Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၉ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၉ ရက်မြောက်နေ့ မြင်ကွင်း
နိုဝင်ဘာ ၁၀၊ ၂၀၂၁

• သတင်းမှားများ အချက်အလက်မှားများနဲ့ကမ္ဘာ 
လူအများစုက ဆိုရှယ်မီဒီယာကို ဆက်သွယ်ရေးအတွက်၊ သတင်းအချက်အလက်ရရှိဖို့ရာအတွက် ပထမဆုံးဝင်ပေါက်သဖွယ် ဖုန်းစဖွင့်ချိန် ကွန်ပျူတာစဖွင့်ချိန်မှာ စဝင်ပြီးမှ အခြားသော အက်ပလီကေးရှင်းတွေ အီးမေးလ်တွေကို စစ်ဆေးကြတဲ့ခေတ်မှာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းဟာ တန်ဖိုးရှိတဲ့သတင်းတွေ ကိုယ်တိုင်တွေ့ကြုံရသူတွေရဲ့ ပြန်ပြောပြချက်တွေ ရနိုင်တဲ့နေရာဖြစ်နေချိန်မှာပဲ တဖက်မှာလည်း ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လူတွေကို လှည့်စားမယ့်သူတွေ၊ သတင်းမှားတွေ ပေးမယ့်သူတွေ ဝါဒဖြန့်ချိရေး လုပ်မယ့်သူတွေ အဖွဲ့အစည်းတွေ နေ့စဥ်လိုလို အလုပ်တာဝန်တရပ်သဖွယ်လုပ်ကိုင်ပြီး ဖြန့်ချိနေကြမှာ ဖြစ်ပါတယ်။ 

ခုရက်ပိုင်း သတင်းမှားတွေနေ့တိုင်းလိုလို မြန်မာနိုင်ငံမှာ အသုံးများဆုံး ဆိုရှယ်မီဒီယာဖြစ်တဲ့ ဖေ့စ်ဘွတ်မှာတက်လာနေတာ ဖြစ်ပါတယ်။ ဒီနေ့မနက်မှာ တက်တဲ့သတင်းမှားက ပြန်ဝန်ဟောင်း ဦးရဲထွဋ်ကို တနေ့ကရေးတဲ့ ဘောင်းဘီပြင်ဆိုင်အကြောင်း အက်ဆေးကြောင့် လာရောက်ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ 

သတင်းမှားဖန်တီးတဲ့သူတွေက အများလည်း စိတ်ဝင်စားတဲ့အကြောင်းအရာ ယုံလောက်တဲ့ အဆက်အစပ်လည်း ရှိတဲ့အခါမျိုးမှာ ဝါဒဖြန့်သတင်း စစ်ဆင်ရေး သဖွယ်ဖန်တီး ဖြန့်ချိတတ်ကြပါတယ်။ ဒီလိုသတင်းမှားမျိုးကို သတင်းဌာနလို့ အမည်ပေးထားတဲ့ ပေ့ချ်တွေထံမှ ပထမဆုံးဖေါ်ပြကြတာမဟုတ်ပဲ တဦးချင်း အကောင့်လိုမျိုး သတင်း ဖေ့စ်ဘွတ်ဂရုလိုမျိုးမှာ ပထမဆုံး သတင်းရေးသားတဲ့ပုံစံနဲ့ စတင်လိုက်ပြီး နောက်မှာ အွန်လိုင်းပေါ်က သတင်းဌာနလို့ အမည်ပေးထားပေမယ့် သတင်းဌာနစစ်စစ်မဟုတ်တဲ့ ပေ့ချ်တွေက စတင်ဖြန့်ချိကြပြီး နာရီပိုင်းအတွင်း ထောင်သောင်းချီ ပြန့်နှံ့သွားကြတာ တွေ့ရပါတယ်။ 

ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေမှာ စာ၊ အရုပ်၊ ဗီဒီယိုဖိုင်အမျိုးအစားတွေကို အခမဲ့တင်နိုင်ကြတဲ့ အခုလိုခေတ်မှာ လူကြည့်များအောင် ဆိုရှယ်မီဒီယာစကားနဲ့ဆို engagement များအောင် လူတွေကို ဆွဲဆောင်နိုင်မယ့်အကြောင်းအရာမျိုး ခေါင်းစဥ်မျိုးတွေကို ပိုဦးစားပေး တင်ကြပါတယ်။ 

သတင်းဌာနလို့ အမည်ခံထားပေမယ့်လည်း တကယ့်သတင်းဌာနစစ်စစ်တွေ လို သတင်းအစအန တခုသိရပြီး ဒီသတင်းအစအနဟာ သတင်းဖြစ်တယ်လို့ ယူဆရင် ကိုယ်တိုင်အတည်ပြုချက်ယူတာ စစ်ဆေးတာတွေ လုပ်ကြရတာ ဖြစ်ပါတယ်။ 

အွန်လိုင်းပေါ်မှာ ဆိုရှယ်မီဒီယာပေါ်က သတင်းတွေ ဓါတ်ပုံတွေနဲ့ပဲ သတင်းအဖြစ် ပြန်ရေးတာမျိုးလုပ်နေတာ ဒါမှမဟုတ် ကိုယ့်ဌာနရဲ့ သတင်းထောက်လည်းမဟုတ်၊ ပုံမှန်ဆက်သွယ်နေကျ လွတ်လပ်တဲ့သတင်းရင်းမြစ်လည်းမဟုတ်တဲ့ တယောက်ယောက်က သတင်းဌာနကို အသုံးချပြီး သူပျံ့နှံ့ စေချင်တဲ့ အချက်အလက်ကို ပျံ့နှံ့စေဖို့ ရည်ရွယ်ချက်နဲ့ပေးပို့လာတဲ့ သတင်းအချက်အလက်တွေကိုသာ အားကိုးပြီး သတင်းတပုဒ် ထုတ်လုပ်ဖေါ်ပြတာမျိုးဟာလည်း လွတ်လပ်တဲ့ သတင်းဌာန လို့အမည်ခံဖို့ မသင့်ပါဘူး။ ဆိုရှယ်မီဒီယာရဲ့ aggregator သဖွယ်သာ ဖြစ်ပါလိမ့်မယ်။ 

ဒီနေ့ခေတ်ကာလမှာ ဆိုရှယ်မီဒီယာမှာ မြန်မာဘာသာနဲ့ သို့မဟုတ် အင်္ဂလိပ်ဘာသာနဲ မြန်မာသတင်းတွေကို ဖေါ်ပြနေကြတဲ့ပေ့ချ်ပေါင်း ထောင်နဲ့ချီရှိကြပါတယ်။ အဲဒီအထဲမှာ ဘယ်ဟာတွေက တကယ့်သတင်းဌာနလဲ ဘယ်ဟာတွေက ကွန်ပျူတာပေါ်ကသာ အလုပ်လုပ်တဲ့ အမည်ခံ သတင်းဌာနလဲ ဆိုတာ ခွဲခြားနိုင်ဖို့ မလွယ်ပါဘူး။ 

သတင်းမီဒီယာနဲ့ပတ်သက်လို့ တော်ရုံ အတွေ့အကြုံရှိသူ ဒီနယ်ပယ်နဲ့ နီးစပ်သူတွေတောင် တခါတရံမှားယွင်း ယုံကြည်မိကြတာမျိုး ဖြစ်တတ်ကြတာပါ။ 

ဒီနေရာမှာ သတင်းမှားတွေရဲ့သဘာဝ သူတို့ရှိနေတဲ့ ပလက်ဖောင်းတွေ သူတို့ရဲ့ သဘာဝတွေအကြောင်း အနည်းအကျဥ်းမိတ်ဆက် ရှင်းပြရတဲ့ ရည်ရွယ်ချက်က အရေးတော်ပုံနဲ့ဆက်စပ်ပြီး ပြောချင်လို့ ဖြစ်ပါတယ်။ 

တိကျတဲ့ သတင်းအချက်အလက်၊ စစ်ဆေးအတည်ပြုပြီး မှန်ကန်တဲ့အချက်အလက်ဟာ လူတဦးချင်းစီအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာ ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ အရေးကြီးသလို  ခိုင်မာတဲ့အချက်အလက်မဟုတ်တာပေါ် အခြေခံပြီး စဥ်းစားဆုံးဖြတ်ကြရင် အဖြစ်မှန်နဲ့ ဝေးကွာလာပြီး အောင်မြင်မှုနဲ့ ကင်းဝေးသွားဖို့ အန္တရာယ်ရှိတာကို သတိပြုကြဖို့ လိုအပ်တာဖြစ်ပါတယ်။ 

သတင်းမီဒီယာတွေမှာ ဖေါ်ပြနေတဲ့ သတင်းတွေချည်းကို အားကိုးအားထားပြုနေတာမျိုးထက် ဖြစ်နိုင်ရင် မိမိတို့အဖွဲ့အစည်းအနေနဲ့ နေ့စဥ် မိမိတို့ဘာသာ အချက်အလက်စုစည်းတာမျိုးကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ သတင်းမီဒီယာတွေအနေနဲ့ အခုလိုကာလမှာ ဘက်ပေါင်းစုံအောင် မေးမြန်း အတည်ပြုဖို့ ခက်ခဲလာတဲ့ အခြေအနေမျိုးကြောင့် သတင်းမီဒီယာက အချက်အလက်တွေက စစ်ဆေးအတည်ပြုပြီး ခိုင်မာတဲ့အချက်အလက်တွေ ပိုနည်းပါးလာနေတာလည်း ဖြစ်ပါတယ်။ 

တဖန် သတင်းဌာနလို့ အမည်ခံထားတဲ့ စိတ်ဓါတ်စစ်ဆင်ရေး သတင်းပေ့ချ်တွေ ဝက်ဆိုက်တွေ ယူကျု့အကောင့်တွေလည်း အများအပြားရှိလာတာကြောင့် အွန်လိုင်းပေါ်က သတင်းအချက်အလက်တွေနဲ့ မဟာဗျူဟာ နည်းဗျူဟာချမှတ်တာ ဆုံးဖြတ်တာတွေ မလုပ်မိဖို့ အလွန်အရေးကြီးတယ်လို့ ထင်ပါတယ်။ 

ဝါဒဖြန့်ချိရေးဆိုတာ ဘယ်အဖွဲ့အစည်းမဆို ရှိကြတာပဲလို့ စောဒက တက်ကောင်း တက်ပါလိမ့်မယ်။ ၀ါဒဖြန့်ချိရေးရှိကြတာသဘာဝမို့လို့ ရှိတာဟာ အငြင်းပွားစရာမဟုတ်ပေမယ့်လည်း အဲဒီလို ဝါဒဖြန့်ချိရေးတွေက အချက်အလက် ဆိုရှယ်မီဒီယာပေါ်က အချက်အလက်တွေပေါ် အမှီပြုပြီး အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက် မူဝါဒ၊ လုပ်ငန်းတွေကို မဆုံးဖြတ်မိဖို့ အရေးကြီးကြောင်း ထောက်ပြလိုခြင်း ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar