မောင်မောင်စိုး - ရခိုင်စစ်မြေပြင်မှ သတိပေးခေါင်းလောင်း
(မိုးမခ) နို၀င်ဘာ ၁၀၊ ၂၀၂၁
၁။ ၂၀၂၀ နိုဝင်ဘာ ၁၁ ရက်မှစခဲ့သည့် ရခိုင်ပြည်နယ်ရှိ အပစ်အခတ်ရပ်စဲရေးသည် ယနေ့ဆိုလျင် တနှစ်ပြည့်တော့မည်ဖြစ်သည်။ တပ်နှင့် AA ကြား တရားဝင် သဘောတူညီချက်တစုံတရာမရှိသော်လည်း အလွတ်သဘော ညှိနှိုင်းသဘောတူညီချက်ဖြင့် အပစ်ရပ်ထားခဲ့ကြသဖြင့် ရခိုင်ပြည်စစ်မြေပြင်ငြိမ်သက်နေခဲ့သည်။ ရခိုင်ပြည်ငြိမ်းချမ်းနေခဲ့သည်။
၂။ နှစ်ဖက်လက်နက်ကိုင်တပ်များကြား ပဋိပက္ခမရှိသည်တော့မဟုတ်။ ကြားမှ ငြိမ်းချမ်းရေးအကျိုးဆောင်များမှတဆင့် အဖုအထစ်များကို ညှိနှိုင်းရင်း တနှစ်ကာလကို ကျော်လွှားခဲ့သည်ဟု ဆိုရမည်။
၃။ သို့သော်လည်း တနှစ်ပြည့်ခါနီး ၂၀၂၁ နိုဝင်ဘာလ ၉ ရက်နေ့တွင် မောင်တောမြောက်ပိုင်း၌ သေနတ်သံစမြည်ခဲ့ပြီး အသေအပျောက်များရှိသည်ကို ကြားသိရသည်။ ယခုအချိန်ထိလည်း ထိုနေရာတွင် နှစ်ဖက်တပ်များ ရင်ဆိုင်ဆဲဟုသိရသည်။
၄။ ယခုချိန်ထိ ကြားသိရသည်မှာ ညှိနိုင်းမှုများ ပြုလုပ်နေဆဲဖြစ်သကဲ့သို့ ညှိနှိုင်း၍မရနိုင်ပါကလည်း ဆက်လက်တိုက်ပွဲဖြစ်ပွါးနိုင်သည်ဟု ဆိုသည်။
၅။ ဤကဲ့သို့ အပစ်ရပ်ထားသောစစ်မြေပြင်တွင် တနေရာရာတွင် တိုက်ပွဲဖြစ်ပွါးသည်နှင့် ဒေသအားလုံးရှိတပ်အားလုံးကို အသင့်အနေအထားသို့ တပ်လှန့်ထားသည်ဖြစ်ရာ ညှိနှိုင်းမရပါက ထိုတနေရာထဲတွင် တိုက်ပွဲဖြစ်ပွါးနေမည်မဟုတ်ဘဲ စစ်ပွဲသည် ရခိုင်ပြည်နယ်တခုလုံးသို့ လျင်မြန်စွာပျံ့နှံ့သွားနိုင်ပေသည်ဟု သုံးသပ်ရပေသည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar