့ “အကြမ်းဖက်ဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာစစ်ပွဲ” ကို မြင်တွေ့ခဲ့ကြရပြီး၊ အစ္စလမ်အစွန်းရောက်ဝါဒကို တိုက်ပွဲဆင်ခဲ့ပါသေးတယ်။ လစ်ဘရယ် ဒီမိုကရေစီနဲ့ ဈေးကွက်အရင်းရှင်စနစ်က ဆက်လက်ချီတက်နေဆဲ ရှိနေသေးတာလည်း တွေ့ခဲ့ရပါတယ်။ 

ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုကျော်မှာတော့ ဒီမိုကရေစီနဲ့ အရင်းရှင်စနစ်က တည်ရှိနေတဲ့ စိန်ခေါ်မှုအများအပြားကို ရင်ဆိုင်ခဲ့ကြ ရပါတယ်။ အဲဒီဒီမိုကရေစီနဲ့ အရင်းရှင်စနစ်ရဲ့ ကတိကဝတ်တွေဖြစ်တဲ့ လွတ်လပ်မှုနဲ့ ကြွယ်ဝချမ်းသာမှု နေရာအတော်များများမှာ မဖြည့်ဆည်းနိုင်ခဲ့ကြပါဘူး။ အရင်းအနှီးနဲ့ ကြွယ်ဝချမ်းသာမှု ဓနဥစ္စာက လူနည်းစုလက်ထဲမှာပဲ စုဆောင်းမိခဲ့ကြပါတယ်။ လွတ်လပ်မှုနဲ့ အခွင့်အရေးတွေကြောင့်လည်း နေရာအတော်များများမှာ လူမှုအဖွဲ့အစည်းအတွင်း အကွဲအပြဲတွေ၊ အစွန်းနှစ်ဖက်ကြား နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ 

ကမ္ဘာတစ်ဝန်းကလူတွေ ဒီမိုကရေစီနဲ့အရင်းရှင်စနစ်ရဲ့ စွမ်းဆောင်မှုအပေါ် ပိုလို့ သံသယရှိလာကြ၊ စိတ်ပျက်လာကြပါတယ်။ တချိန်တည်းမှာ ထိန်းမနိုင်သိမ်းမရ လွတ်ထွက်သွားတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ အလျှင်အမြန် နည်းပညာတိုးတက်လာမှုတွေကြောင့် ပိုလို့စိတ်ပျက်အားလျော့လာရတဲ့အခါ အခြားရွေးချယ်စရာကို စဉ်းစားလာကြပါတယ်။ အဲသလို နစ်နာခံစားရမှုတွေအတွက် လူတွေက လူပြိန်းကြိုက်ဝါဒနဲ့ အာဏာရှင်စနစ်ဖက် - အစိုးရရဲ့ အခြားရွေးချယ်စရာနည်းလမ်းတွေကို စဉ်းစားလာကြပါတယ်။ ဆွဲဆောင်မှုရှိတယ်လို့ ထင်လာပါတယ်။ ကိုယ့်မှာ ဝင်ငွေနဲ့လူနေမှုအဆင့်အတန်း အောက်တန်း နောက်တန်းကျနေရမှုအပေါ် ပိုပြီး မခံစားနိုင် ဖြစ်လာရပါတယ်။ 

ကမ္ဘာတစ်ဝန်း ဒီမိုကရေစီနိုင်ငံတွေက လူပြိန်းကြိုက်ခေါင်းဆောင်များက လူထုတွေကို တိုက်ရိုက်ဆက်သွယ် ထိတွေ့ပြီးတော့ ဗဟိုက အာဏာရှိသူတွေကို ကျော်လွှားဖို့ ကြိုးစားကြပါတယ်။ သူတို့က ရှိပြီးသားမီဒီယာ၊ တည်မြဲနေတဲ့ နိုင်ငံရေး ထိပ်သီးလူတန်းစားတွေကို မလိုချင်ပါဘူး။ ဒါနဲ့ လူထုကိုစည်းရုံးပြီး ထိပ်သီးလူတန်းစားကို တိုက်ဖို့ ကြိုးစားကြပါတော့တယ်။ ဒီလိုနဲ့ ယက်ရှယ်ထားတဲ့ လူမှုအဖွဲ့အစည်း အစေးကပ်မှုတွေ အားနည်းချိနဲ့စေပြီး၊ ဒီမိုကရေစီနဲ့ အရင်းရှင်လူနေမှုစနစ်ရဲ့ နိုင်ငံရေးအရ ထိရောက်ထက်မြက်မှုတွေကို တိုက်ဖျက်ပါတော့တယ်။ 

တရုတ်ကို ကြည့်လိုက်တဲ့အခါကျတော့ ဒီမိုကရေစီနဲ့ အရင်းရှင်စနစ်ရဲ့ အားနည်းချက်တွေကို စိတ်သက်သာစေပြီး ဆွဲဆောင်မှုတခု ဖြစ်နေပါတယ်။ သူ့မိုဒယ်က အပေါ်-အောက် စီစဉ်ထိန်းချုပ်ထားတဲ့ “အာဏာရှင် အရင်းရှင်စနစ်” (authoritarian capitalism) ဖြစ်ပြီး၊ တပြိုင်တည်းမှာပဲ မက်စ်ဝါဒ၊ လီနင်ဝါဒ အလိမ်အကောက်ကလေးတွေလည်း ရောမွှေထားပါသေးတယ်။ သူတို့က ဒီမိုကရေစီနည်းကျလို့တော့ ပြောပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံတွေလို ပါတီစုံစနစ်မဟုတ်ဘဲ၊ ကွန်မြူနစ်ပါတီ တပါတီစနစ်နဲ့ နိုင်ငံတော်ကိုအုပ်ချုပ်နေတာတော့ ရှိပါသေးတယ်။ 

တရုတ်နိုင်ငံက ဗဟိုကထိန်းချုပ်ထားတဲ့ နိုင်ငံရေးထိန်းချုပ်မှုနဲ့ အာဏာရှင်စနစ်ဆန်ဆန် နိုင်ငံရေးကို ကျင့်သုံးနေပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ စီမံခန့်ခွဲမှုကတော့ ဈေးကွက်က ဦးဆောင်မောင်းနှင်နေတာ မဟုတ်ဘူး ဆိုရင်တောင်မှ ဈေးကွက်နည်းနာတွေနဲ့ အသားကျ လျော်ညီနေပါတယ်။ ဒါကြောင့် တရုတ်က အနောက်တိုင်းမိုဒယ် လစ်ဘရယ်ဒီမိုကရေစီနဲ့ ဈေးကွက် အရင်းရှင်စနစ်ကို အဆင်မပြေလှပါဘူး။ စိတ်ပျက်ပါတယ်။ သမိုင်းက ရှုမြင်ထားကြသလို မမြင်ပါဘူး။ 

ဆိုဗီယက်ပြိုကျရတာကြောင့် ကားလ်မာ့စ်က စခဲ့တဲ့ အတွေးအခေါ်တိုက်ပွဲက အဆုံးသတ်သေးတာတော့ မဟုတ်ပါဘူး။ အဲဒါ အစား တရုတ်က ပြန်ခေါင်းထောင်ပြီး၊ ဆက်လက်အင်အားကြီး တိုးတက်လာနေပါတယ်။ မကြာသေးမီက တရုတ်ကွန်မြူနစ်ပါတီ နှစ်တရာပြည့် အခမ်းအနားကျင်းပတဲ့အခါ၊ ကွန်မြူနစ်ဝါဒက ဆက်လက်ရှင်သန်နေဆဲရှိကြောင်း၊ တရုတ်ပြည်မှာတော့ အရင်းရှင်ကြန်အင်လက္ခဏာနဲ့အတူ အလုပ်ဖြစ်နေသေးကြောင်း ပြသနေပါတယ်။ မျိုးရိုးဗီဇထဲမှာ တွဲပြီးပါလာတဲ့ ပဋိပက္ခ သညောအရ နိုင်ငံရေးအရ အာဏာရှင်ဆန်ဆန် ထိန်းချုပ်ထားတာနဲ့ ဈေးကွက်အရင်းရှင်စနစ်က ပြောရရင်တော့ တရုတ်ပြည်ကို အားကောင်းစေသလို၊ တချိန်တည်းမှာ ချိနဲ့စေဖို့အကြောင်း ဖြစ်နေပါတယ်။ အခြား ဘယ်ခေတ်သစ်နိုင်ငံတော်ကမှ လူ့ အ ခွင့်အရေး၊ လွတ်လပ်ခွင့်များ အဆုံးရှုံးခံ တန်ဖိုးပေးပြီး၊ ဈေးကွက်စီးပွားရေးစနစ် အောင်မြင်မယ်ဆိုဦးတော့၊ ပိုကောင်းမွန်တဲ့ လူနေမှုဘဝတွေနဲ့ လူနေမှုအဆင့်အတန်းရမယ်ဆိုဦးတော့၊ တချိန်တည်းမှာ ဗဟိုချုပ်ကိုင်ထားတဲ့ နိုင်ငံရေးထိန်းချုပ်မှုစနစ်တခုကို ပြောင်းလဲရွေးချယ်ကြမှာတော့ မဟုတ်ပါဘူး။ 

တရုတ်ကွန်မြူနစ်ပါတီ (CCP) အုပ်ချုပ်တဲ့ နိုင်ငံမှာ နိုင်ငံတော်က အရင်းရှင်စီးပွားရေးစနစ်ကို ဦးဆောင်မောင်းနှင်ပါတယ်။ ဂျပန်၊ တောင်ကိုရီးယား၊ တိုင်ဝမ်တွေမှာလည်း ၁၉၆၀-၈၀ ခုနှစ်များမှာ ဒီအတိုင်းလုပ်ခဲ့တာပါ။ အကြီးမားဆုံး ကွာခြားချက်ကတော့ အဲဒီနိုင်ငံတွေက အမေရိကန်နဲ့ ခိုင်မာတဲ့ မဟာမိတ်နိုင်ငံတွေဖြစ်ကြပြီးတော့၊ အနောက်တိုင်းပုံစံ ဒီမိုကရေစီကို ကူးပြောင်းခဲ့ကြပါတယ်။ တရုတ်ကတော့ အဲသလို ဒီမိုကရေစီ ဖြစ်မလာပါဘူး။ နောက်လည်း ဘယ်တော့မှဖြစ်မှာမဟုတ်ပါ ဘူး။ တရုတ်က အနောက်နိုင်ငံတွေမှာ ကြုံခဲ့ရတဲ့ အမှားတွေဖြစ်တဲ့ လူနည်းစုမှာပဲ ဓနဥစ္စာ စုဆောင်းမိလာခြင်း၊ နိုင်ငံရေးအရ အုပ်စုသဘောထားကွဲလွန်းခြင်း၊ လူမှုအဖွဲ့အစည်း အလုပ်မဖြစ်ခြင်း စတာတွေကနေ ဝေးရာကိုရွှေ့နိုင်ဖို့ လုပ်နေပါတယ်။ ဒီအချက်တွေက လူ့အဖွဲ့အစည်းကို အားကုန် ချိနဲ့စေပါတယ်။ 

ဒီလိုနဲ့ ရှေ့ကိုချီတက်နေရင်း တရုတ်နိုင်ငံက သူ့ကိုယ်သူ မဟာအင်အားကြီးနိုင်ငံအဖြစ် တည်ဆောက်နေမှု၊ သူ့ရွေးချယ်ထားမှုဟာ ကမ္ဘာကြီးရဲ့စနစ်ကို ပြန်ပြီးပုံသွင်းမှာပါ။ သေချာတာကတော့ သူ့အတွက် အကျိုးစီးပွား အကောင်းဆုံးဖြစ်နိုင်တဲ့ အခြေ အနေကို ရွေးချယ်မှာပါပဲ။ ဒီအနေအထားမှာ အသစ်သော စစ်အေးတိုက်ပွဲက ဖွဲ့စည်းလာပါတယ်။ ရှေ့အတီတေနှစ်များက ကြုံရသလို ပြန်ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ရာစုနှစ်မှာ အင်အားကြီးနိုင်ငံ ၂-ခုအကြား ကာလကြာရှည် ပြိုင်ဆိုင်မှုကြီးက အသစ်တဖန် ပြန်ဖြစ်လာပါတယ်။ ဒါက အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်အကြား တင်းမာမှုပြဿနာကို ဖြစ်စေတာပါပဲ။ 

ဆိုဗီယက်ယူနီယံက အမေရိကန်ကို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လက်ဝေခံစစ်ပွဲ (proxy wars) တွေဖော်ပြီး၊ အဲဒီကတဆင့် တိုက်ရိုက် စိန်ခေါ်ခဲ့ပါတယ်။ နောက်ဆုံး ရှုံးနိမ့်သွားရပါတယ်။ အကြောင်းကတော့ အနောက်နိုင်ငံတွေက ဆောင်ရွက်နိုင်စွမ်းတဲ့ အရင်းရှင်စနစ် ဖွံ့ဖြိုးရေးကို အမှီမလိုက်နိုင်တော့လို့ပါပဲ။ ဒါပေမယ့် ဆိုဗီယက်ယူနီယံက စစ်ရေးအရ၊ စီးပွားရေးအရ ရှုံးနိမ့်ခဲ့တာတော့ မဟုတ်ပါဘူး။ 

အခြားတဖက်မှာတော့ တရုတ်နိုင်ငံက စစ်ရေးနည်းအားဖြင့်နဲ့ အမေရိကန်ပြည်ထောင်စုကို မရင်ဆိုင်ပါဘူး။ ဒါပေမယ့် ဧရာမ လက်နက်အင်အားစုဆောင်းမှု အကြီးကြီး လုပ်နေပါတယ်။ တရုတ်နိုင်ငံက ကုန်သွယ်မှု ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ ကို တိုက်ရိုက်နဲ့ ခပ်ကြမ်းကြမ်းပဲ ပြန်တွန်းလှန်ခဲ့ပါတယ်။ နည်းပညာ တီထွင်ဆန်းသစ်မှုမှာလည်း သူက မခေပါဘူး။ အခုလို “အသစ်သော အရှေ့” နဲ့ “အဟောင်းအနောက်နိုင်ငံများ” ထိပ်တိုက်တွေ့မှုကို အကောင်းဆုံး ညှိနှိုင်းဆွေးနွေးမှု၊ အပေးအယူလုပ်မှုနဲ့ ဖြေရှင်းမှ အကောင်းဆုံးဖြစ်မှာပါ။ ဒီလိုနည်းနဲ့ တရုတ်နိုင်ငံက အခန်းကဏ္ဍ ပိုရလာပါမယ်။ ဂုဏ်သိက္ခာပိုကြီးလာပါမယ်။ တကမ္ဘာလုံးဆိုင်ရာ သူ့ အင်အားနဲ့ မာန်မာနအတွက်လည်း အကျိုးဖြစ်လာစေပါလိမ့်မယ်။ အကယ်၍ တရုတ်ကို ငြင်းပယ်ပြီး၊ ဖိနှိပ်ခဲ့မယ်ဆိုရင်တော့ တရုတ်က မကျေမနပ် ပြန်တုံ့ပြန်မှာပါ။ ပိုလို့လည်း ရန်လိုလာပါလိမ့်မယ်။ ဆိုဗီယက်ကတော့ တကယ့် တိုက်ပွဲတပွဲမှ မတိုက်ရဘဲ ရှုံးနိမ့်ခဲ့ပါတယ်။ တရုတ်ကတော့ တကယ့်တိုက်ပွဲလည်း တိုက်ရဖို့ ရှိနိုင်ပါတယ်။ အကြောင်းကတော့ သူက အဆုံးရှုံးမခံနိုင်လို့ပါပဲ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar