Breaking News

နိုင်စိုး - ကျောင်းတွေများပေမဲ့ ကျောင်းသားနည်းတဲ့နိုင်ငံဖြစ်သွားမလား

နိုင်စိုး - ကျောင်းတွေများပေမဲ့ ကျောင်းသားနည်းတဲ့နိုင်ငံဖြစ်သွားမလား
(မိုးမခ) နို၀င်ဘာ ၂၇၊ ၂၀၂၁

ဒုတိယလှိုင်း ကိုဗစ်ရောဂါဖြစ်နေတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလလောက်ကတည်းက ကျောင်းတွေပိတ်ပြီးနောက် ကိုဗစ်ရောဂါပိုးဖြစ်နေတဲ့အချိန်နဲ့အတူ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် စာသင်ကျောင်းတွေ ပြန်ဖွင့်တဲ့အခါမှာတော့ ဆရာ၊ ဆရာမတွေရော ကျောင်းသား၊ ကျောင်းသူတွေပါ CDM မှာ ပါဝင်ကြလေတော့ ကျောင်းတက်သူတွေ မရှိသလောက်ပါဘဲဗျာ။

နိုင်ငံထဲက စာသင်ကျောင်းတွေကို အောက်တိုဘာလကုန်မှာ ပြန်လည်းဖွင့်လှစ်ခဲ့ပေမဲ့ နိုင်ငံရေးနဲ့ ရောဂါပိုးတွေကြောင့် ကျောင်းတက်တဲ့ ကျောင်းသား ကျောင်းသူတွေရဲ့မိဘတွေဟာ ကျောင်းမအပ်တာတွေ၊ ကျောင်းအပ်ပြီး ကျောင်းမတက်ခိုင်းတာတွေ ရှိနေတာပါ။

“သားက တတန်းတက်တုန်းက အတန်းထဲမှာ သူငယ်ချင်းတွေ အများကြီးပဲ။ ဒီနှစ်တက်တော့ သားက ၂ တန်း။ ကျောင်းခန်းထဲမှာ ကျောင်းတက်တဲ့သူ ၃ ယောက်ပဲ ရှိတယ်လေ။ စာသင်ရတာပျင်းတာပေါ့” လို့ မြန်အောင်မြို့နယ်ထဲက ကျောင်းသားတယောက်က ပြောပြပါတယ်။

“ကျမတို့က တဘက်ကလည်း ရောဂါတွေဖြစ်နေတာရယ်၊ တဘက်ကလည်း နိုင်ငံရေးတွေကြောင့် ကျောင်းတွေမှာ ဗုံးတွေဖောက်မယ်လို့ သတင်းတွေထွက်နေတော့ သားသမီးတွေကို ဘယ်လိုစိတ်ချနိုင်ပါ့မလဲ။ တာဝန်ရှိတဲ့သူတွေကလည်း တာဝန်မယူတော့ အပြင်ဆရာတွေနဲ့ထားပြီး စာသင်နေရတာပေါ့” လို့ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်ထဲက ကျောင်းသားမိခင်တယောက်က ရှင်းပြပါတယ်။

အာဏာသိမ်းစစ်အုပ်က ကျောင်းတွေကို ပြန်ဖွင့်ဖို့၊ ဆရာ၊ ဆရာမတွေကို စာသင်ဖို့ ဖိအားပေး၊ ကျောင်းသား ကျောင်းသူတွေကို မဖြစ်မနေ ကျောင်းတက်ရမယ်လို့ ခြိမ်းခြောက်၊ ကျောင်းတက်ခိုင်းပေမဲ့ ကျောင်းသားမိဘတွေကတော့ သားသမီးတွေအတွက် စိုးရိမ်နေရတဲ့အခြေအနေဟာ အရင်ဖြတ်သန်းခဲ့ရဖူးတဲ့ ၁၉၈၈ အရေးတော်ပုံကြီးနဲ့ မတူဘူးဆိုတာတော့ အတွေ့အကြုံတွေက စကားပြောနေပါတယ်။

“၈ လေးလုံး စတင်တဲ့ကာလမှာကတော့ ဘယ်သူခိုး၊ ဘယ်ဓားပြ၊ ဘယ်စစ်တပ်ကိုမှ မကြောက်ခဲ့ရဘူး။ ကိုယ့်ရပ်ကွက် ကိုယ့်မြို့နယ်မှာ ကိုယ်လုံခြုံရေးနဲ့ကိုယ် သွားနေကြတာဗျ” လို့  မြန်အောင်မြို့ခံတယောက်က ရှင်းပြပါတယ်။

အခုကျပြန်တော့ လုံခြုံရေးဆိုတာ မရှိ… မရှိ… မရှိ… စိုးရိမ်လိုက်ရတဲ့ ပြည်သူတွေ တနိုင်ငံလုံးလိုလိုပါပဲ။ အစိမ်းကပဲ လာပစ်မလား၊ အပြာကပဲ လာပစ်မလား၊ အနီကပဲ လာပစ်မလား၊ သူခိုး-ဓားပြကပဲ လာမလား စတဲ့ စတဲ့ စတဲ့ အပူအပင်တွေနဲ့ ဘဝတွေကို နိစ္စဓူဝ ဖြတ်သန်းနေကြရတာ ဒီကနေ့အထိပေါ့။

“ကျွန်တော်တို့ ၈၈ တုန်းကတော့ ကိုယ်ဟာကိုယ် ကင်းစောင့်၊ ပြည်သူတွေက ရေနွေးကြမ်းတွေ၊ လက်ဖက်သုပ်တွေ၊ ဆေးလိပ် စတာတွေအပြင် လိုအပ်ရင် စောင်၊ ခြင်ထောင်တွေတောင် ကူညီသေးတယ်ဗျ။ အခုတော့ဗျာ ကိုယ်ကိုယ်တိုင် လုံခြုံရေးကြောက်နေရလို့ ကိုယ်အိမ်ထဲမှာဘဲ ကုတ်နေရတယ်” လို့ ဧရာဝတီတိုင်း ကြံခင်းမြို့က ၈၈ အရေးအခင်းကိုမီခဲ့တဲ့ ဒေသခံတယောက်က ပြောပြပါတယ်။

အခု စာသင်ကျောင်းတွေ ပြန်ဖွင့်တာ နိုဝင်ဘာလ ၁ ရက်နေ့ကလို့ မှတ်မိလိုက်တယ်။ ဆိုလိုချင်တာက အထက်ကပြောခဲ့သလို နိုင်ငံရေးကလည်း မတည်ငြိမ်၊ လုံခြုံရေးက နတ္ထိ၊ သားသမီးတွေရဲ့ပညာရေးကို ဘယ်လိုရှေ့ဆက်ရမှာလဲဆိုတာကို မိဘတွေကလည်း စိုးရိမ်နေကြရတဲ့ခေတ်ကို ရောက်နေပြီလေ။

“ကျွန်တော်တို့က သားလေးကိုကျောင်းထားချင်ပါတယ်။ ကျွန်တော့်သားက ၂ တန်းပဲရှိသေးတယ်။ ဒါပေမဲ့ ဟိုလုပ်မယ် ဒီလုပ်မယ်ဆိုတော့ မိဘတွေကလည်း စိုးရိမ်ပြီး ကျောင်းမတက်ခိုင်းတော့တာပေါ့” လို့ ဧရာဝတီတိုင်း မြန်အောင်မြို့နယ်ထဲက ကျောင်းသားမိဘတဦးက ပြောပါတယ်။

လက်ရှိကာလာမှာ ကျောင်းတက်ရင် ဖြစ်စေ၊ မတက်ရင်ဖြစ်စေ ဆရာ၊ ဆရာတွေ ရုံးအလုပ်တွေ ဆင်းရင်ဖြစ်စေ၊ မတက်ရင်ဖြစ်စေ စစ်တပ်ဘက်ကပဲ ဖမ်းမလိုလို၊ ဒီမိုကရေစီအဖွဲ့တွေဘက်ကပဲ ပစ်ခတ် ဖောက်ခွဲကြတော့မလိုလို ဖြစ်နေကြတဲ့ကာလဖြစ်နေလေတော့ နှစ်ဘက်စလုံးမှာ သံသယစိတ်တွေနဲ့ ဖြတ်သန်းနေကြရတဲ့ကာလ ဖြစ်နေတယ်။ အခုလိုဖြစ်နေကြရတဲ့ အခြေအနေရဲ့အစကိုပြောရရင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်တဲ့ စစ်တပ်ကြောင့်ဖြစ်တယ်လို့ ရှေ့မီ နောက်မီ သက်ကြီးရွယ်အိုတွေက သုံးသပ်ကြတယ်။

“ဒီကောင်တွေက ခက်တယ်ကွာ။ ဦးနေဝင်း လက်ထက်ကတည်းက ပြည်သူတွေကို ဒုက္ခပေးလာတာ။ အခုလည်း မပြီးသေးဘူး။ သူတို့သားစဉ် မြေးဆက် အာဏာဆက်ခံချင်နေကြတာကွ” လို့ ဧရာဝတီတိုင်း မြန်အောင်မြို့နယ်ထဲက ရပ်မိရပ်ဖတဦးက တက်ခေါက်ပြီး ပြောတယ်။

“ကျွန်တော်က အောင်လက်မှတ်ရချင်လို ကျောင်းပြန်တက်တာ။ ဘာဖြစ်လို့လဲဆိုတော့ အောင်လက်မှတ်မရလို့ အလုပ်တွေမရ။ အဖေ အမေတို့ ပညာသင်စရိတ်တွေ ကုန်တော့မှာလေ။ လယ်တွေလည်း ကုန်ပြီ။ နွားတွေကုန်ပြီ။ ဒါလေးကို ကျေးဇူးပြန်ဆပ်နိုင်အောင် ကျောင်းပြန်တက်တာပါ” လို့ ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ရှားတောကျေးရွာအုပ်စုက ဆယ်တန်းကျောင်းသားတယောက်က ပြောပါတယ်။

တကယ်တမ်းကတော့ အခုလို ကျောင်းတွေ မဖွင့်ခင်ကတည်းက ကိုယ်နည်းကိုယ်ဟန်နဲ့ မိဘတွေက သား သမီးတွေကို ပညာသင်နေကြတာပါ။ ရည်မှန်းချက်တခုကတော အတန်းပညာရေး အောင်သည်ဖြစ်စေ၊ မအောင်သည်ဖြစ်စေ ကိုယ့်သားသမီးတွေကို ပညာတတ်စေချင်နေတဲ့ မိဘတိုင်းရဲ့ စေတနာကြောင့်ပါ။

ဒီအထဲမှာ ကလေးတွေ ပညာရေးတိုးတက်လာအောင် စေတနာ၊ ဝါသနာ၊ ကရုဏာနဲ့ သင်ကြားပေးချင်နေကြတဲ့ ဆရာ၊ ဆရာမတွေကတော့ သူတို့ရဲ့ခံစားချက်၊ ခံယူချက်နဲ့ လက်ရှိအခြေအနေကို အခုလို ရှင်းပြပါတယ်။

“ကျမကတော့ ကလေးတွေ ပညာတတ်စေချင်တာပါ။ အခုအခြေအနေတွေက ဆရာမလည်း မသုံးသပ်ချင်တော့ဘူး၊ နိုင်ငံရေးက တမျိုးကြီးဖြစ်နေတာကိုး” လို့ ဧရာဝတီတိုင်း ကြံခင်းမြို့နယ်ထဲက အလယ်တန်းပြ ဆရာမတဦးက ရှင်းပြပါတယ်။

ဒီအထဲမှာ အလျှင်းသင့်သလို အပြင်က ဆရာ၊ ဆရာမတွေနဲ့ ပညာသင်နေကြတဲ့ကလေးတွေကို လိုက်ကြည့်လိုက်ရင် အင်္ဂလိပ်၊ သင်္ချာနဲ့ မြန်မာစာကို အဓိက သင်နေကြတာကိုလည်း တွေ့ရတယ်။

“ကျွန်တော်တို့က ဒီမှာဘွဲ့ရ မရ စိတ်မဝင်စားတော့ဘူး အင်္ဂလိပ်စာ၊ သင်္ချာ၊ ကွန်ပျူတာကိုတတ်ရင် နိုင်ငံခြားကိုထွက်လို့ရတာပဲ။ မြန်မာစာကတော့ အိမ်မှာပဲသင်တာပေါ့။ အခု အဲဒီစာတွေ အွန်လိုင်းကပဲသင်နေတယ်” လို့ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်ထဲက ကျောင်းသားတယောက်က ပြောပါတယ်။

အခုလို ကျောင်းတွေ ပြန်ဖွင့်တဲ့အချိန်မှာ ၄ လနဲ့ တတန်းပြီးအောင်သင်မယ်လို့ ကြွေးကြော်နေတဲ့ ပညာရေးစနစ်ကို ချုပ်ကိုင်ထားတဲ့ ၄ တန်းမအောင်တဲ့သူတွေ အများကြီးပါဝင်အုပ်ချုပ်နေတဲ့ အစိုးရအနေနဲ့ စဉ်းစားသုံးသပ်သင့်တာကတော့ မြန်မာနိုင်ငံမှာ ကျောင်းတွေများပေမဲ့ ကျောင်းတက်တဲ့သူတွေနည်းနေတာဟာ ကျောင်းတွေ အများကြီးရှိပြီး ကျောင်းတက်တဲ့ ကျောင်းသားတွေနည်းတဲ့နိုင်ငံအဆင့်ကို ရောက်မသွားအောင် ဗြဟ္မစိုရ်တရားလေးပါးနဲ့ ဆင်ခြင်သုံးသပ်သင့်နေပါပြီ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar