အောင်သူငြိမ်း - လာမယ့်နှစ်မှာ စောင့်ကြည့်ရမယ့် လားရာ (၁၀) ခု
(မိုးမခ) နို၀င်ဘာ ၁၀၊ ၂၀၂၁
The Economist မဂ္ဂဇင်းမှာဖော်ပြထားတဲ့ Ten trends to watch in the coming year (လာမယ့်နှစ်မှာ စောင့်ကြည့်ရမယ့် လားရာ ၁၀ ခု) ဆောင်းပါး ဖတ်ရတယ်။ စိတ်ဝင်စားမယ်ထင်လို့ မျှဝေလိုပါတယ်။ ရေးတဲ့သူကတော့ The World Ahead 2022 စီမံချက်ကိုဦးဆောင်သူ Tom Standage တွမ် စတန်းဒိတ်ချ်ပါပဲ။
ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ခုနှစ်တွေမှာတော့ ကိုဗစ်-၁၉ ကပ်ဘေးကြီး ကြုံခဲ့တယ်။ အခုတော့ ကိုဗစ်အလွန်ကာလ ခေါ်နိုင်မလား၊ ၂၀၂၂ မှာ ဘာတွေ ဖြစ်လာနိုင်သလဲ သုံးသပ်ထားတာပါပဲ။
၁။ ဒီမိုကရေစီ - အာဏာရှင်စနစ် အားပြိုင်မှု
အခု စိတ်ဝင်စားစရာက အမေရိကန်ပြည်ထောင်စု ကြားကာလရွေးကောက်ပွဲများ (mid-term elections) နဲ့ တရုတ်နိုင်ငံက ကွန်မြူနစ်ပါတီ ကွန်ဂရက်ပဲ။ ပြောရရင် အပြိုင်စနစ် ၂ ခုအခြေအနေကို ဖော်ပြနေတယ်။ ဘယ်စနစ်က တည်ငြိမ်မှု၊ ဖွံ့ဖြိုးမှု၊ တီထွင်ဆန်းသစ်မှုတွေကို ပိုဆောင်ကျဉ်းနိုင်မလဲ။ ပြောရရင် ကိုဗစ်-၁၉ က ကမ္ဘာကြီးတခုလုံးအတွက် အာဏာရှင်စနစ်ကို ပိုအားကောင်းလာစေသလား၊ ဒီမိုကရေစီစနစ်ကို ပိုအားကောင်းလာစေမလား၊ ဆွေးနွေးချက်တွေလည်း ဖတ်ရတာတွေ ရှိခဲ့တယ်။ ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ အမေရိကန်ပြည်ထောင်စုမှာ “လူမဲတွေအသက်လည်း အရေးကြီးပါတယ်” (Black life matters.) ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တယ်။ ဥရောပမှာလည်း ဆန္ဒပြပွဲတွေ ဖြစ်ခဲ့။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ဘုရင်စနစ် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေဖြစ်ခဲ့။ မြန်မာနိုင်ငံမှာလည်း အားလုံးအသိ။ နွေဦးတော်လှန်ရေးတွေ ဖြစ်ခဲ့။ ဒါပေမယ့် ကိုဗစ်-၁၉ ကာလမှာ အစိုးရတွေက အာဏာအပြည့်နဲ့ ဘဏ္ဍာသုံးနိုင်တာ၊ အမိန့်တွေထုတ် ချုပ်ချယ်ခြေချုပ်လုပ်နိုင်တာ၊ ပြစ်မှုသေးသေးလေးတွေနဲ့ဖမ်းဆီးနိုင်တာ (ဥပမာ- Mask မတတ်လို့၊ ညထွက်လို့၊ နယ်ကျော်လို့) အစိုးရကြီးတွေဖြစ်လာပြီး အာဠာဝက အစိုးရတွေများ ဖြစ်လာမလား ပူပန်ခဲ့ကြတာကိုလည်း ဖတ်ရတယ်။
အမေရိကန်ပြည်ထောင်စုမှာဆို ရွေးကောက်ပွဲအပြီး ထရမ့်လိုလားသူတွေက ရုန်းရင်းဆန်ခတ် လွှတ်တော်တက်သိမ်းတာတွေ အထိ ဖြစ်ခဲ့တယ်။ ဗြိတိန်ကလည်း ဥရောပကခွဲထွက် Brexit ဆိုပြီး ဖြစ်ခဲ့။ အခုတော့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီမိုကရေစီအလံလွှင့်ပြီး အင်အားပြန်စုနေတယ်။ အမေရိကန်ကိုယ်၌က ခပ်ယိုင်ယိုင်၊ ပြည်တွင်းအကွဲအပြဲတွေနဲ့။ နိုင်ငံတကာအရေးမှာလည်း တလောကပဲ အာဖဂန်နစ္စတန်က ပြန်ဆုတ်ခဲ့ရတာ သိပ်ရှိုးမကျလှဘူး။ အဲဒီတော့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ဒီမိုကရေစီ အရောင်တက်လာမလား၊ အာဏာရှင်တွေ တစခန်းထလာမလား။ မေးစရာ။
၂။ ကပ်ဘေးမှသည် ရာသီပေါ် ကူးစက်မှုသို့ (From Pandemic to endemic)
ကာကွယ်ဆေး၊ ကုသဆေးတွေ ပေါ်လာတယ်။ Covid-19 ဟာ လူသေစေတဲ့ ရောဂါတခုမဟုတ်တော့ဘူး ဖြစ်လာမယ်။ အရင်ကာလတုန်းက HIV ကိုယ်ခံအားကျရောဂါဆိုရင် ကုရာနတ္တိဆေးမရှိဆိုပြီး ကြောက်ကြရတယ်။ အခုတော့ အဲသလို သိပ်မကြောက်ကြတော့သလိုပေါ့။ ဒါပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်တော့ ခြိမ်းခြောက်နေတုန်းပဲ။ The Economist မှာပဲ ရေးတယ်။ ကမ္ဘာကြီးမှာ ကာကွယ်ဆေးထိုးပြီးသူနဲ့ မထိုးရသေးသူ (Jab and Jab-not) ဆိုပြီး အက်ကြောင်းကြီး ဖြစ်လာမယ်တဲ့။ ဆိုလိုတာက ကာကွယ်ဆေးကောင်းကောင်းထိုးထားတဲ့နိုင်ငံတွေက တံခါးတွေ ဖွင့်၊ စီးပွားတွေစလုပ်။ မထိုးရသေးတဲ့ နိုင်ငံတွေက လုံးချာလည်။ လူတဦးချင်းအဆင့်မှာလည်း အဲသလိုပဲ။ ဆင်းရဲသူတွေကို ပိုထိခိုက်စေမယ်။
၃။ ငွေကြေးဖောင်းပွမှု ပူစရာ
အဓိက ပြဿနာကတော့ စွမ်းအင်လောင်စာ ဈေးတွေ တက်နေတာရယ်၊ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း (supply-chain disruptions) အထစ်အငေါ့တွေ ရှိနေတာကြောင့်ပါ။ ဒါကြောင့်ပဲ ကုန်ဈေးနှုန်းတွေ တက်ရတယ်။ ဗဟိုဘဏ်တွေ ကတော့ ပြောတယ်။ေ ယာယီပါပေါ့။ လူတွေက ယုံကြတယ်။ ဗြိတိန်နိုင်ငံဆိုရင် Brexit ဥရောပက ထွက်ထားတော့ အခု အခါ လုပ်သားရှားပါးမှုတွေလည်း ကြုံနေရတယ်။ ဈေးကြီးနေတဲ့ သဘာဝဓာတ်ငွေ့အပေါ် မှီခိုနေရတယ်။
၄။ အလုပ်များရဲ့ အနာဂတ် (The future of work)
လူအများ သဘောတူကြတာတော့ အနာဂတ် အလုပ်တွေဟာ စပ်ကြား (hybrid) ဖြစ်နေဦးမယ်။ လူအများက အိမ်တွေကနေ အလုပ်လုပ်နေရဦးမယ်။ (work from home). ဒါပေမယ့် အသေးစိတ်တွေ ညှိနှိုင်းရမှာ ရှိသေးတယ်။ အိမ်ကနေ အလုပ် လုပ် မလုပ်ကို ဘယ်လိုစောင့်ကြည့်သုံးသပ်မှု လုပ်မှာလဲ။ ဘယ်လို လစာနှုန်းထား သတ်မှတ်မှာလဲ။ ဘယ်နှရက် အိမ်ကလုပ်၊ ဘယ်ရက်တော့ ရုံးတက် စသည်ဖြင့်....။ အမျိုးသမီးအများစုက အိုးမကွာ အိမ်မကွာ အလုပ်လုပ်တာကို လိုချင်ကြတယ်။ ဒါဆို သူတို့ရာထူးတက်ရေး အခက်အခဲဖြစ်နိုင်သလား။ အခွန်အကောက် (Tax) ကရော ဘယ်လို ကောက်မှာလဲ။
မြန်မာပြည် ကိုဗစ်ကပ် အစမှာ ကျနော်တို့ရုံးတွေ work from home ဖြန့်ခွဲလိုက်ကြတယ်။ အိမ်ကနေလုပ်။ အဲဒီအခါ လစာတွေလည်း လျှော့ယူကြတယ်။ ဒါပေမယ့် အချိန်တန်လို့ အခွန်ရုံးနဲ့ ဆက်သွယ်ဖို့ဖြစ်လာတယ်။ ရုံးက တာဝန်ကျဝန်ထမ်းသွားမေးတော့ အခွန်ရုံးအရာရှိက ပြောတယ်။ “ခင်ဗျားတို့ပဲ ပိတ်ထားတာလေ၊ ကျနော်တို့က ဖွင့်ထားတာပဲ။ အခွန်ပေးရမှာက ပေးရမှာပဲ” တဲ့။ အဲသလို အခွန်ကောက်တဲ့စနစ်တွေ ပြောင်းလွယ်ပြင်လွယ်နဲ့ အခြေအနေသစ်ကို နားလည်ပါ့မလား ဒါလည်းမေးစရာပဲ။
၅။ Tech Lash
စာလုံးသစ် ထွင်ထားတာ။ Backlash ရည်ရွယ်လုပ်တာတခု၊ ပြန်သက်ရောက်မှုက တခြားတခု ဖြစ်ရတာမျိုး။ အခုလည်း အမေရိကန်ပြည်ထောင်စု အပါအဝင် တရုတ်၊ ဥရောပနိုင်ငံတွေက နည်းပညာကုမ္ပဏီတွေကို ပြန်ထိန်းချုပ်ဖို့ ကြိုးပမ်းနေကြတယ်။ Facebook တို့လိုမျိုး ပြန်ထိန်းချုပ်ဖို့ ကြိုးစားနေကြတယ်။ အင်အားကြီးတွေ ဖြစ်လာနေတယ်။ သူတို့ ကြီးထွားမှုနဲ့အမြတ်တွေ သိပ်များနေတယ်။ တရုတ်မှာလည်း တလောက နည်းပညာ အင်အားကြီးကုမ္ပဏီတွေကို ပြန်ထိန်းချုပ်တယ်။ ရည်ရွယ်ချက်က တမျိုး၊ သက်ရောက်မှု ပြန်ဖြစ်လာတာက တမျိုး။ သူတို့က ဂိမ်းကုမ္ပဏီတွေလိုမျိုးဟာတွေကို ထိန်းချုပ်ချင် တာမဟုတ်ဘူး။ Deep tech လို့ခေါ်တဲ့ နည်းပညာမြင့် အင်အားကြီးတွေကို ထိန်းချင်တာ။
၆။ ခရစ်ပ်တို ငွေကြေး ကြီးထွားမှု
မျှော်လင့်မထားတဲ့ ရုပ်ချည်းပြောင်း နည်းပညာတွေလိုပဲ၊ ခရစ်ပ်တိုငွေကြေးက ခေတ်စားလာတယ်။ အချို့က တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ချုပ်ဖို့ ကြိုးစားနေတာ ရှိသလို၊ ဗဟိုဘဏ်တွေကလည်း ဗဟိုဘဏ်ချုပ်ကိုင်တဲ့ ဒစ်ဂျစ်တယ်ငွေကြေး (CBDC) တွေနဲ့ ပြန်ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာ နိုင်ငံ ၅၀ လောက် ရှိနေတယ်။ ခရစ်ပ်တိုငွေကြေးက အတော့်ကိုပေါ်ပြူလာဖြစ်နေတယ်။ လာမယ့်ကာလတွေမှာ ငွေကြေးဆိုင်ရာတိုက်ပွဲက ခရပ်စ်တိုငွေကြေး- ဘလော့ချိန်း- Defi ပရိသတ် (ဒီနေရာမှာ ဝေါဟာရသစ်ပါ ပေါ်လာတယ်။ Decentralized Finance ဗဟိုချုပ်ကိုင်မှု မရှိထားတဲ့ ငွေကြေး-- ဒါကို Defi လို့ ခေါ်လာကြတယ်။) သမားရိုးကျ နည်းပညာ ကုမ္ပဏီများနဲ့ ဗဟိုဘဏ်များအကြား အားပြိုင်မှုတွေ ဆက်ကြည့်ရမယ်။ ၂၀၂၂ အတွင်းမှာ ပိုပြင်းထန်လာမယ်။
၇။ ဥတုကပ်ဘေး
ရာသီဥတု ဖောက်ပြန်မှုက ကြောက်စရာဖြစ်လာတယ်။ ကမ္ဘာကြီးရဲ့အပူချိန်ဟာ ၁၉ ရာစုကတည်းက ၁.၁ ဒီဂရီ ဆဲလ်စီးယပ် (၂ ဒီဂရီ ဖာရင်ဟိုက်) မြင့်တက်နေခဲ့ပါပြီ။ ကမ္ဘာကြီးဖြစ်တည်မှု နှစ်တသိန်းအတွင်းမှာ အမြင့်ဆုံးအနေအထားကို ရောက်နေပါပြီ။ ဒီအထက်ကို ၂ ဒီဂရီ ဆဲလ်စီးယပ်စ် တက်ရင်ပဲ အပြောင်းအလဲတွေ များစွာဖြစ်နိုင်ပါတယ်။ အကယ်၍ ၂၀၂၀ ခုနှစ် ဟိုမှာဖက်ပိုင်းမှာ ကမ္ဘာကြီးရဲ့ ကာဘွန်ထုတ်လွှတ်မှုကို ၄၀၀ ဂစ်ဂါတန်မှာထိန်းသိမ်းထားနိုင်ရင် ကမ္ဘာကြီးက အပူချိန်မြင့်တက်မှု ၁.၅ ဒီဂရီ ဆဲလ်စီးယပ်မှာ ထိန်းထားနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကာဘွန်ထုတ်လွှတ်မှု နှစ်စဉ် ၃၀ ကနေ ၄၀ ဂစ်ဂါတန်နှုန်းအတိုင်းသွားနေမယ်ဆိုရင်တော့ နောက်လာမယ့် ၁၀-နှစ်ထဲနဲ့ ဒီအပူချိန် ၁.၅ ဒီဂရီ ဆဲလ်စီးယပ် ဆိုက်ရောက်သွားတော့မှာ ဖြစ်ပါတယ်။ ဒီအချက်ကို တလောက (ဩဂုတ်လ ၉ မှာ ထုတ်ပြန်တဲ့) ဥတုဘေး ဖောက်ပြန်ပြောင်းလဲမှု ဆွေးနွေးပွဲ Inter-governmental Panel on Climate Change (IPCC) မှာ ဖော်ပြထားတာ။
ဘာပဲဖြစ်နေနေ၊ အမေရိကန်နဲ့တရုတ်က ဥတုဘေးအတွက်တော့ ပူးပေါင်းဆောင်ရွက်မှရမယ်။ ကာဘွန်လျော့ချရေး နည်းပညာအသစ်တွေလည်း ပေါ်လာနိုင်တယ်။ နည်းပညာအသစ် တွေ့သူတော့ ထောပြီပေါ့။ နောက် ၁၀-နှစ် ၂၀၃၀ လို့ပြောရင် ကျနော်က မသေသေးရင်တောင် အတော်အိုနေပြီ။ ဒါပေမယ့် ကျနော့်သမီးတွေ မျိုးဆက်ကတော့ အတော်ခံရနိုင်တယ်။
၈။ ခရီးသွားလုပ်ငန်း
ကိုဗစ်-၁၉ ကပ်ဘေးမှာပဲ ခရီးသွားလုပ်ငန်း၊ ဟိုတယ်၊ လေကြောင်းလိုင်းတွေကို အတော်အထိနာစေခဲ့ပြီ။ အချို့နိုင်ငံတွေက ကိုဗစ်-သုည (Zero-covid) မူဝါဒ ကျင့်သုံးနေတယ်။ (နယူးဇီလန်၊ ဩစတြေလျ)။ ဒါပေမယ့် ဖွင့်လို့ရတဲ့နိုင်ငံတွေက ပြန်ဖွင့်ဖို့ ရုန်းကန်နေကြတယ်။ ခရီးသွားကြတာ ကောင်းပါတယ်။ မလွယ်သေးဘူး။
၉။ အာကာသ ပြိုင်ပွဲ
၂၀၂၂ မှာတော့ အာကာသ ပြိုင်ပွဲကို ကြည့်ရမယ်။ လူတွေက အာကာသကို ပိုသွားလာကြမယ်။ အာကာသ တိုးရစ်လုပ်ငန်းလို့ ဆိုနေကြသူတွေတောင် ရှိသေးတယ်။ ကျနော်တို့နိုင်ငံလည်း အားကျမခံ၊ လကမ္ဘာကို ပျားရည်ဆမ်းထွက်မယ်တွေ ကြားခဲ့ရသေး။ အကြောင်းကတော့ အာကာသကို သွားတဲ့စရိတ် အတော်သက်သာသွားတယ်။ တရုတ်က အာကာသစတေရှင်တခုဆောက်နေတာ ပြီးတော့မယ်။ မှတ်မိဦးမယ်။ အမေရိကန်ပြည်ထောင်စုကလည်း အာကာသတပ်ဖွဲ့တွေတောင် ဖွဲ့ထားလိုက်သေးတယ်။ နောက်ဆို စစ်ပွဲတွေ အာကာသမှာလည်း တိုက်ကြမယ်ထင်တယ်။
၁၀။ အားကစား နိုင်ငံရေး
ဆောင်းရာသီ အိုလံပစ်က တရုတ်နိုင်ငံမှာ ဘေဂျင်းမှာ ကျင်းပမယ်။ ကမ္ဘာ့ဖလားဘောလုံးပွဲက ကွာတာနိုင်ငံမှာ ကျင်းပမယ်။ ဘာတွေပဲဖြစ်နေနေ နိုင်ငံရေးအခြေခံ ကန့်ကွက်တာတွေက လာဦးမယ်။ အိမ်ရှင်နိုင်ငံတွေကတော့ သပိတ်မှောက်ခံကြရဦးမယ်။
ဒီအချက်တွေကို ၂၀၂၂ မှာ စောင့်ကြည့်ရမယ့် ကိစ္စတွေအဖြစ် ဖော်ပြထားတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar