မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၁၁ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၂၁
• စစ်ကိုင်းတိုင်း၊ မကွေး၊ ချင်း၊ ကယား၊ ရန်ကုန်နဲ့ မန္တလေး
နေ့စဥ် သတင်းတွေထဲမှာ ဖြစ်ပျက်နေတာတွေကို ဖတ်ပြီး မှန်းဆကြည့်မယ်ဆိုရင် စစ်ကိုင်းတိုင်းက နေရာဒေသ အတော်များများမှာတော့ ရွာလုံးကျွတ် ထွက်ပြေးနေကြတာတွေ၊ နေအိမ်တွေ စစ်ကောင်စီတပ်တွေက ကျေးရွာက လူနေအိမ်တွေကို မီးရှို့တာတွေ၊ ရိက္ခာဆန်တွေကို ဖျက်ဆီးသွားတာ၊ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ဖောက်ထွင်းယူဆောင်သွားတာ၊ PDF တွေလို့ ခေါ်ကြတဲ့ ဒေသက ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ပူးပေါင်း ပါဝင်ကြတဲ့ ရွာသားတွေက စစ်ကောင်စီတပ်တွေကို ကြားဖြတ်မိုင်းခွဲတာ တိုက်ခိုက်တာတွေ၊ ကျေးရွာတွေမှာ တွေ့တဲ့ယောင်္ကျားသားတွေကို အမေးအမြန်းမရှိ ပစ်သတ်တာ ဖမ်းဆီး နှိပ်စက်တာတွေက၊ တဖက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆယ်ဂဏန်းနဲ့ချီ သေဆုံးသွားတယ်ဆိုတဲ့ သတင်းတွေက နေ့စဥ်သတင်း ခေါင်းစဥ်တွေ ဖြစ်လို့နေပါတယ်။ တခါတရံမှာ ရဟတ်ယာဥ်သုံးပြီး ပစ်ခတ်တယ် ဆိုတဲ့ သတင်းတွေလည်း တွေ့ရလေ့ရှိပါတယ်။
အလားတူ ကယားပြည်နယ် မြို့နယ် အချို့ဖြစ်တဲ ဖယ်ခုံ၊ ဒီးမော့ဆို၊ မိုးဗြဲတို့မှာ တိုက်ပွဲ ပြင်းထန်လို့ ရွာလုံးကျွတ် ရှောင်တိမ်းနေရတယ်ဆိုတဲ့ သတင်းတွေ သေဆုံးမှုတွေ သတ်ဖြတ်ခံရတာတွေ နေအိမ်မီးရှို့ခံရတာ၊ လက်နက်ကြီးကျည်ထိလို့ နေအိမ်တွေ ပျက်စီးတဲ့ သတင်းတွေက နေ့စဥ် အပတ်စဥ် သတင်းတွေလို ဖြစ်နေတာပါ။
ချင်းပြည်နယ်မှာတော့ စစ်ကောင်စီတပ်တွေရဲ့ ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်တာ မြို့တချို့ကို မြို့လုံးကျွတ် လူတွေ စွန့်ခွာသွားကြပြီး လူနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ပြီး မြေလှန်စနစ်နဲ့ တိုက်ပွဲကို အနိုင်မရအောင် ဓါးစာခံလုပ်တာ ဖြစ်သလို စီစဥ်ထားကြရတဲ့ ဒုက္ခသည်စခန်းတွေမှာ လူပေါင်း ထောင်သောင်းချီနေထိုင်နေကြရတာတွေက နေ့စဥ်သတင်းတွေသဖွယ် ဖြစ်လာနေပါတယ်။
ဒီသတင်းတွေကြားထဲ စစ်ကောင်စီတပ်၊ ရဲတွေ ဘယ်လောက်သေဆုံးသွားတယ်၊ ဘယ်လောက်က လက်နက်နဲ့ဖြစ်စေ လက်နက်မပါဘဲ ဖြစ်စေ ပူးပေါင်းလာကြတယ်ဆိုတဲ့ သတင်းတွေလည်း နေ့စဥ် သတင်းသဖွယ် ကြားနေ ဖတ်ရှုနေကြရတာပါ။
ဒီလို တိုင်းဒေသကြီးအချို့နဲ့ ပြည်နယ် အချို့မှာ ဖြစ်ပျက်နေချိန်မှာပဲ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာတော့ အုပ်ချုပ်ရေးရုံး ဗုံးကွဲတာ၊ ရဲကင်း လမ်းဆုံလမ်းထောင့်က ယာဥ်ထိန်းရဲကင်းတွေကို ဗုံးခွဲတာ ကားပေါ်က သေနတ်နဲ့ပစ်ပြေးတဲ့ သတင်းတွေ၊ ဒလန် သတင်းပေးလို့ ဆိုသူတွေကို လုပ်ကြံသတ်ဖြတ်တာ၊ ရာအိမ်မှူး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို လုပ်ကြံသတ်ဖြတ်တာတွေက နေ့စဥ်သတင်းတွေ ဖြစ်နေပြီး ခုရက်ပိုင်းမှာတော့ သတ်ဖြတ်မှုတွေ ဗုံးခွဲမှုတွေက တရက်ထဲ တနေရာထက်မနည်း တကြိမ်ထက်မနည်း တဦးတယောက်မကတော့ပဲ နေ့စဥ် ဆယ်ဂဏန်းနဲ့ သေဆုံးနေကြတာဖြစ်ပါတယ်။
ခေတ်သစ် မြန်မာနိုင်ငံသမိုင်းမှာ ဒုတိယကမ္ဘာစစ်နဲ့ ၁၉၄၉၊ ၅၀ ခုနှစ်ပြည်တွင်းစစ်ကာလကလွဲရင် လုပ်ကြံ သတ်ဖြတ်မှု ၊ ဗုံးခွဲ တိုက်ခိုက်မှု အများဆုံးကာလ အနေနဲ့ မှတ်တမ်းတင်ရမယ့် အနေအထားမျိုး ရောက်လာနေပါတယ်။
ဒုတိယကမ္ဘာစစ်ဖြစ်ပွားစဥ်က မြို့တွေဗုံးကျဲခံရတာ မြို့ကိုစွန့်ခွာပြေးရတာ တိုက်ပွဲတွေက အခုအခြေအနေထက် အများကြီးဆိုးရွားခဲ့တာမှန်ပေမယ့် အဆိုပါကာလ၊ ၄၉-၅၀ ခုနှစ်တွေ ပြည်တွင်းစစ်ကာလပြီးနောက်မှာတော့ အခုကာလဟာ လက်နက်ကိုင် တိုက်ခိုက်မှု၊ လုပ်ကြံသတ်ဖြတ်မှုနဲ့ ဗုံးခွဲမှုတွေ အများဆုံးကာလတခု ဖြစ်လာနေပြီဖြစ်ပါတယ်။
အဲလိုအခြေအနေအောက်မှာ ကျေးရွာတွေ စစ်ပွဲ လက်နက်နဲ့တိုက်နေကြတဲ့ ကျေးရွာတွေမှာ အိမ်တွေ စွန့် ပိုင်ဆိုင်မှုတွေ သယ်နိုင်သလောက်သာသယ်ပြီး ကျန်တာတွေကို သယ်ယူဖို့မဖြစ်နိုင်လို့ ဖြစ်ချင်ရာဖြစ်သဘောနဲ့ ချန်ရစ်ခဲ့ပြီး ဘေးလွတ်ရာ တိုက်ခိုက်မှုနဲ့ လွတ်ကင်းရာတွေကို တိမ်းရှောင်နေကြရတဲ့အချိန်မှာ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာတော့ ဗုံးတွေကွဲနေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်နေပေမယ့် လူအများအပြားက စားဝတ်နေရေး အတွက် ဒီအခြေအနေအောက်ကြားမှာ လှုပ်ရှားသွားလာနေကြမြဲ ဖြစ်ပါတယ်။ ဝမ်းရေးအတွက် အလုပ်လုပ်ဖို့ လိုအပ်တာ၊ အခြေအနေက မကြာခင် ကိုယ်ယုံကြည်တဲ့ဘက်က နိုင်တော့မှာပါဆိုတဲ့ ဖြေသိမ့်အတွေးနဲ့ နေ့စဥ် သွားလာလှုပ်ရှားနေကြတာ လည်းဖြစ်ပါတယ်။
ခုလဆန်းမှာ စစ်ကောင်စီက စာသင်ကျောင်းတွေကို ပြန်ဖွင့်ခဲ့ပေမယ့် တက်မယ့်သူမရှိတဲ့ နိုင်ငံပိုင် စာသင်ကျောင်းတွေလည်း အများအပြား ရှိနေတာပါ။ ရန်ကုန်မှာတော့ အချို့သော ပုဂ္ဂလိကကျောင်းတွေ ဖွင့်လှစ်တာလည်း ရှိပါတယ်။ ဘတ်စကားတွေလည်း အရေအတွက်နည်းပေမယ့်လည်း လမ်းပေါ်မှာ ပြေးဆွဲနေတာပါ။ တိုက်ပွဲတွေဖြစ်နေတဲ့ ကျေးလက်က လူထုနဲ့စာရင် မြို့ပေါ်က လူတွေက ကံကောင်းတဲ့ အနေအထားလို့ဆိုနိုင်ပါတယ်။ တိုက်ပွဲဧရိယာ ကျေးလက်တွေမှာ စိုက်ပျိုးရေး မလုပ်နိုင်သလို မွေးမြူထားတဲ့ ကျွဲ နွား ဆိတ်လို တိရိစ္ဆာန်တွေလည်း စစ်ကောင်စီတပ်တွေ ဝင်လာတဲ့အခါ သတ်ဖြတ်စားသောက်သွားတာတွေနဲ့ ဆုံးရှုံးနေကြရတာမျိုးမှာ မြို့ပေါ်က လူထုအဖို့တော့ စီးပွားရေးကြပ်တည်းသော်လည်း ကျေးလက်ကလူထုလောက် စစ်ပွဲဒဏ်မခံရတဲ့သဘောလို့ ဆိုရမှာပါ။
ရန်ကုန် မန္တလေးမြို့ကြီး ၂ မြို့နဲ့အတူ စစ်ကောင်စီတင်းကြပ်စွာ လုံခြုံရေးချထားတဲ့ နေပြည်တော် ပျဥ်းမနားတို့လိုမြို့နေ လူထုအဖို့တော့ နောက်လာမယ့် ၃လ၊ ၆ လမှာ တိုင်းပြည်ကဘယ်လို ဖြစ်လာမလဲလို့ မမှန်းဆနိုင်ကြပေမယ့် လက်ရှိပစ္စုပ္ပန်ကာလကိုတော့ မိသားစု ရပ်တည်ရေး၊ ဝမ်းရေး ၊ သားသမီး ပညာရေး စတဲ့ အကြောင်းကြောင်းတွေနဲ့ တဖက်မှာလည်း ကိုယ်ယုံကြည်တဲ့ဘက်ကို ထောက်ခံပြီး တနေ့တနေ့ ကုန်ဆုံးဖြတ်သန်းနေကြတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar